Book Image

ဝတ္ထုတို ၁၀၀

ရဲသျှမ်း

စာအုပ်အမည် - #ဝတ္ထုတို ၁၀၀
စာရေးသူ - #ရဲသျှမ်း
စာအုပ်တိုက် - #NDSP (#ငါတို့စာပေ)
ပုံနှိပ်မှတ်တမ်း - ၂၀၁၇၊ စက်တင်ဘာ (ပထမအကြိမ်)
တန်ဖိုး - ၇၀၀၀ ကျပ်
စာမျက်နှာ - ၄၆၇ မျက်နှာ
မျက်နှာဖုံးဒီဇိုင်း - #ဝဏ္ဏအောင်


ဝတ္ထုတိုတွေ ဖတ်ရင်းဖတ်ရင်း လူက ဝတ္ထုတိုထဲက မတက်ချင်တော့။ အခုလည်း ဝတ္ထုတိုစာအုပ်ပဲ ထပ်ဖတ်မိပြန်ပါပြီ။ ဒီတစ်ခါ ဖတ်မိသည်က မီးရထားလောကကို နောက်ခံထားကာ အရေးများသည့် ဝတ္ထုတိုဆရာ ဆရာရဲသျှမ်း၏စာအုပ်။ ပြီးခဲ့သည့် စက်တင်ဘာလကမှ ထုတ်ဝေထားခြင်းဖြစ်သည်။ ဝတ္ထု ၁၀၀ ပေါင်းချုပ်မို့ ကိုင်ဖတ်ရသည်က စီးစီးပိုင်ပိုင်ရှိလှသည်။ ဝတ္ထုတိုတစ်ပုဒ်လျှင် ပျှမ်းမျှ လေးငါးမျက်နှာ (မဂ္ဂဇင်းဆိုက်)မို့ ဖတ်ရသွက်သည်။


ထိပ်ဆုံးစဖတ်ရသည့် #ကယ်ရီယာ ဝတ္ထုမှာတင် ကျွန်တော်စငြိသွားမိသည်။ ဇာတ်လမ်းကတော့ စက်ဘီးကယ်ရီဆွဲသူတစ်ယောက်အကြောင်း။ ငွေလိုလို့ လုပ်ရသော သူ့ဘဝကို အသိတွေ မြင်မှာလည်းစိုးသည်။ စက်ဘီးနင်းလာရင်း လမ်းတစ်လျှောက် အသိတွေနှင့် ဆုံမိလျှင် ရင်ထိတ်ရပုံ၊ မျက်နှာလွှဲရပုံ၊ လမ်းပြောင်းနင်းရပုံတွေကို အသေးစိတ် ရေးဖွဲ့ပြထားသည်။ နောက်ဆုံး ဦးတည်ရာကို ရောက်တော့မှ ပင့်သက်ဝဝရှူနိုင်သည်။ ဒီတော့လည်း သူတင်နင်းလာသည့် အနာကြီးရောဂါသည်သူဖုန်းစားကြီးကို နောက်နေ့ ထပ်လာကြိုဦးမည့်အကြောင်း သူ့နှုတ်မှ လွှတ်ခနဲ ထွက်သွားမိသည်။

