ဒေါက်တာမြင့်ဇော်၊ နွဲ့ကေခိုင်
လူသတ်ကွင်းများ၊ ဘိုပါ့နာ့
သာလာယံ စာအုပ်တိုက်၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - မြင့်မောင်ကျော်။
၁၀.၁ စင်တီမီတာ x ၁၇ စင်တီမီတာ။
စာမျက်နှာ - ၁၆၀၊ တန်ဖိုး - ကျပ် ၁၀၀၀။
'' သမိုင်းဖြစ်ရပ်ဆိုးများ လေ့လာရေးစာစဉ် '' အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
အမှာစာ နှင့် အခန်း ၅ ခန်းပါရှိသည်။ ခမာနီ ကမေ ္ဘာဒီး ယား နောက်ခံသမိုင်း၊ ဘိုပါ့နာ့၊ ခမာနီ လူသတ်ကွင်း များသို့ ခရီး၊ ယောက်ချန်၊ သာမန်ပြည်သူများမှသည် ဂျီနိုဆိုက်လူသတ်ကောင်များ အဖြစ်သို့ စသည့် အခန်း ၅ ခန်းဖြစ်ပြီး မှတ်တမ်း ဓာတ်ပုံများလည်း ပါရှိသည်။
'' ဂျီနိုဆိုက် ဟူသည်မှာ နေရာဌာနမရွေး၊ ယဉ်ကျေးမှုနောက်ခံ မရွေး ဖြစ်ပွားနိုင်သောအရာဟူ၍ ပညာရှင်များက သတိပေးကြပါသည်။ '' အားလုံးဟာ လူသား မျိုးနွယ် တစ်ခုတည်းကပဲ '' ဟူသောအမြင် ပျောက်ဆုံး သွားသောအခါ ဂျီနိုဆိုက် ဖြစ်ပွားလေ့ရှိပါသည်။ လူတို့ သည် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ဟူသော အစုအဖွဲ့ အမျိုးမျိုးဖြင့် ဖြစ်တည်နေကြခြင်းဖြစ်ပါသည်။ တစ်ဦးနှင့် တစ်ဦး ဖြစ်တည်မှုတူသည့် လူသားဟု မမြင်ဘဲ အစု အဖွဲ့အမှတ်တံဆိပ်များဖြင့်သာ ကြည့်မြင်တိုက်ခိုက်နေ ကြလျှင် လူ့အဖွဲ့အစည်းထဲတွင် ငြိမ်းချမ်းရေးကို ရှာတွေ့ ရန် ခက်ခဲပါလိမ့်မည်။'' ( စာမျက်နှာ ၆ မှ ) ဟု '' အမှာ စာ'' တွင် ဖော်ပြထားသည်။
ကမေ ္ဘာဒီယားနိုင်ငံအား ခမာနီတို့အုပ်ချုပ်ခဲ့သည့် ၃ နှစ် ၈လ နှင့် ရက်ပေါင်း ၂၀ အတွင်း လူပေါင်း ၃ သန်းကျော်ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော တူးဆလန်းအကျဉ်းစခန်းတစ်ခုတည်း၌ပင် အကျဉ်းသားပေါင်း တစ်သိန်းလေးသောင်းရှိသည့် အနက် ၇ ဦးသာ အသက်ရှင်ကျန်ရစ်သည်ဟု ဆိုသည်။
'' လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တာ ဒီနေရာမှာ ပထမဆုံး အကြိမ် မဟုတ်ပါဘူးဗျာ။ ဒါပေမဲ့ ဒီနေရာမှာ ဒါတွေဖြစ်ခဲ့မယ်လို့ ကျွန်တော် ဘယ်တုံးကမှ မတွေးခဲ့ မိဘူး။ ဒါတွေဟာ တကယ့်အဖြစ်တွေဗျ။ ဘယ်နေရာ မှာမဆို ဖြစ်လာနိုင်သေးတာပဲ။ နာဇီတွေလက်အောက် ဂျာမနီမှာ ဖြစ်ခဲ့တယ်။ စတာလင်လက်အောက် ရုရှား မှာဖြစ်ခဲ့တယ်။ တရုတ်နဲ့ ရဝမ်ဒါမှာ ဖြစ်ခဲ့တယ်။ အမေ ရိကန်တွေကလည်း ဌာနေတိုင်းရင်း သားတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တာပဲ။ ပြီးတော့ အာဂျင်တီးနားမှာ ဖြစ်ခဲ့တယ်။ ချီလီမှာ ဖြစ်ခဲ့တယ်။ကြောက်စရာကောင်း တာက ဒါမျိုးတွေ ထပ်ဖြစ်နေနိုင်သေးတာပါပဲ။ ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကို ကြည့်ပါ။ ကျွန်တော်တို့ အတိတ်ကို လူကြီးမင်း ရင်ထဲမှာ မှတ်ထားပြီး လူကြီးမင်းရဲ့ အနာဂတ်ကို စဉ်းစားပါ။ '' ( လူသတ်ကွင်း မှ သတိပေးစကား၊ စာမျက်နှာ ၁၃၄ မှ )
ဂျီနိုဆိုက်ဖြစ်ရပ်များတွင် သာမန်ပြည်သူများ အဖြစ်မှ သွေးဆာနေသောလူသတ်ကောင်များအဖြစ်သို့ ပြောင်း လဲသွားသည့် ယေဘုယျအချက်တို့အား
'' အာဏာပိုင်တို့၏ အမိန့်ကို နာခံခြင်း၊ အပြစ်ဒဏ်ပေး ခံရမည်ကို ကြောက်ရွံ့ကြခြင်း၊ တစ်သီးပုဂ္ဂလဖြစ်မှု ပျောက်ဆုံးခြင်း၊ ဒီနေရာဆိုလျှင် ဒီလိုပြုမူရမည်ဟု ခံယူ လိုက်ခြင်း၊ ကိုယ်ကျိုး စီးပွားရှာကြခြင်း နှင့် အယူဝါဒ လှိုင်းလုံးများရှိနေခြင်း '' တို့ဖြစ်ကြောင်း ( စာမျက်နှာ ၁၅၅ မှ ၁၅၉ အထိ ) ဖော်ပြထားသည်။
'' ကြေကွဲဖွယ် သမိုင်းဖြစ်ရပ်များ၊ အိပ်မက်ဆိုးများ မကြုံတွေ့ရလေအောင် အားလုံးဝိုင်းဝန်း အားထုတ်ကြရမည်သာ ဖြစ်ပါသည်။ ဒီလိုအဖြစ်မျိုးတွေ တို့ရေမြေမှာတော့ မကြုံနိုင်ပါဟု မည်သည့်လူ့အဖွဲ့အစည်းကမှ စိတ်ချ လက်ချ ပြောနိုင်မည် မဟုတ်ပါ။ သင်ခန်းစာယူခြင်း၊ သတိပြုခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အားဖြင့် သာ ကာကွယ်နိုင်ကြပါလိမ့်မည်။ '' ( စာမျက်နှာ ၇ မှ ) ဟု '' အမှာစာ '' တွင် ဖော်ပြထားပါကြောင်း။
မိုးမင်းသိမ်း
၃ ဖေဖော်ဝါရီ ၂၀၂၀