ဘိလပ်ပညာတော်သင်ဘဝ
ဒေါက်တာလှဖေ၊ ဦးအေးမောင်၊ ဒေါက်တာဘဖေ၊
ဒေါ်သန်းသန်းငြိမ်း၊ ဦးစန်းမောင် နှင့် ဦးတင့်လွင်
စိတ်ကူးချိုချိုအနုပညာ၊
ဒုတိယအကြိမ်၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ။
( ပထမအကြိမ်၊ စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ် )
မျက်နှာဖုံးပန်းချီ - ကျော်ဖြူစံ။
၁၃.၁ စင်တီမီတာ x ၁၉ စင်တီမီတာ။
စာမျက်နှာ - က၊ခ နှင့် ၆၅ ၊ တန်ဖိုး - ကျပ် ၉၀၀။
'' ဤစာအုပ်သည် ဘိလပ်ရောက်မြန်မာလူမျိုးအချို့က အင်္ဂလန်နိုင်ငံပညာရေးလောက၌ မိမိတို့ကိုယ်တိုင် တွေ့ ကြုံခံစားခဲ့ရသော ဗဟုသုတအမျိုးမျိုးကို လန်ဒန်မြို့ ဘီဘီစီ ခေါ် ဗြိတိသျှအသံလွှင့်ဋ္ဌာနကြီးမှ မြန်မာနိုင်ငံသို့ အသံလွှင့်ခဲ့သော ဟောပြောချက်များကို စုပေါင်းပုံနှိပ်ထားခြင်းဖြစ်ပါသည်''ဟု'' အမှာ'' ၌ ဖော်ပြထားသည်။
ဒေါက်တာလှဖေ၏ ကျောင်းသားဘဝ နှင့် ဗြိတိန်ပြည် ဆရာ့ဘဝ၊ ဦးအေးမောင်၏ မိဘများနှင့် ပညာတော်သင်များ၏ ပြဿနာစုံ၊ ဒေါက်တာဘဖေ၏ ဆေးပညာ သင်များ၊ ဒေါ်သန်းသန်းငြိမ်း၏ သိပ္ပံနှင့်စက်မှုလက်မှု အင်ပီးရီးရယ်ကောလိပ်ကျောင်းကြီး၊ ဦးစန်းမောင်၏ ကျောင်းသားများနှင့်ငွေရေးကြေးရေး၊ ဦးတင့်လွင်၏ အရှေ့တိုင်းနှင့် အာဖရိကပညာသင်ကျောင်း ၁ ၊ ၂ စသည့် အသံလွှင့်ဟောပြောချက် ၈ ပုဒ် ပါရှိပြီး ဗြိတိန်နိုင်ငံ ပညာရေး ဆောင်းပါးကို နောက်ဆက်တွဲအဖြစ်ထည့် သွင်း ဖော်ပြထားသည်။
'' ကျွန်တော် ပြန်တွေးကြည့်တဲ့အခါ မြန်မာကျောင်းသူ ကျောင်းသားများဟာ ဗြိတိန်ပြည်မှာ စာချည်းကုန်း ကျက်၊ မြန်မာလူမျိုးများနဲ့ချည်းပေါင်း၊ မြန်မာထမင်းဟင်း ချည်းစားနေရင် အင်္ဂလန်လာကျိုးနပ်မယ်မဟုတ်ပေ ဘူး။ မျက်စိကျယ် နားကြီးရအောင် ပြတိုက်၊ စာကြည့် တိုက်၊ တခြားအရပ်ဒေသများဆီ သွား၊ လူမျိုးခြားတွေနဲ့ ဆက်ဆံမှ ပညာတတ်ဖြစ်မယ်လို့ ယူဆပါတယ်။ ''
( ဒေါက်တာလှဖေ၊ ကျောင်းသားဘဝ၊စာမျက်နှာ - ၅ မှ )
