Book Image

ထူးဆန်းသော စာကြည့်တိုက်

စေတ

Murakami
The Strange Library
စေတ မြန်မာပြန်သည်
ထူးဆန်းသော စာကြည့်တိုက်
ပထမအကြိမ်၊ ဖေဖော်ဝါရီလ ၂၀၁၆
Hninn Si Phyu Media & Publishing House
တန်ဖိုး ၁၅၀၀ ကျပ်
စာမျက်နှာ ၉၆မျက်နှာ

စာတစ်ဝက် ပုံတွေတစ်ဝက်ပါတဲ့ ဒီစာအုပ်ဟာ ခါတိုင်းဖတ်နေကျ မူရာကာမိနဲ့ အနည်းငယ်ကွဲထွက်နေသလိုပါပဲ။ ဒါပေမယ့် ထူးဆန်းမှု မှော်ဆန်မှု စိတ်ကူးယဉ်ဆန်မှုတွေနဲ့ အတွေးအမြင်တွေ ပါတာကတော့ မူရာကာမိလို့ပဲ ပြောရမှာပဲ။ စာအုပ်က ပါးပါး သေးသေးလေး၊ ပုံတွေလည်း အများကြီးပါတာမို့ ခဏလေးနဲ့ ဖတ်လို့ ပြီးသွားမှာပါ။ ဒါပေမယ့် တွေးလို့တော့ မပြီးနိုင် မစီးနိုင်ပဲ။ အဲဒါကြောင့် ဖတ်ပြီး ၂လ သုံးလရှိပြီ ဒီစာအုပ်အကြောင်းကို ကိုယ်တွေးလို့ မပြီးသေးဘူး။ ဘာလို့လဲဆိုတော့ နားမလည်လို့လေ။ ဒါနဲ့ ခုတစ်လောမှာ တစ်ခါပြန်ဖတ်တယ်။ ဒါပေမယ့် နားမလည်သေးဘူး။ ဒါနဲ့ အွန်လိုင်းမှာ review တွေလိုက်ဖတ်တယ်။ အားလုံးလည်း ကိုယ့်လိုပဲ ခံစားနေရသလိုပဲ။ ကလေးတွေအတွက် စိတ်ကူးယဉ်စာအုပ်လို့လည်း ပြောကြတယ်။

ဒီလိုပြောတဲ့ အကြောင်းက ဒီစာအုပ်မှာ ခါတိုင်းစာအုပ်တွေမှာလို လိင်ကိစ္စကို ရေးသားထားတဲ့ စာသားတွေမပါဘူး။ ရုပ်ပုံတွေလည်း အများကြီးပါတယ်။ စိတ်ကူးယဉ်မှုတွေလည်းပါတာကြောင့်ဖြစ်တယ်။ နောက်ထပ် သတိထားမိတာတစ်ခုက ဒီစာအုပ်မှာ သီချင်းတစ်ပုဒ်မှ မပါဘူး။ မူရာကာမိရဲ့ ဘာသံစဉ်မှမပါတဲ့ စာအုပ်လည်းဖြစ်တယ်။


ဒီဇာတ်လမ်းမှာ ကျောင်းကပြန်လာတဲ့ ကောင်လေးတစ်ယောက်က စာကြည့်တိုက်မှာ စာအုပ်ဝင်အပ်တယ်။ ပြီးတော့ ထပ်ငှားဖို့ စာအုပ်ရှာတယ်။ ထူးဆန်းတဲ့ စာကြည့်တိုက်မှူးနဲ့ ဆုံကြတယ်။ စာကြည့်တိုက်က လူရှင်းနေတယ်တဲ့။ ကောင်ကလေးသိချင်နေတဲ့ အကြောင်းအရာက အော်တိုမန်အင်ပါယာထဲမှာ အခွန်ကောက်ခံတဲ့ စနစ်တွေအကြောင်း၊ ဒါနဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာအုပ်တွေရှိလားလို့ စာကြည့်တိုက်မှူးကိုမေးတယ်။ သူ့အမေက မင်းဘာအကြောင်း သိချင်သိချင် စာကြည့်တိုက်မှာ သွားရှာလို့ သင်ထားပေးတယ်။

