Book Image

မပျော်ရွှင်ခြင်းနိုင်ငံနှင့်_အခြားအရေးအသားများ

မိုးသက်ဟန်

မပျော်ရွှင်ခြင်းနိုင်ငံနှင့်_အခြားအရေးအသားများ

မိုးသက်ဟန်
၂၀၁၅၊ ဇူလိုင်၊ ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
၁၈၀၀ ကျပ်
နှင်းဆီဖြူ စာအုပ်တိုက်
09 421175535, 09 252210197


ရပ်ကွက်တစ်ခုထဲမှာ လူတွေ လာရောက်မှုအများဆုံး ဆိုင်တစ်ဆိုင် ရှိတယ်။ ' မှတ်ဉာဏ်ဆိုင် ' တဲ့။


မှတ်ဉာဏ်တွေကို ထိန်းသိမ်းပေးတဲ့ဆိုင်။ ကိုယ် မလိုချင်တော့တဲ့မှတ်ဉာဏ်တွေ၊ ကိုယ့်ကို မပျော်ရွှင်စေတဲ့ မှတ်ဉာဏ်တွေနဲ့ နာကျင်စေတဲ့ မှတ်ဉာဏ်တွေကို ကိုယ့်ဆီကနေ ဖယ်ထုတ်ပေးတဲ့ဆိုင်။

ဖယ်ထုတ်ချင်တဲ့လူဟာ သူဖယ်ထုတ်ပစ်ချင်တဲ့ မှတ်ဉာဏ်တွေကို ဖယ်ထုတ်အပြီးမှာ ဘာကို ဖယ်ထုတ်ပစ်လိုက်မှန်းတောင် မမှတ်မိတော့ဘူး။ လေးလံဖိစီး နာကျင်စေတဲ့မှတ်ဉာဏ် ပျောက်ပျက်သွားတဲ့အတွက် ပေါ့ပါးလန်းဆန်းနေမယ်။ သူ့အဖြစ်ကိုလည်း သူ ကျေနပ်နေမယ်။

အဲဒီလိုမျိုး လူတွေ နှစ်သက်နေတဲ့ဆိုင်တစ်ဆိုင်ရဲ့ရပ်တည်မှု၊ နည်းပညာနဲ့ လျှို့ဝှက်ထားတယ်လို့ ယူဆမိကြတဲ့ ကိစ္စတွေကို မီဒီယာတွေက ဖော်ထုတ်ဖို့ ကြိုးစားဖူးတယ်။ ဒါပေမဲ့ မှတ်ဉာဏ်ဆိုင်ရဲ့ ပိုင်ရှင်တို့ မန်နေဂျာတို့ကို မေးမြန်းခွင့် မရကြဘူး။ ဆိုင်ထဲ မဝင်ခင်မှာ ကင်မရာတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို သယ်ဆောင်ခွင့် မပြုတာကြောင့် သတ်မှတ်နေရာမှာ ထားခဲ့ကြရတယ်။ လျှို့ဝှက်ကင်မရာကို ခိုးပြီး သယ်ယူလည်း စစ်ဆေးရေးမှာ တတီတီ မြည်ပြီး ပေါ်ပေါက်တတ်တာကြောင့် လူက လွဲပြီး ဆိုင်ထဲကို ဘယ်လိုလျှို့ဝှက်ထောက်လှမ်းရေးပစ္စည်းမှ ယူမရခဲ့တဲ့အတွက် မှတ်ဉာဏ်ဆိုင်အကြောင်းကို ဘယ်သူမှ ကောင်းကောင်း မသိကြဘူး။

ဒါပေမဲ့ တစ်သီးပုဂ္ဂလ ပြောဆိုမှုတွေအရ သိရတာတချို့တော့ ရှိတယ်။ မှတ်ဉာဏ်ဆိုင်ဟာ အရှိတရားကိုတော့ မဖျောက်ပေးဘူး၊ တခြားလူတွေကို ထိခိုက်စေတဲ့မှတ်ဉာဏ်တွေကိုလည်း ဖယ်ထုတ်မပေးဘူး၊ တစ်ကြိမ်တည်းနဲ့ မှတ်ဉာဏ်များစွာကို ဖယ်ထုတ်မပေးနိုင်ဘူး၊ စသဖြင့်ပေါ့လေ။