'' ဆေးပညာသင်ကြားရာ၌ ထူးကဲသောအချက်တစ်ခု ကတော့ ကျောင်းသား၏ 'ထိုးထွင်းဉာဏ်' နှင့် ' ဝေဖန်ပိုင်းခြား' နိုင်စေသောဉာဏ် ရင့်သန်အောင်နှိုးဆော်ပေး ခြင်းပင်ဖြစ်ပါသည်။ မှားလျှင်မှားစေ ဝေဖန်နိုင်စေရမည်ဆိုတဲ့မူကို အမြဲနှလုံးသွင်းစေ၍ ရှက်ကြောက်အားနာ ခြင်းဆိုတာမရှိဘဲ မိမိထင်မြင်ချက်ကို သတ္တိရှိစွာဖြင့် ပြောရဲဆိုရဲခြင်းကို အားပေးကြပါသည်။ ဆေးရုံများမှာ ဆိုလျှင်လည်း ဆရာဝန်ကြီးကပင် မိမိငယ်သား ဆရာ ဝန်၏ ထင်မြင်ချက်ကို အထူးလေးစားခြင်းပြုပါသည်။ '' ( ဒေါက်တာဘဖေ၊ ဆေးပညာသင်များ၊ စာမျက်နှာ - ၂၅ မှ )
'' သင်တန်းများ၊ ဟောပြောပွဲများအပြင် အထူးလိုအပ်တဲ့အကြောင်းတစ်ရပ်ကတော့ စာကြည့်တိုက်ကိုအသုံး ပြုခြင်းပါပဲ။ တက္ကသိုလ်ပညာရပ်ဆည်းပူးရာမှာ အရေး ပါလှတယ်ဆိုတာတော့ အထူးအစီရင်ခံဖို့လိုမယ်မထင်ပါဘူး။ အထက်တန်းပညာရပ်များ တိုးတက်ဆည်းပူးလေလေ၊ စာကြည့်တိုက်ကို အသုံးပြုဖို့လိုလေလေဖြစ်ပါတယ်။ သုတေသနပြုသူများအဖို့တော့ စာကြည့်တိုက်ဟာ လုပ်ငန်းခွင်ပဲဖြစ်ပါတယ်။'' ( ဦးတင့်လွင်၊ အရှေ့ တိုင်းနှင့်အာဖရိက ပညာသင်ကျောင်း ၂ ၊ စာမျက်နှာ - ၄၈ မှ )
'' ဗြိတိန်နိုင်ငံ၏ တိုက်ပွဲများကို အီတန်ကျောင်း ကစား ကွင်း အတွင်း၌ အနိုင်တိုက်ခဲ့ပေသည်။
ဤသို့ဆိုရာ၌ ဗြိတိသျှတို့ အပွဲပွဲတွင် အောင်နိုင်ကြခြင်း မှာ အီတန်ကဲ့သို့သော အလွတ်ပညာသင်ကျောင်းများ ၏ စည်းကမ်းစနစ်ကောင်းမှုကြောင့်ဟု ဆိုလိုခြင်းပင်။ တစ်နည်းအား ဖြင့် အဆိုပါကျောင်းမျိုးတို့သည် ခေါင်းဆောင်ကောင်းများကိုမွေးထုတ်သည်ဟုဆိုခြင်းဖြစ်၏။'' ( ဗြိတိန်နိုင်ငံ ပညာရေး ၊ စာမျက်နှာ - ၅၃ မှ )
ဘီဘီစီမှ ''တက္ကသိုလ်ဝင်ရန် သော့ချက်မှန်'' အသံလွှင့်ဟောပြောချက်တို့မှာ ၁၉၆၈ ခုနှစ်ဝန်းကျင်မှ ထုတ်လွှင့် ချက်များဟု ယူဆပါသည်။ ထိုထိုသော ဟောပြောချက်တို့မှာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ပြီဖြစ်သည့်တိုင် စဉ်း စားဆင်ခြင်ဖွယ်အချက်များ များစွာပါရှိနေပါသေးသည်။ အထူးသဖြင့် ရွှေပြည်ကြီး၏ ပညာရေးကဏ္ဍအသီးသီး၌ တာဝန်ယူနေကြသောပုဂ္ဂိုလ်ကျော်တို့အတွက် များစွာ အထောက်အကူပြုနိုင်မည်ဟုလည်း ယူဆမိပါသည်။
မိုးမင်းသိမ်း
၅ ဇန်နဝါရီ ၂၀၁၉
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845