စာကြည့်တိုက်မှူးကြီးက ဟောင်းနွမ်းနေတဲ့ စာအုပ် သုံးအုပ်ကိုင်ပြီး သူ့ဆီပြန်ရောက်လာတယ်။ အဲဒီစာအုပ်တွေက စာကြည့်တိုက်ထဲမှာပဲ ဖတ်လို့ရမယ့် ရှားပါးစာအုပ်တွေတဲ့။ ဒါနဲ့ နာရီဝက်လောက်ပဲ ဖတ်မယ်ဆိုပြီး သူကသဘောတူလိုက်တယ်။ ထူးဆန်းတဲ့ စာကြည့်တိုက်မှူးကြီးက သူ့ကို စာကြည့်တိုက်ရဲ့ မြေအောက်ခန်းထဲက စာဖတ်ခန်းထဲကို ခေါ်သွားတယ်။ အဲဒီထဲမှာပဲ ဖတ်ရမယ်လို့ပြောတယ်။ တကယ်တမ်းတော့ သူ့ကို ဖမ်းဆီးထားလိုက်တာပဲ။

ကောင်လေးက ဘာဖြစ်လို့ သူ့ကို ဖမ်းတာလဲ။ ကျွန်တော်လုပ်ခဲ့တာက စာအုပ်ငှားဖို့ စာကြည့်တိုက်ကို လာခဲ့တာလေးပါပဲ။ ဒါပေမယ့် သူဟာကံဆိုးတဲ့ မဲလိပ်ကို ရွေးချယ်မိပြီး အဖမ်းခံလိုက်ရတယ်။ သူထပ်တွေ့တဲ့ သိုးလူဆိုတဲ့ သိုးအရေခွံလူကြီးက ကမ္ဘာပေါ်က စာကြည့်တိုက်တွေ အမြောက်အမြားမှာ ဒီလိုအဖြစ်အပျက်တွေ ဖြစ်နေတာပဲလို့ ပြောလိုက်တယ်။ သိုးလူကတော့ သူ့ကို အရသာရှိတဲ့ ဟင်းလျှာတွေနဲ့ ဒိုးနပ်တွေကို ယူယူလာပေးတယ်။

ဒါပေမယ့် သူခြေထောက်တွေကိုတော့ သံကြိုးတစ်ချောင်းနဲ့ ချည်ထားတယ်။ ကောင်လေးလုပ်ရမယ့် အလုပ်က ဒီအခန်းထဲမှာနေပြီး သူကိုပေးထားတဲ့ စာအုပ်သုံးအုပ်ကို ကျေညက်အောင် ဖတ်ရှု့လေ့လာရမယ်။ ရည်ရွယ်ချက်ကတော့ အသိပညာတွေနဲ့ ပြည့်ဝနေတဲ့ ဦးနှောက်ဟာ မလှိုင်တွေလို စားလို့ ကောင်းလို့ပဲ။ တစ်လနေတဲ့အခါမှာ ထူးဆန်းတဲ့ စာကြည့်တိုက်မှုးကြီးဟာ ကောင်လေးရဲ့ အသိပညာတွေနဲ့ ပြည့်ဝနေတဲ့ ဦးနှောက်ကို ဖောက်သောက်လိမ့်မယ်။

ကောင်လေးက အဲဒီလောက်အထိ တွေးမပူနိုင်သေးဘူး။ သူစိတ်ပူတာက သူ့အမေ စိတ်ပူပြီး စိတ်ဆိုးမှာရယ်။ သူမွေးထားတဲ့ ဆက်ရက်လေးကို အစာမကျွေးလို့ ငှက်ကလေး သေသွားမှာရယ်ကိုပဲ စိတ်ပူတယ်။ ဦးနှောက်ဖောက်စားခံရမယ့် အန္တရာယ်ကို မကြောက်ပဲ သူဟာ သူများတွေကို လိုက်ပြီး စိုးရိမ်လို့နေတယ်။

သူတွေ့ရဲ့တဲ့ နောက်တစ်ယောက်က အရမ်းလှပတဲ့ မိန်းခလေးတစ်ယောက်။ သူ့အရွယ်လောက်ပဲရှိပြီး သူ့ကို အရသာရှိတဲ့ အစားအသောက်တွေ ယူလာပေးတတ်တယ်။ ဒီမိန်းခလေးဟာ အသံတွေ ဖျက်စီးခံလိုက်ရလို့ လက်နဲ့ပဲ စကားပြောတတ်တယ်။