#လော်ကယ် ဝတ္ထုတွင် ရထားလောက အခေါ်အဝေါ်တွေအကြောင်း ဗဟုသုတတိုးရသည်။ မယ်တစ်ရွာမောင်တစ်မြို့ ဖြစ်နေသောဘဝတွင် အတူတူနေနိုင်ဖို့ ရထားစီးပြီး အလုပ်သွားအလုပ်ပြန်လုပ်ရသော ဝန်ထမ်းတစ်ဦး၏ဘဝကို ဖွဲ့ဆိုထားသည်။ ဝန်ထမ်းဖြစ်နေသော ကျွန်တော်ကိုယ်တိုင်လည်း သည်သို့သော အခက်အခဲတွေ ကြုံရဖူးသဖြင့် ဇာတ်ကောင်ကို ကိုယ်ချင်းစာမိသည်။ သို့သော် ဤဇာတ်လမ်းမှာ သနားဖို့ကောင်းသည်က ထိုဇာတ်ကောင်မဟုတ်။ သူစီးလာသော ရထားပေါ်က သီချင်းဆိုပြပြီး တောင်းရမ်းစားရသော ကောင်ကလေးဖြစ်သည်။ ကောင်ကလေး၏အသံက ဘယ်ကီးမှမဝင်၊ နားထောင်လို့မကောင်း။ သို့သော် ကလေးဆိုတော့ လူတွေက သဒ္ဓါကြသည်။ သူ ဆိုနေစဉ် လိုက်တောင်းနေသည့် အသက်နည်းနည်းကြီးပုံရသော ကောင်လေးကို ရထားစီးခရီးသည်တွေက တတ်နိုင်သလောက် စွန့်ကြဲကြသည်။ ထိုကောင်လေး တွဲတစ်ဖက်အစွန်ကို ရောက်တော့ သီချင်းဆိုနေသည့်ကောင်ကလေး သီချင်းဆုံးသွားလေပြီ။ သူနှင့်နီးသော လူကြီးတစ်ယောက်ကို တောင်းရမ်းတော့ ဟိုကဘုတောတော့သည်။ အစ်ကိုလည်းတောင်း ညီလည်းတောင်း ဖြစ်နေသည်ကိုး။ ဒီတော့မှ ကောင်လေးက သူ့မှာအဖွဲ့မရှိကြောင်း၊ တစ်ယောက်တည်းဖြစ်ကြောင်း ပြောသည်။ ဟိုကောင်လေးကလည်း ပါးသည်။ သူ့နောက် လူကြီးတစ်ယောက် ထလိုက်လာတာ တွေ့သည်နှင့် ရထားပေါ်မှ ကျွမ်းကျင်စွာ ခုန်ချသွား၏။ စောစောက သီချင်းဆိုနေခဲ့သော ကောင်လေးနှုတ်ဖျားမှ ဖရုဿ ဝါစာတွေ အတွဲလိုက်ထွက်လာ၏။

