သေဆုံးသွားတဲ့ လူတွေအတွက် သုသာန်တွေ ရှိနေသလိုမျိုး သေဆုံးသွားတဲ့ စကားလုံးတွေအတွက် သုသာန်တစ်ခု ရှိနေတယ်။
စကားလုံးသုသာန်မှာ ဒိုင်နိုဆော၊ ဂူအောင်းလူသား၊ မာ့ခ်ဝါဒ၊ ပစ္စည်းမဲ့ လူတန်းစား၊ လေဘာတီ၊ ချိုကျိုး နွားရွက်ပဲ့၊ အသုံးလုံး၊ ဘူဇွာ၊ ချစ်တီးကုလား၊ မင်္ဂလာ စတဲ့ သေဆုံးပြီး စကားလုံးတွေ များစွာ ရှိနေတယ်။
စကားလုံးတွေဟာ ပုံမှန် နေထိုင်နေကျအတိုင်း နေထိုင်ရင်းနဲ့ နေ့ရက်တွေကို ကုန်ဆုံးကြတယ်။ တစ်ခါတလေတော့လည်း စကားစစ်ပွဲတွေ ဖြစ်တတ်တယ်။ လူတွေက ဒီစကားလုံးတွေဟာ အသုံးမဝင်တော့ဘူးဆိုပြီး ထုတ်ပယ်လိုက်လို့ သေဆုံးကြရတဲ့စကားလုံးတွေအနေနဲ့ လူဆိုတဲ့ သတ္တဝါတွေအပေါ် စိတ်နာသင့်သလား၊ ဆက်ချစ်နေသင့်သလား စတဲ့ အငြင်းအခုန်မျိုးတွေပေါ့လေ။ ဒါကတော့ ဒေါသတွေ ဘာတွေပါ ပါလာတတ်တဲ့စကားစစ်ပွဲပေါ့။ ဒေါသမပါဘဲ ပျော်ရတဲ့ကိစ္စတွေလည်း သူတို့မှာ ရှိတယ်။ ဥပမာ - လတ်တလော သေဆုံးတဲ့ စကားလုံးတစ်လုံး သူတို့သုသာန်ကို ရောက်လာမယ့်ကိစ္စမျိုးပေါ့။ ဘယ်စကားလုံးလဲ၊ ဘာကြောင့် သေဆုံးရတာလဲ၊ အခုဆို လူတွေရဲ့နေထိုင်မှုပုံစံတွေက ဘယ်လိုမျိုး ဖြစ်နေကြပြီလဲ စတဲ့ မေးခွန်းတွေ မေးမြန်းရင်းသူတို့တွေ ရင်ခုန်စိတ်လှုပ်ရှားကြရတယ်။
တစ်နေ့ကျ စကားလုံးတစ်လုံး ရောက်လာတော့မယ့် သတင်းကြောင့် အားလုံး ပျော်နေကြတယ်။ ဘယ်စကားလုံး ဖြစ်နိုင်တယ်ဆိုပြီး ကြိုတင် ခန့်မှန်းနေကြတာတွေလည်း ရှိရဲ့။ မာ့ခ်ဝါဒ အဘိုးအိုက အရင်းရှင်စနစ်ဖြစ်မယ်လို့ ခန့်မှန်းတယ်။ လေဘာတီက အများကောင်းစားရေးဝါဒလို့ ခန့်မှန်းတယ်။ အသုံးလုံးကကျ ကျောမွဲလို့ ခန့်မှန်းနေတယ်။
အဲဒီအချိန်မှာပဲ မိုးကောင်းကင်က ရုတ်တရက် ညိုမှောင်သွားတယ်။ လေပြင်းတွေ တိုက်လာတယ်။ သစ်ပင်တွေက ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်နဲ့ အော်ဟစ်ငိုယိုလာကြတယ်။ စကားလုံးဝိညာဥ်တွေဟာ ထိတ်လန့်တုန်လှုပ်စ ပြုလာတယ်။ ဘယ်စကားလုံး သေဆုံးလို့ ဒီလောက်ထိ ထူးခြားတဲ့နိမိတ်တွေ ဖြစ်နေရတာလဲ။ ခမ်းနားကြီးကျယ်တဲ့ စကားလုံးတွေ သေဆုံးဖူးခဲ့ကြပေမယ့် ဒီလောက်ထိ ပြင်းထန်တဲ့နိမိတ်တွေ မပြစခဲ့ဖူးဘူး။
စကားလုံးသုသာန်မုခ်ဦးအောက်ကို စကားလုံးတစ်လုံး ဝင်ရောက်လာတယ်။ အားလုံး ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်တယ်။ လုံးဝ ထင်မှတ်မထားတဲ့စကားလုံး ရောက်လာတာ။ လူတွေ ဘယ်လိုဖြစ်ကုန်ကြတာပါလိမ့်။ ဒီစကားလုံး သေဆုံးရတဲ့အထိ လူ့လောကအခြေအနေတွေ ဆိုးရွားနေပြီလား။