ကောင်လေးဟာ သိုးလူနဲ့ရော ကောင်မလေးနဲ့ရော ဒီစာဖတ်ခန်းထဲမှာ တွေ့နေပေမယ့် သိုးလူဟာ ကောင်မလေးကို မသိဘူး။ ဒါကို ကောင်မလေးကို သူက မေးကြည့်တော့ <<သိုးလူမှာ သူ့ရဲ့ လောကရှိတယ်။ ကျွန်မမှာ ကျွန်မရဲ့ လောကရှိတယ်။ ပြီးတော့ရှင့်မှာ ရှင့်ရဲ့လောကရှိတယ်>>
<<အဲဒါကြောင့် သိုးလူရဲ့ လောကထဲမှာ ကျွန်မ မရှိတာကြောင့်နဲ့တော့ ကျွန်မတကယ်မရှိဘူးဆိုတာ လုံးဝအဓိပ္ပါယ်မရှိဘူး>>

ဒီအဖြေကို ကောင်လေးကတော့ သဘောပေါက်လို့သွားတယ်။ ကိုယ်လည်း သဘောကျတယ်။ ခင်ဗျားတို့ သဘောပေါက်မလား၊ သဘောကျမလားတော့ ခင်ဗျားတို့လောကထဲကို ဒီစာအုပ်ကို ခေါ်သွင်းလိုက်ကြည့်ပေါ့လေ။

ကောင်လေးဟာ အချုပ်ခန်းထဲမှာနေပြီး အရသာရှိတဲ့ အစားအသောက်တွေ စားလိုက်၊ စာဖတ်လိုက်နဲ့ အချိန်တွေ ကုန်စေလိုက်တယ်။ သူ့ရဲ့ ရန်သူဟာ သူ့ကို စောင့်ကြည့်နေရင် ရန်သူယုံသွားအောင် သူလုပ်ခိုင်းတာ လိုက်လုပ်နေလိုက်တာ အကောင်းဆုံးပဲမလားတဲ့။ စာဖတ်နေရင်း သူဟာ စာအုပ်ထဲက အခွန်ကောက်သူအဖြစ်ပြောင်းသွားလောက်အောင် စာအုပ်တွေကို စိတ်ဝင်တစားသူ ဖတ်တယ်။

ဖတ်ချင်တဲ့ စာအုပ်လည်း ဖတ်ရမယ်၊ အစားကောင်းလည်း စားရမယ်ဆိုရင် အဲဒီအခန်းထဲ ကိုယ်လည်း သွားနေချင်ပါရဲ့။ အိမ်က အမေစိတ်မပူနေအောင်တော့ ကြိုပြောသွားမှာပေါ့။ တစ်လနေရင်တော့ ဦးနှောက်တွေ ဖောက်သောက်မခံချင်ဘူး။ အဲဒီတော့ စာအုပ်တွေကို ဖတ်မကုန်အောင်ကို ယူသွားမယ်။ ကလေးစိတ်ကူးယဉ်စာအုပ် ဖတ်ပြီး ကိုယ်ကိုယ်တိုင်ကို စိတ်ကူးယဉ်မိပါရောလား။

သုံးရက်လောက် ကြာတဲ့ အခါမှာတော့ ဒီအခန်းထဲကနေ သိုးလူရဲ့ အကူအညီနဲ့ သူထွက်ပြေးခဲ့တယ်။ လမိုက်ညမို့ စာကြည့်တိုက်မှူးအဖိုးကြီးဟာ အိပ်နေမှာပဲ။ သူနိုးမသွားအောင် ခြေဗလာနဲ့ ထွက်ပြေးခဲ့တယ်။ ဝင်္ကဘာတွေဆီက ထွက်ပြေးရတာမို့ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ တော်တော်ကြိုးစားပြီး လမ်းရှာလိုက်ရတယ်။ ဒီလိုပြေးနေတုန်း သူက သူ့ရဲ့ ဖိနပ်လေးကို နှမျှော်မိတယ်။ အိမ်ပြန်သွားလို့ စျေးကြီးတဲ့ ဒီဖိနပ်ပြန်မပါလာရင် သူ့အမေဆူမှာကိုလည်း စိုးရိမ်မိတယ်။ 

