Book Image

ကျွန်မ မာလာလာ

ဟိန်းလတ်

"ကျွန်မ မာလာလာ" စာအုပ်ကား ပညာရေးကို လှုံ့ဆော်မိ၍ တာလီဘန်တို့က ခေါင်းကို အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခံရသော ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်သည်။ 

"ကလေးတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နှင့် ကလောင်တံ တစ်ချောင်းသည် ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်သည်" ဟူသော စကားကို ပြောခဲ့သည့် မာလာလာ ယူဆွတ်ဇိုင်သည် ၂၀၁၄ ခုနှစ်အတွက် ချီးမြှင့်သော ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကိုင်လာ့ရှ် ဆက်တိုင်ရတီနှင့် ပူးတွဲရှိခဲ့သူ ဖြစ်သည်။


" အဖေ သမီးရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်သွားမယ် မာလာလာ။ သမီးရဲ့ အိပ်မက်တွေအတိုင်း ဆက်သာသွား "

ဒီစာသားလေးက မာလာလာရဲ့ အဖေက မာလာလာကို ပြောတဲ့စကား။ 

မာလာလာဆိုတာ မကြာသေးခင်က ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ခြင်းခံရသူ၊ တာလီဘန်များ စိုးမိုးချယ်လှယ်သော ပါကစ္စတန်နိုင်ငံ ဒေသတစ်ခုတွင် နေထိုင်ပြီး အမျိုးသမီးများ ပညာသင်ခွင့်အတွက် လှုပ်ရှားသူ၊ တာလီဘန်များက အညှိုးထားက ကျောင်းကားပေါ်တက်ပြီး သေနတ်ဖြစ် အနီးကပ် ပစ်ခတ်ခံရသူ၊ သူမ မာလာလာကိုယ်တိုင် ရေးသားထားသော စာအုပ်ကို ဆရာဟိန်းလတ်က ဘာသာပြန်ထားသည့် စာအုပ်ဖြစ်သည်။ ဘာသာပြန်ဆိုသူ ဆရာဟိန်းလတ် ညွှန်းဆိုထားသည့်အတိုင်း လက်ကမချချင်လောက်အောင် ဖတ်ကောင်းသော စာအုပ်တစ်အုပ်ဖြစ်သည်။ 

ပါကစ္စတန်နိုင်ငံတွင် စစ်အာဏာရှင်များ လက်ထက်တွင် အာဏာရှင်များက တာလီဘန်များကို စတင်မွေးထုတ်ခဲ့ပုံ၊ စစ်သွေးကြွ အစွန်းရောက်များ စတင်ဖြစ်တည်လာပုံ၊ စစ်အေးကာလ အမေရိကန်နှင့် ရုရှားတို့ အာဏာပြိုင်ပွဲတွင် တာလီဘန်များဖက်မှ အမေရိကန် ရပ်တည်ခဲ့သည့် ပုံရိပ်များ စသည်တို့ကို ဖတ်ရှုရမည် ဖြစ်သလို၊ မာလာလာ နေထိုင်သော  ဗုဒ္ဓဘာသာ အကြီးအကျယ်ထွန်းကားခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်များ အများအပြားရှိနေသည့် သာယာလှသည့် နယ်မြေတွင် တာလီဘန်များ စတင်ဝင်ရောက်ပုံ၊ စည်းရုံးပုံ၊ အမျိုးသမီးများကို ချုပ်ချယ်ကန့်သတ်ပုံ၊ ဘာသာရေး အစွန်းရောက်ဝါဒများကို အသုံးချပြီး လူမှုအဖွဲ့တစ်ခုလုံးကို သူတို့ စိတ်တိုင်းကျ စိုးမိုးချယ်လှယ်ပုံ၊ ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက်ဆိုသလို ပါကစ္စတန် အာဏာပိုင်များနှင့် တာလီဘန်တို့ ပဋိပက္ခစတင် ဖြစ်ပေါ်လာပုံ၊ တာလီဘန်တို့၏ အသေခံဗုံးခွဲမှုများ၊ ပါကစ္စတန်အစိုးရ စစ်တပ်နှင့် တာလီဘန်တို့၏ စစ်ပွဲအကြောင်း စသည်ဖြင့် ရိုးရှင်းသော ရေးသားမှု ပုံစံနှင့် ဖတ်ရှုရမည် ဖြစ်သည်။ ကျောက်တောင်ကြီးများတွင် ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော်ကြီးများကို တာလီဘန်တို့က ဗုံးခွဲဖျက်စီးပစ်သည့် အကြောင်းအရာများကိုလဲ ဖတ်ရှုရမည် ဖြစ်သည်။