လောလောလတ်လတ် သေဆုံးလာတဲ့ စကားလုံးက လေးလေးလံလံနဲ့ တစ်လှမ်းချင်း လျှောက်ဝင်လာတယ်။ သူ့ခြေလှမ်းတွေက သူသေဆုံးရတာကို လက်ခံချင်ပုံ မရသေးတဲ့သဘော။ မျက်ရည်တွေလည်း ကျလို့ . . . ။
အဲဒီစကားလုံးအမည်က . . . ။
' စကားလုံးသုသာန် ' ဝတ္ထုတိုကို အတိုချုံး ပြောပြခဲ့တာပါ။ လတ်တလော သေဆုံးလာတဲ့စကားလုံးကို အဲဒီဝတ္ထုတိုထဲ ကိုယ်တိုင် ရှာဖွေ ဖတ်ရှုကြည့်စေလိုပါတယ်။
ဒီစာအုပ်ထဲမှာ ဝတ္ထုတို ၁၄ ပုဒ်ကို စုစည်းဖော်ပြထားတယ်။ ဒီဝတ္ထုတိုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ' အိပ်မက်မြို့ ' ဝတ္ထုတိုကို စာရေးသူက သုံးနှစ်အကြာမှာ ဝတ္ထုရှည်အဖြစ် ဆန့်ထုတ်ပြီး ' ကမ္ဘာအတု ကောင်းကင်အတု ' အမည်နဲ့ လုံးချင်းဝတ္ထုတစ်အုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ပါတယ်။
စာရေးသူဟာ ဝတ္ထုတိုတွေထဲမှာ မတူညီတဲ့အရေးအသားတွေနဲ့ သူ့ကိုယ်သူ အမြဲလိုလို ပြန်ရှာဖွေနေတတ်တယ်။ ' ပြဇာတ်ထဲက ဖြစ်ရပ်မှန် ' ဝတ္ထုတိုထဲက ဘခက်ဟာ တစ်နည်းအားဖြင့်တော့ သူကိုယ်တိုင်ပဲ။ အောင်ဒင်ဆိုတဲ့လူကို ဘခက် သတ်လိုက်တယ်။ ဒါပေမဲ့ " အောင်ဒင်ကို သူ ဘာကြောင့် ပစ်ခတ်ခဲ့ရသလဲ မသိသေး " တဲ့။
အဲဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးရမှုနဲ့ ဘဝရဲ့အဓိပ္ပာယ် ပျောက်ဆုံးရမှုတွေကို ဒီစာအုပ်ထဲ မတူညီတဲ့ဖြစ်ရပ်တွေနဲ့ ပြန်ပြန် တွေ့ရလိမ့်မယ်။ လူဖြစ်မှုကို စူးစမ်းရင်း လူဖြစ်ခဲ့တာ သေချာသလားလို့ ဇဝေဇဝါ တွေးနေတာတွေ၊ တွေးနေသူကပဲ နောက်ထပ် တွေးနေသူကို ဆင့်ကာဆင့်ကာ မွေးဖွားနေရင်း တွေးနေသူတွေ တစ်ပုံကြီး ဖြစ်လာကာ အစရှာမရတဲ့အဖြစ် ကြုံရတာတွေ၊ ဖြစ်တည်မှုအမှတ်လက္ခဏာက ဘယ်သူဆိုတာ ပုံပေါ်စေပေမယ့် ပုံပေါ်လာသူကပဲ အများ မြင်သိနေတဲ့ အမှတ်လက္ခဏာချုပ်နှောင်မှုထဲကနေ အတင်း ပြန်ထွက်ပြေးနေတာတွေ စသဖြင့် စာရေးသူရဲ့ အထီးကျန်မှု၊ မွန်းကြပ်မှု၊ မပျော်ရွှင်မှုတွေကို အရေးအသားပုံစံ အမျိုးမျိုးနဲ့ ဒီစာအုပ်ထဲ ဖတ်ရှုရပါလိမ့်မယ်။
#လူသာမန်
26.5.2020; 10:00 pm
Publisher Name: နှစ်ကာလများ
Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈
Publisher Phone Number: 09 254848048