အတွေးအခေါ် အဆိုအမိန့်အဘိဓာန် ဟုလည်း ဖော်ပြ ထား သည်။ နိဒါန်း၊ ညွှန်ကြားချက် နှင့် ၃၀ သြဂုတ် ၂၀၀၀ တွင် ဆရာ တိုက်စိုး ရေးသားခဲ့သော ဒုတိယနိဒါန်းတို့ပါရှိသည်။ စာကြောင်းအညွှန်းနှင့် ပညာရပ်အညွှန်း တို့ကိုလည်း ထည့်သွင်းဖော်ပြထား သည်။
စာကိုးစကားကိုး ပေါင်း ၇၇၂ ခု ပါရှိသည်။
'' မြန်မာစကား၊ မြန်မာစာတွင် အကိုးအကားပြုစရာများ ရှိကြသည်။ အချို့သည် လူ့ကျင့်ဝတ်ကို သင်ပြပါ၏။ အချို့သည် မြန်မာနိုင်ငံသမိုင်းနှင့် ဆိုင်ပါ၏။ အချို့သည် မိန်းမယောက်ျား တို့၏ စိတ်ဆန္ဒကိုဖွဲ့ဆိုပါ၏။ အချို့သည် သဘာဝအလှကို ဖော်ပြပါ၏။ အချို့သည် ပျော်ရွှင်ရယ်မောစရာ ဖြစ်ပါ၏။ အချို့သည် လူမျိုး အယုံအကြည် အစွဲအလမ်းကို ထင်ဟပ်စေပါ၏။
ဤတွင် လူ့လုပ်ငန်းဆောင်တာများ တိုးပွားလာသည်နှင့်အမျှ၊ စာတွေပေတွေ စုံလင်လာသည်နှင့်အမျှ အကိုးအကားပြုစရာ သည်လည်း များသထက် များလာ ခဲ့တော့သည်။ သို့ဖြစ်ရာ ယခုခေတ်တွင် အကြောင်း ကိစ္စ တစ်ခုခုအတွက် အကိုးအကားပြုရန် ရှာရသည်မှာ မလွယ်လှ။ လွယ်ရအောင် စာတစ်အုပ် သီးသန့်ထုတ်ထားရသော် သင့်လိမ့်မည်ဟု ယူဆမိသည့် အတိုင်း ကျွန်တော်ပြုစုထားပါ၏။ စာအုပ်အမည်ကိုလည်း
'' စာကိုးစကားကိုး '' ဟူ၍ အမည်ပေးလိုက်ပါ၏။ '' ဟု ဆရာတိုက်စိုးက ''နိဒါန်း '' တွင် ဖော်ပြထားသည်။
'' ၁၅။ သန်လျက်ဖြစ်ငြား၊ မသွေးထားသော်
ချင့်ဓားလိုခါ မတုံးလား။
( ကျီးသဲလေးထပ်ဆရာတော် ရှင်မုနိန္ဒာဘိဓဇ၊ ပုရဏ်ဓမ္မဂန် ဖတ်စာ ၁ ) '' ( စာမျက်နှာ ၅ မှ )
'' ၆၉။ ဟောင်းသာဟောင်း၍ မကောင်းသည့်အရာ လည်း ရှိသည်။ ဟောင်းလည်းဟောင်း၍ ကောင်းလည်းကောင်းသည့် အရာလည်းရှိသည်။ သစ်ကားသစ်၏၊ မဖြစ်သည့်အရာလည်း ရှိသည်။ သစ်လည်းသစ်၍ ဖြစ်လည်းဖြစ်ရသည့် အရာလည်း ရှိသည်။
( ဇေယျသင်္ခယာ၊ ၁၈ ရာစု၊ ရွှေဘုံနိဒါန်း၊ အနောက်ပွဲ တက်ဆောင်ကဏ္ဍ ) '' ( စာမျက်နှာ ၁၆ မှ )
'' ၁၅၀။ ဝန်ကြီးချုပ်၏ အပြုအမူကလေးများသည် အကြိမ်ပေါင်းများစွာ ရှင်ဘုရင်ဆန်လွန်းလှသဖြင့် နောက်ဆုံးအခြေအနေ၌ ဘဝရှင်မင်းတရားကြီး ဖြစ်ဖို့ရန် မင်းမြှောက်တန်ဆာငါးပါး ဆင်မြန်းဖို့သာ လိုပါတော့သည်။ ( ဦးထွန်းဖေ၊၁၃ သြဂုတ် ၁၉၅၃ နေ့တွင် သတင်းစာဆရာများသို့ ကြေညာချက်၊ အစိုးရအဖွဲ့မှ ဘာကြောင့်နုတ်ထွက်ရသလဲ )''
( စာမျက်နှာ ၄၁ မှ )
'' ၁၆၇။ မြို့ပေါ်က ပညာတတ် လူတန်းစား ဆိုတာတွေကတော့ မကျက်တကျက် ဖုတ်ထားတဲ့ ပေါင်မုန့်လိုပဲ။ သို့ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ သိပ်အထင်ကြီးနေကြတာ။
( ဦးနေဝင်း၊ ၁၉၇၁ ခု၊ ပထမအကြိမ် ပါတီညီလာခံတွင်
မိန့်ကြားသော ဗဟိုကော်မတီဥက္ကဋ္ဌ နိဂုံးချုပ်မိန့်ခွန်း )''
( စာမျက်နှာ ၄၅ မှ )
'' ၄၆၅ ( က ) ရတနာပုံ တံခွန်မလှပ်နိုင်တဲ့
မြန်မာဘုံ ကျွန်တစ်ခေတ်တွင်ဖြင့်
ဝန်ဖြစ်အောင် ဆရာ မကြံမိတဲ့ပြင်
( သခင်ကိုယ်တော်မှိုင်း၊ မင်းသမ္မတဘုရင် အခေါင်ပရမေသနင်းတွေနဲ့ချီ လေးချိုးကြီး၊ ခွေးဋီကာ) ''
( စာမျက်နှာ ၁၂၂ မှ )
''၇၅၉။ အတော့်ကို ပြဲအောင်ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ
အဲဒါ အတော့်ကို ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ
အနှစ် ၂၀ လောက်ရှိတဲ့အခါမှာ တော်ကာကျမယ်။
( ဦးအောင်ဆန်း၊ ၁၃ ဇူလိုင် ၁၉၄၇
မြို့တော်ခန်းမမိန့်ခွန်း )''
( စာမျက်နှာ ၁၉၄ မှ )
မြန်မာ့ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးရာ တွင် ထင်ပေါ်ကျော်ကြား ရှင်လူပုဂ္ဂိုလ်များ၏ အဆိုအမိန့် အသီးသီးတို့ကို စာဖတ်သူ လွယ်လင့်တကူ သုံးစွဲနိုင်လေအောင် ပြုစုထားသည့် ''စာကိုး စကားကိုး '' မှာ မြန်မာစာပေမြတ်နိုးသူတို့ လက်စွဲပြုရမည့် စာအုပ်တစ်အုပ်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၂၂ နိုဝင်ဘာ ၂၀၁၉