အခက်အခဲပေါင်းစုံကြားတွင် ကျောင်းထောင်ထားသော မာလာလာ၏ အဖေအကြောင်း၊ အဖေတစ်ယောက်အနေဖြင့် သမီးတစ်ယောက်၏ အခွင့်အရေးအပေါ် အကာအကွယ်ပေးထားသည့် ပုံရိပ်များ။ အတားအဆီး အခက်အခဲ မျိုးစုံကြားတွင် ကိုယ့်အခွင့်အရေး၊ ကိုယ်ရပိုင်ခွင့်အတွက် အသက်နှင့်ရင်းပြီး လှုပ်ရှားဆောင်ရွက်ကြသည့် ပုံရိပ်များ စသည်ဖြင့် တစ်ဝကြီး ဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။

ကျွန်မ မာလာလာ စာအုပ်ကို ဖတ်ရှုခြင်းဖြင့် ဘာသာရေးအစွန်းရောက် ဝါဒများ မည်ကဲ့သို့ ထွန်းကားလာသည်၊ မည်ကဲ့သို့ အမြစ်တွယ်လာသည် စသည်ဖြင့် ဆဝါးတွက်ဆ နားလည်နိုင်ကြမည်ဖြစ်သည်။ ယနေ့ခေတ်ကမ္ဘာတွင် ကမ္ဘာ့လူသားများကို ချိန်းခြောက်နေသည့် အစွန်းရောက် ဘာသာရေး အယူအဆနှင့် အဖွဲ့အစည်းများ အကြောင်းကို ရိုးရိုးရှင်းရှင်းနှင့် နားလည်အောင် ရေးပြထားသည့် စာအုပ်ဖြစ်သလို ကမ္ဘာ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ်၊ အခြား ကမ္ဘာကျော်များက တစ်လေးတစား ပြောဆိုရသည့် အမျိုးသမီးငယ်တစ်ယောက်နှင့် အဆိုပါ အမျိုးသမီးငယ်ကို ထိုကဲ့သို့ ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးခဲ့သည့် အဖေတစ်ယောက်၏ ပုံရိပ်များကို ဖတ်ရှုရမည် ဖြစ်သည်။ ကျွန်မ မာလာလာဆိုသော စာအုပ်သည် သင့်စာကြည့်စင်တွင် မဖြစ်မနေရှိရမည့် စာအုပ်ဖြစ်ကြောင်း ဖတ်ညွှန်းလိုက်ရပါသည်။ 

ဖတ်ညွှန်းရေးသားသူ - စိုးသီဟနောင်


Publisher Name: အလင်္ကာဝတ်ရည် စာပေ

Publisher Address: အမှတ် (၂၈၀ အေ)၊ ၃၉ လမ်း (အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ဖုန်း - ၀၁ ၃၉၂၅၀၇

Publisher Phone Number: 01 392507


Related Books

Book Review Image

သန်းခေါင်ယံ လွတ်လပ်ရေး

မောင်ပေါ်ထွန်း
Book Review Image

အကြီးအကဲ (နိုင်ငံတစ်ခု ပျက်သုဉ်းခြင်း)

မောင်ပေါ်ထွန်း
Book Review Image

မိုးအဆုံး မြေအဆုံး

မြသန်းတင့်
Book Review Image

စာအုပ်သူခိုး

ရာပြည့်