<<ဒီရူးဖိနပ်ကို မင်းမေ့ခဲ့တာ အကောင်းဆုံးပဲ။ မင်းကရူးဖိနပ်တွေကို အစားထိုးလို့ရတယ်။ ဒါပေမယ့် မင်းက မင်းဘဝကို ဒါမှမဟုတ် မင်းရဲ့ ဦးနှောက်တွေကို အစားထိုးလို့မရဘူး>> သိုးလူက ဒီလိုပြောတယ်။ စာမျက်နှာ ရ၁

အမှန်တရားပဲ။ တစ်ခါတစ်ခါ ကိုယ်တို့တွေဟာ အဖိုးတန်တာနဲ့ အဖိုးမတန်တာကို ခွဲခြားမသိကြဘူး။ ဘဝအတွက် တန်ဖိုးရှိတာတွေကို တန်ဖိုးမရှိတဲ့ အရာတွေနဲ့ လဲပစ်မိတယ်တယ်။

အခက်အခဲတွေ ကြုံပေမယ့် ကောင်ကလေးဟာ စာကြည့်တိုက်ကနေ ငှက်ကလေးနဲ့ ကောင်မလေးရဲ့ အကူအညီနဲ့ ထွက်ပြေးနိုင်ခဲ့တယ်။ အဲဒီမှာ သူ့မွေးထားတဲ့ ငှက်ကလေးဟာ ကောင်မလေးဖြစ်လို့နေတယ်။ သူအိမ်ပြန်ရောက်တော သူ့အမေက သူ့ကို မဆူပဲ ညစာပဲပြင်ကျွေးတယ်။ သူ့ဖိနပ်ဘယ်ရောက်သွားလဲလို့လည်း မမေးဘူး။ သူ့ဆက်ရက်ငှက်လေးလည်း ပျောက်နေတယ်။ ဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ခဲ့ပါတယ်လို့ သက်သေပြစရာ သူ့မှာ ဘာတစ်ခုမှ မရှိဘူး။ သိုးလူဟာလည်း ပျောက်ဆုံးလို့ သွားတယ်။

သိပ်မကြာခင်မှာ သူ့အမေဟာ ထူးဆန်းစွာ သေဆုံးသွားတာမို့ သူဟာ တစ်ယောက်ထဲ အထီးကျန်လို့နေတယ်။ ငှက်ကလေးလည်း မရှိတော့ဘူး၊ အမေလည်း မရှိဘူး၊ သိုးလူလည်း မရှိဘူး၊ စာကြည့်တိုက်မှုးလည်း မရှိတော့ဘူး။ သူဟာ မြေအောက်ခန်းထဲက အချုပ်ခန်းလေးကို သတိရမိတယ်တဲ့။ ဒါပေမယ့် စာကြည့်တိုက်ကို သူဘယ်တော့မှ မသွားတော့ဘူး။…

ဒီစာအုပ်က ထူးဆန်းတဲ့ စာကြည့်တိုက်အကြောင်း ရေးထားတဲ့ ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ပေါ့။

မယ်ကျွိ
ညနေ ၄နာရီ ၅၆မိနစ်
၇ ရက် ဇန်နဝါရီလ ၂၀၁၇ခုနှစ်


Publisher Name: နှင်းဆီဖြူစာပေ

Publisher Address: အမှတ် ရ/၅ လွှာ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်၊ ရန်ကုန်မြိုနယ်၊ ရန်ကုန်မြို့။ hninnsiphyu.mm@gmail.com

Publisher Phone Number: 09252210197, 018551347


Related Books

Book Review Image

မင်းသုဝဏ်၏ လက်ရာစုံမင်းသုဝဏ်

မင်းသုဝဏ်
Book Review Image

ကွန်ညက်

ဒေါက်တာခင်မောင်ညို
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၂

ဦး​အောင်​
Book Review Image

က​လေးများအတွက်​ အ​ခြေခံသရုပ်​​ဖော်​စကားလုံးများ

ပြည်​​ကျော်​​ကျော်​
Book Review Image

စကားလုံးများနှင့်ဆေးရောင်ခြယ်

ပြည်​​ကျော်​​ကျော်​
Book Review Image

ဦးဖိုးကျား၏ ကိုယ်တွေ့၀တ္ထုများ -၁

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား၏ ကိုယ်တွေ့၀တ္ထုများ -၂

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား ၏ ကိုယ်တွေ့၀တ္ထုများ - ၃

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား ၏ ကိုယ်တွေ့၀တ္ထုများ ၄

ဦးဖိုးကျား