မှတ်ဉာဏ်ဆိုင်ကို လက်ခံသူတွေက မှတ်ဉာဏ်ဖျက်တဲ့ကိစ္စဟာ လူသားတစ်ဦးချင်းရဲ့လွတ်လပ်ခွင့်လို့ ဆိုကြပြီး လက်မခံသူတွေကတော့ လူသားဖြစ်တည်မှုကို အနှစ်သာရကင်းမဲ့စေတဲ့လုပ်ရပ်လို့ ဆိုကြတယ်။ စာဖတ်သူဆိုရင်ကော မှတ်ဉာဏ်ဆိုင်ကို ဘယ်လိုထင်မြင်မိမှာလဲလို့ ' မှတ်ဉာဏ်ဆိုင် ' ဆိုတဲ့အရေးအသားထဲမှာ စာရေးသူက မေးထားတယ်။


" တဖက်က လောင်ချာနဲ့ ထုလိုက်တယ်။ ဝုန်းခနဲ၊ ဂျိမ်းခနဲ မြည်ပြီး မြေကြီးတွေ ဖွာလန်ကျဲထွက်။ ခြေထောက်တွေ၊ လက်တွေ၊ ခေါင်းတွေ မိုးပေါ် ပျံတက်သွားတယ်။ သွေးတွေ ရဲခနဲ။ လူတွေ အလဲလဲ အပြိုပြို ပြေးလွှားနေကြ။ သစ်ပင်တွေ မျက်ရည်လည်ရွှဲ ငိုယိုနေကြ။ လောင်ချာသံတွေ၊ အမြှောက်သံတွေ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲလျက်။ ခြေထောက်တွေ၊ လက်တွေ၊ ခေါင်းတွေ မိုးပေါ် ပျံတက်သွားလျက်။ ဒဏ်ရာတွေနဲ့ မြေကြီးဟာ မြန်မြန် အသက်ထွက်ပါရစေဆိုတဲ့ ဆုတောင်းစကားကို တတွတ်တွတ် ဆိုလိုနေတယ်။ "

ပျော်စရာမကောင်းတဲ့နိုင်ငံတစ်နိုင်ငံထဲက ဖြစ်ရပ်တစ်ခုကို စာရေးသူက ဖော်ပြထားတာပါ။

မပျော်ရွှင်ခြင်းနိုင်ငံထဲမှာ မပျော်ရွှင်ခြင်းသစ်ပင်တွေ ပေါက်ရောက်ပြီး မပျော်ရွှင်သူတွေဟာ မပျော်ရွှင်ခြင်း သစ်သီးတွေကို စားသုံးကြတယ်။ စစ်ဘေးဒဏ်ကနေ လွတ်မြောက်လာတဲ့ လူတစ်ဦးကို ကုသကြမယ့် ဆရာဝန်တွေက သူ့ကို အော်ပရေးရှင်းမလုပ်ခင် ဦးနှောက်စကန် ဖတ်ကြည့်လိုက်တဲ့အခါ နှစ်ပေါင်း ခြောက်ဆယ်စာ လောင်ချာသံတွေနဲ့ အမြှောက်သံတွေကို ကြားလိုက်ရပြီး ကြောက်လန့်တကြား ဖြစ်သွားကြတယ်။ တခြားနိုင်ငံက လူတွေဟာ မပျော်ရွှင်ခြင်းနိုင်ငံထဲက မပျော်ရွှင်သူတွေကို အကွက်ကျကျ အသုံးချဖို့ ရောက်လာကြတယ်။ စာရေးသူဟာ မပျော်မရွှင်ဖြစ်နေတုန်း ရလိုက်တဲ့အသံကို ပျော်ရွှင်စွာ ရေးသားခဲ့ပုံ ရပါတယ်။ မြန်မြန် အသက်ထွက်ပါရစေဆိုတဲ့ မြေကြီးပေါ်မှာပဲ နေထိုင်နေရင်း ' မပျော်ရွှင်ခြင်းနိုင်ငံ ' အရေးအသားကို ထုတ်ယူနိုင်ခဲ့ပုံပါပဲ။


မပြီးဆုံးနိုင်သေးတဲ့ စစ်ပွဲတစ်ပွဲရဲ့အသံက ဆူညံစွာ မြည်ဟိန်းနေတယ်။ အသံတွေက မိုးပေါ်ကို ထောင်တက်နေတယ်။ စစ်ပွဲထဲက သေခြင်းနဲ့ ဝေးရာဆီ ပြေးလွှားနေကြသူတွေလည်း ရှိနေတယ်။ ဒီမြင်ကွင်းနဲ့ ဒီအသံတွေကို ဘုရားသခင်တွေနဲ့ နတ်ဒေဝါတွေက မကြားကြ၊ မမြင်ကြဘူးလားလို့ စာရေးသူက အော်မေးတယ်။