#အထူးရထား ဆိုသောဝတ္ထုကတော့ ဝန်ထမ်းတို့၏ဘဝကို လှစ်ပြသွားသည်ဟု ဆိုရမည်။ တောင်ပေါ်ဒေသ၏ မြို့နယ်လေးတစ်ခု။ ဘူတာရုံရှိသော်လည်း ထိုမြို့လေးမှလူတွေက ခရီးသွားလာရာတွင် ရထားလမ်းထက် ကားလမ်းကို ပိုသုံးကြသည်။ ဘူတာရုံမှာ တစ်နေ့နေလို့ လူငါးယောက်လောက်သာ အတက်အဆင်းလုပ်မှတော့ မီးရထားဝင်ငွေ ဘာရှိဦးမည်နည်း။ ဝင်ငွေမရှိတာကြာလာတော့ ယူနီဖောင်းပြဲလို့ဟောင်းလို့မှ အသစ်မချုပ်နိုင် ဖြစ်လာသည်။ သူလို ရုံပိုင်တောင် သားသားနားနားမရှိလျှင် သူ့လက်အောက်က ဝန်ထမ်းတွေ ပသို့ဆိုဖွယ်ရာရှိအံ့နည်း။ ထိုအခြေအနေမျိုးတွင် အနီးဒေသ၌ ရထားတိမ်းမှောက် လူအသေအပျောက် ရှိသည့်ကိစ္စဖြင့် လူကြီးလမ်းကြောင်းလာရဖို့ ဖန်လာသည်။ အပြန်မှာ သူတို့ဒေသ ဝင်ကြည့်သွားမည်ဆို၍ ရင်ထိတ်နေရ၏။ လူကြီးလာလို့မှ ကြိုစရာယူနီဖောင်း အကောင်းမရှိ။ ဖြစ်ချင်ရာဖြစ် ရှိသည့်အစုတ်နှင့် ကြိုမည်။ လူကြီးအပြစ်တင်လျှင်လည်း သူပင်ခံလိုက်မည်ဟု ရုံပိုင်စိတ်ကူးသည်။ သို့နှင့် လူကြီးများကို တင်ဆောင်လာသော အထူးရထားဆိုက်လာ၏။ ထုံးစံအတိုင်း သြဝါဒတွေ ခြွေအပြီးမှာ သူတို့အဖြစ်သနစ်ကို လူကြီးက သတိထားမိသွားသည်။ ဝတ်စုံအသစ်ထုတ်ပေးမည် အခြားအခက်အခဲရှိက ဆိုပါဟု ပြော၏။ မရှိပါဆိုသော ဝန်ထမ်းတိုင်း ဖြေနေကျစကား ထွက်လာသည်။ မဖြစ်သေး၊ တစ်ယောက်ချင်းမေးမှတော်မည်ဟု လူကြီးက စိတ်ကူးကာ လမ်းခွဲကိုင်ဝန်ထမ်း ဦးမြမောင်ကို စမေး၏။ အခက်အခဲတွေက များလွန်းတော့ ဘာကစပြောရမှန်းမသိ။ မရှိပါဘူးဆိုသော စကားသာ ထွက်လာ၏။ ဦးမြမောင်ကား ပင်စင်ကျပြီးသူဖြစ်သည်။ လူမရှိသဖြင့် ရုံပိုင်ကို ကူနေရကြောင်းပြောသည်။ လူကြီးက ဦးမြမောင်အကြောင်း ဆက်မေးသည်။ လုပ်သက် ၃၂ နှစ်၊ သားသမီးဆယ်ယောက် လခစားမလောက်။ လေးယောက်မြောက်သားသာ ထူးထူးချွန်ချွန် ဆယ်တန်းအောင်သူဖြစ်၏။ သို့သော် သူ့မှာအလုပ်မရှိ။ သည်မှာတွင် လူကြီးက ဦးမြမောင်နေရာ၌ လေးယောက်မြောက်သားကို ပါးစပ်ဖြင့် ရာထူးခန့်ပေးလိုက်၏။ အလုပ်ခေါ်ခဲသော ပို့ဆောင်ရေးဌာန၌ အော်တိုမစ်တစ် ရာထူးရသွားသော ဦးမြမောင် သားအဖြစ်ကို ကျန်သည့် ဘူတာအစဉ်အဆက် ကြားသိသွားသောအခါ အရွယ်ရောက်သားရှိသော ဝန်ထမ်းတို့သည် အထူးရထားကို မျှော်ကြလေတော့၏။

#အသည်းကွဲရှန်တိန် #အရွေ့များ #လက်ကျန်စာမျက်နှာ အစရှိသဖြင့် ကျွန်တော်နှစ်သက်မိတာတွေ တော်တော်များများ ရှိပါသေးသည်။ ဝတ္ထုတိုကြိုက်သူများ လက်မလွှတ်သင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်ဟု ဆိုရင်းသာ နားပါရစေတော့။

#ကျော်စွာ
၂၀:၁၀ နာရီ
၄.၁၁.၂၀၁၇



Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

ငါတွေးသည်_ထို့ကြောင့်_ဒေးကားမရှိ

မိုးသက်ဟန်
Book Review Image

မပျော်ရွှင်ခြင်းနိုင်ငံနှင့်_အခြားအရေးအသားများ

မိုးသက်ဟန်
Book Review Image

ရေကြည်ရေသန့်ဝတ္ထုတိုများ

ဝင်းဖေ
Book Review Image

မစာဂ၀တီပါဘုရား

မိချမ်းဝေ
Book Review Image

ပဲ့တို့သည်လည်းကောင်း ခေါင်တို့သည်လည်းကောင်း

နွေတေးချို(တောင်တွင်းကြီး)