လူပုဂ္ဂိုလ်၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုပညာစသည့် အကြောင်းအရာမျိုးစုံကို အမိအရ တို့ထိထားသည့် ဆရာဖိုးသော်တာ၏ စာပေစုစည်းမှုလက်ရာဖြစ်ပါသည်။
တိတ်ခွေကာလအလွမ်းအက်ဆေး(တိတ်ပြားပေါ်က ဂီတသံများ)နှင့် စာအုပ်အငှါးဆိုင်များကိုတမ်းတလွမ်းဆွတ်သည့် အက်ဆေး(ဟေမန်ပွင့်များအား တမ်းတခြင်း)အပါအဝင် ခေါင်းစဉ် အခုနှစ်ဆယ်ခွဲခြားထားပြီး
ဒဂုန်တာရာ၊ ဝင်းဦး၊ ဦးဝင်းတင်၊ မင်းမင်းလတ်၊ အောင်သင်းမှသည် လေထီးဦးအုန်းမောင်၊ ဦးထွေးမြင့်၊ သခင်အုန်းမြင့်၊ မင်းသားကြီးဦးအောင်ကို၊ လှမိုး(ပညာရေး)၊ စန္ဒယားသိမ်းမောင်၊ ဘိုင်အိုမင်းသစ် စသူတို့အကြောင်းများ ပါဝင်ပါသည်။
ခိုင်ထူး၊ ဒေဗီ၊ စောလင်းအောင်နှင့် ပါပီယွန်တို့အကြောင်းများလည်း ပါဝင်ပါသည်။
စာရေးသူအနေဖြင့် မှတ်မှတ်ရရရှိနေမည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအကြောင်းနှင့် သူမေ့မရနိုင်သည့် သူငယ်ချင်းများအကြောင်းလည်း ပါပါသည်။
စာရေးသူကိုယ်တိုင် တွေ့မြင်ကြားသိရသည့် ရှုထောင့်မှ ထိထိမိမိ လိုတိုရှင်း ရေးဖွဲ့တင်ပြထားခြင်းဖြစ်ရာ လူသိများထင်ရှားသည့် ပုဂ္ဂိုလ်ကျော်များ၏ လူသိသိပ်မများလှသေးသော (သို့သော် ခေတ်နှင့်ထင်ဟပ်ပြီး အရေးပါအရာရောက်အောင် အင်အားကြီးမားခဲ့သည့်) အကြောင်းအရာများကို ဖတ်ရှုရင်း ဆွတ်ပျံ့ဖွယ်၊ လွမ်းမောအောက်မေ့ဖွယ်၊ ဂုဏ်ယူလေးစားဖွယ်၊ အတုယူအားကျဖွယ်၊ သံဝေဂရဖွယ်အကြောင်းခြင်းရာများကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပါသည်။
ဆရာဖိုးသော်တာ၏ လူတစ်ယောက်၏ ကောင်းကင်များစာအုပ်တွင် ဋီကာချဲ့မှုများ၊ အလွန်အကျူးချီးကျူးမှုများ သိပ်မပါဘဲ ရိုးသားစွာ ရေးဖွဲ့ထားမှုကြောင့် (ဒဂုန်တာရာ၊ ဝင်းဦး၊ အောင်သင်း၊ ဦးဝင်းတင် စသူတို့အကြောင်းများကို ဖန်တရာတေအောင် သိရှိပြီးဖြစ်သည့်တိုင်) ဖတ်ရတာ နှစ်ခြိုက်ဖွယ် ကောင်းနေပြန်ပါသည်။
ဆရာဖိုးသော်တာ၏ စာအုပ်ကိုဖတ်ပြီး ကျွန်တော်တို့ကောင်းကင်မှာ တဝင်းဝင်း တဖျပ်ဖျပ် ပြိုးပြက်ကာ နေ့ညမရွေး အမြဲလင်းလက်တောက်ပနေသည့် ကြယ်ပွင့်ကြီးတွေ များစွာ ရှိကြောင်း တွေ့ရပါသည်။ သို့ဖြစ်ရာ ကျွန်တော်ကတော့ စိတ်အားတက်ကြွမှု၊ ဂုဏ်ယူမှု၊ စိတ်လုံခြုံမှုများကို အစဉ်ပေးနေသော ထိုကောင်းကင်ကြီးအား တမ်းတလွမ်းဆွတ်သည့်စိတ်ဖြင့် နှစ်သက်မြတ်နိုးစွာ ခဏခဏ မော့်ကြည့်နေမိတော့မည်မှာ ဧကန်ပင်ဖြစ်ပါသည်။ ။
#Aung Aung Htwe
Publisher Name: နှစ်ကာလများ
Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈
Publisher Phone Number: 09 254848048