စစ်ပွဲရပ်ပေးပြီး ငြိမ်းချမ်းရေးယူကြဖို့ ဆန္ဒပြနေတဲ့အသံတွေလည်း မိုးပေါ်တက်သွားတယ်။ ဘုရားတွေ မကြား၊ မမြင်ကြတာလား မသိ။ လက်နက်ကိုင်ကာ စစ်ပွဲဖန်တီးနေသူကတော့ ငြိမ်းချမ်းရေးအတွက် ငါတို့ စစ်တိုက်နေကြတာပဲဆိုပြီး နားပင်းချင်ယောင် ဆောင်နေကြတယ်။ စစ်ပွဲသတင်းကို ဇာတ်လမ်းတစ်ခု ကြည့်နေသလို လူတွေလည်း ရှိနေတဲ့ မြေကမ္ဘာတစ်ခုအကြောင်းကို ' မကြားရ ထိုအသံ ' ဆိုတဲ့ အရေးအသားထဲ ဖတ်ရှုရပါတယ်။


ဒီစာအုပ်ထဲမှာ Magaret Atwood ရဲ့ Bread နဲ့ Roland Topor ရဲ့ Feeding the Hungry ဝတ္ထုနှစ်ပုဒ်ကို ဘာသာပြန်ထားတာလည်း ထည့်သွင်းဖော်ပြထားတယ်။ Donald Barthelme ရဲ့ I Bought a Little City ကို အကျဥ်းရုံး မြန်မာပြန်ကာ ရေးဖွဲ့ထားတဲ့ အရေးအသားတစ်ပုဒ်ကိုလည်း ဖတ်ရှုရပါတယ်။ ရွှေဝါရောင်တော်လှန်ရေးအတွေ့အကြုံ တစ်ပုဒ်နဲ့ နာဂစ်နဲ့ပတ်သက်တဲ့တစ်ညတာအတွေ့အကြုံ တစ်ပုဒ်ကတော့ ဒီစာအုပ်နဲ့ သိပ်မအပ်စပ်လှဘူးလို့ ထင်မြင်မိတယ်။

' တငွေ့ငွေ့ မီးတို့ တဝုန်းဝုန်း ထမတောက်ခင် ' ဆိုတဲ့ အရေးအသားထဲမှာတော့ စာရေးသူ ဖော်ပြထားတဲ့ဝတ္ထုကို စာရေးသူအနေနဲ့ ဒီလိုဇာတ်သိမ်းလိုက်ပါတယ်၊ စာဖတ်သူအနေနဲ့လည်း ကိုယ်တိုင်ပါဝင်ပြီး ဇာတ်သိမ်းကို ဖန်တီးကြည့်ပါဦးလို့ မေတ္တာရပ်ခံထားတယ်။

ဝတ္ထု၊ ဆောင်းပါးနဲ့ အရေးအသားတွေ ရောယှက်ထားတဲ့ ဒီစာအုပ်ထဲမှာ စုစုပေါင်း စာ ၁၂ ပုဒ်ကို ဖတ်ရှုရပါလိမ့်မယ်။

#လူသာမန်
24.5.2020; 11:50 pm


Publisher Name: နှင်းဆီဖြူစာပေ

Publisher Address: အမှတ် ရ/၅ လွှာ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်၊ ရန်ကုန်မြိုနယ်၊ ရန်ကုန်မြို့။ hninnsiphyu.mm@gmail.com

Publisher Phone Number: 09252210197, 018551347


Related Books

Book Review Image

ငါတွေးသည်_ထို့ကြောင့်_ဒေးကားမရှိ

မိုးသက်ဟန်
Book Review Image

ဝတ္ထုတို ၁၀၀

ရဲသျှမ်း
Book Review Image

ရေကြည်ရေသန့်ဝတ္ထုတိုများ

ဝင်းဖေ
Book Review Image

မစာဂ၀တီပါဘုရား

မိချမ်းဝေ
Book Review Image

ပဲ့တို့သည်လည်းကောင်း ခေါင်တို့သည်လည်းကောင်း

နွေတေးချို(တောင်တွင်းကြီး)