သိပ္ပံဗထွေး
မအက္ခရာ ဝတ္ထုတိုများ
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ သြဂုတ် ၂၀၁၉။
မျက်နှာဖုံးပန်းချီ - တော်တီဆွေ။
၁၃.၆ စင်တီမီတာ x ၁၉.၁ စင်တီမီတာ။
စာမျက်နှာ - က + ခ နှင့် ၁၂၄ ၊ တန်ဖိုး - ကျပ် ၁၅၀၀။
စိတ်ကူးချိုချိုစာအုပ်တိုက် နှစ်နှစ်ဆယ်ပြည့် အထိမ်း အ မှတ် အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
၂၀ ရာစုအလယ်တဝိုက် မြန်မာမဂ္ဂဇင်းများမှ ထင်ရှားခဲ့သော မြန်မာဝတ္ထုတိုဆရာများ၏ လက်ရာမွန်များ အမှတ်တရစုစည်းသည့်အစီအစဉ် အဖြစ် '' ရသခန်း သာ ရွေးသီရာ '' ဝတ္ထုတို ၂၀ ကို ထုတ်ဝေထားသည်။
သိပ္ပံဗထွေး၏ ကိုယ်ရေးအကျဉ်း ကို ထည့်သွင်းဖော်ပြ ထားသည်။ ဝတ္ထုတို ၅ ပုဒ် ပါရှိပြီး မြဝတီမဂ္ဂဇင်း၌ ဖော်ပြခဲ့သော ဝတ္ထုတိုများဖြစ်သည်။ ဆန်၍ စီးသောမြစ်
( သြဂုတ် ၁၉၅၇ )၊ ဘဝဆိုတာ ( ဖေဖော်ဝါရီ ၁၉၆၁ )၊ မအက္ခရာ ( ဇွန် ၁၉၅၆ )၊ လေ ( ဇူလိုင် ၁၉၅၅ ) နှင့် လူ့စိတ် ( အောက်တိုဘာ ၁၉၆၀ ) စသည့် ဝတ္ထုတိုများ ဖြစ်သည်။
ဘဝဆိုတာနှင့် မအက္ခရာ ဝတ္ထုတိုများတွင် ကနဦးဖော်ပြခဲ့စဉ်ကမဂ္ဂဇင်းသရုပ်ဖော်ပုံတို့ကို ပြန်လည်ထည့်သွင်း ဖော်ပြထားသည်။
'' သူ့ကို ချုပ်ချယ်ခဲ့စဉ်က ရယ်ခဲ့ပြီး သူ့ကို ကြိုးနှောင်ဖြေ ကာ လွှတ်လိုက်တော့ ငိုခဲ့ပုံကလေး။
လူဆိုသည်ကား ခံစားမှုကို ကျောပြုအရင်းတည်လေ သည်။ လူမှုရေး၌ ပုံသေနည်းဟူသည် မရှိပေတကား။ ''
( ဆန်၍ စီးသောမြစ်၊ စာမျက်နှာ ၈ မှ )
'' အလှည့်ကျဆရာဝန်သည် အရေးတကြီးလူနာအဖြစ် ကုသရန်ပြင်ဆင်သောအခါ လူနာဖြစ်သူအမေ၏ လက်ယာလက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်၍ထားသော ချွေးများဖြင့် ပေကျံနေသည့် ငါးပြားစေ့ကလေးကိုလည်းကောင်း၊ ငိုကြီး ချက်မဖြစ်၍နေရှာသော သားကလေး လက်ထဲတွင် သွေးများ လိမ်းကျံထားသော အမေ့လက်မပြတ်ကလေးကိုလည်းကောင်း ရင်နာစွာ တွေ့ကြုံ လိုက်ရလေသတည်း။ ''
( ဘဝဆိုတာ၊ စာမျက်နှာ ၁၇ မှ )
'' လူဆိုတာ မတူကြဘူးဗျ၊ မိန်းမဆိုတာ မတူကြဘူးဗျ၊ တစ်မျိုးစီပဲ။ မိန်းမတိုင်းကို မိန်းမဆိုးမထင်နဲ့၊ မှားမယ်။ မိန်းမကောင်းလို့ ထင်ရမယ့် အမူအရာတွေရှိတဲ့ မိန်းမတွေထဲမှာ မိန်းမဆိုးအများအပြားကို တွေ့ရနိုင်သေး တယ်။ အမှန်က ခက်ပါတယ်ဗျာ၊ နက်နက်ရှိုင်းရှိုင်းတွေးလေ ခက်လေပါပဲ။''
( မအက္ခရာ၊ စာမျက်နှာ ၂၈ မှ )
'' အလှည့်ဆိုတာဖြစ်သည်။ သည်လို ဒုက္ခမျိုး တွေ့ရမှန်း သိလျှင်ကား ကျွန်တော်သည် သည်လိုမချစ်မိခင်ကပင် ရှောင်နိုင်ဦးမည်။ ဘာမျှမသိရ၊ ဘာဖြစ်မည်ဆိုတာကို မမြင်ရ၊ ဖြစ်တော့မှ အသည်းကွဲရသည်။ အလှည့်ဆို တာ အလွန်ခက်သည်။ လေနှင့်တူသည်။ ဘယ်လို ကြည့်ကြည့် မမြင်ရ၊ သို့ပေမဲ့ ရှိမှန်းတော့သိသည်။ ''
( လေ၊ စာမျက်နှာ ၄၉ မှ )
'' မင်းက ငါ့ကိုပြောဖူးတယ်။ ဟစ်တလာဟာ ခေါင်း မရှိဘူး၊ လက်မောင်းကောင်းတယ်လို့။ အဲဒီတုန်းက ငါ မင်းကိုမေးသေးတယ်။ ဒါဖြင့် ဘာလို့ မင်းသူ့အကြောင်း ကို စိတ်ဝင်စားနေသလဲလို့။ မင်းကပြောတယ်၊ ဥရောပ ကို ခဏပဲဖြစ်ဖြစ် သိမ်းပိုက်နိုင်လောက်အောင်ကောင်း တဲ့ လက်မောင်းကြောင့် ကျော်ကြားနေတဲ့ လူမို့တဲ့။ ငါမင်းပြောတာတွေကို မမေ့တာ သာရှိတယ်၊ နည်းနည်း မှ စိတ်မဝင်စားဘူး။ စစ်ဆိုတာကို ငါမုန်းတယ် ဗထွေး။ ''
( လူ့စိတ်၊ စာမျက်နှာ ၁၀၅ မှ )
မအက္ခရာ၊ လေနှင့် လူ့စိတ် စသည့် ဝတ္ထုတို ၃ ပုဒ်မှာ စာရေးသူ ပညာတော်သင်သွားရောက်ခဲ့ဖူးသည့်
အနောက်ဂျာမနီ ကို နောက်ခံပြု၍ရေးဖွဲ့ထားသောအရေးအသားများဖြစ်သည်။
သိပ္ပံဗထွေး၏ ဝတ္ထုတို ၅ ပုဒ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော် ဝန်းကျင်က အရေးအသားတို့ကို တစ်နည်း တစ်ဖုံ ချဉ်း ကပ် ကြည့်နိုင်မည့် ဝတ္ထုတိုများဟု ယူဆမိ ပါသည်။
မိုးမင်းသိမ်း
၇ သြဂုတ် ၂၀၁၉