Book Image
ပါပီယွန်

ကိုယ်ရေးအကျဥ်းမဟုတ်ပေမယ့် ရုပ်ပုံလွှာသဘောလေး ရေးထားတဲ့ ကိုဖိုးသော်တာရဲ့လက်ရာလေးပါ

#mymemoirs_papillon_plm


#စိန့်ဟယ်လီနာကဖေးထဲမှာ ဂစ်တာတီးခတ်နေသူတဦးသို့

                               (၁)


ကုတင်တလုံးအောက်က ဒိုင်ယာရီစာအုပ်များ ၊ ရေတွင်းပျက်တခုထဲသို့ ပြစ်ချခြင်းခံခဲ့ရသော ထိုဒိုင်ယာရီစာအုပ်များ ၊ လက်ကီးစထရွိုက် ကားမှတ်တိုင်တခုမှာ ကျွန်တော်စောင့်နေခဲ့ပါတယ် ဟူသည့်စကားဝှက်….. ကမ္ဘာကျော်အောက်စဖို့တက္ကသိုလ်ကြီး၏ ကောလိပ်တခု၀င်းထဲသို့ အငမ်းမရ၀င်ချင်နေသော မြန်မာပြည်မှလူငယ်လေးတဦး နှင့် အဖိုးအိုတဦး၏အမေးအဖြေ…စသည်ဖြင့် စာအုပ်၏ပထမပိုင်းအကြောင်းအရာများက ကျွန်တော့ကို ဆွဲဆောင်ခေါ်ယူသွားသည်။


သူ့ကိုစတင်သိကျွမ်းရသည်မှာ နှုတ်ခမ်းမွှေး ကိုကျော်ကျော်မျိုးဆွေကြောင့်ဖြစ်သည်။ ခုနှစ်မမှတ်မိတော့ပြီဖြစ်သည့်ကာလတခု…။ သန်လျင်ရှိ ကိုအောင်ကြင့်ခြံတွင် သူခင်မင်ရင်းနှီးသူများကိုသာသီးသန့်ဖိတ်ကြားသော သူ့မင်္ဂလာလက်ထပ်ပွဲတွင်ဖြစ်သည်။ 


                                (၂)


“ ကိုလ..သူက .............တဲ့။ ကလက်စီကယ်လ်ဂီတာတီးတယ်။ ခင်ဗျားက ဂီတဝါသနာပါလို့ မိတ်ဆက်ပေးတာ။ ကိုပါလို့သာခေါ်ဗျာ “ ဟု ကိုကျော်ကျော်မျိုးဆွေက မိတ်ဆက်ပေးသည်။ ကလက်စီကယ်လ်ဂီတကို သူကျွမ်းကျင်စွာတီးခတ်ပြသည်။ ကျွန်တော်က သူဂီတာလေး ခဏကိုင်တွယ်စမ်းသပ်တော့…

“ အကိုဂစ်တာ စ ကိုင်ပုံကြည့်ကတည်းက တီးတတ်မှန်း ကျွန်တော်သိပါတယ်” ဟုသူကဆိုလေသည်။ နောက်တခါကျတော့ သူကိုကျော်နှင့် အိမ်လိုက်လာသည်။ လက်ဘက်ရည်ဆိုင်ထိုင် ကျွန်တော်နှင့်ကိုကျော် အလူးအလဲငြင်းခုန်နေကြသည်ကို သူဘေးကနားထောင်နေသည်။ တလုံးမှ၀င်မပြော။ အင်မတန်အေးဆေးစွာနေတတ်သည်။ ကိုကျော်ဆိုသူမှာ အင်မတန်ခေါင်းမာသော ၊ ပေါင်းရသင်းရခက်သော ၊ စကားလုံးမရွေး တုတ်ထိုးအိုးပေါက်ပြောတတ်သူတဦးဖြစ်သောကြောင့် လူတိုင်းနှင့်တည့်လေ့မရှိပါ။ ကျွန်တော်နှင့်လည်း သိပ်အစေးမကပ်လှ။ သို့ရာတွင် သူ့တွင်သူများကို ကူညီချင်စိတ်အလွန်ရှိသည်။ စည်းစနစ်ကြီးသည်။ကူညီစရာရှိ သူ့မိန်းမလေးဆွဲကြိုးကိုပင် ချွတ်ရောင်းခိုင်းပြီး ကူညီတတ်သူဖြစ်သည်။ သူများကို နောက်ကျောဓါးနှင့်ထိုးတတ်သူမဟုတ်။ ထိုသို့သောချစ်စရာအကွက်လေးများရှိသည်။ သူနှင့်ကိုပါမှာလည်း ထိုနည်းနှင်နှင်ဖြစ်သည်။


ဖေ့စ်ဘုတ်သုံးတော့ ဝေးကွာနေသူတွေပြန်တွေ့သည်။ မိတ်ဆွေအသစ်များ တိုးလာသည်။ ကိုကျော်ကျော်မျိုးဆွေ၏ ဖေ့စ်ဘုတ်စာမျက်နှာ ပို့စ်အောက်တွင် ကော်မန့်တခုကိုတွေ့ရသည်။ ကိုကျော့်ကို ကလိတိတိ ကော်မန့်၀င်ပေးသည်။ တော်ယုံဆိုလျှင် ထဆဲလေ့ရှိသော ကိုကျော်ကလည်း ပါပီယွန်ဆိုသူကို ပြန်လည်နောက်ပြောင်နေကြသည်။ ထိုသို့မြင်ရခြင်းမှာ တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် အကြိမ်ကြိမ်ဆိုတော့ ကျွန်တော်အတော်စိတ်၀င်စားမိသွားသည်။ သူ့ကလိချက်လေးတွေက လှပထိမိနေသည်ကိုး။ သို့ဖြင့် ကိုကျော့်ကို CB မှ ပါပီယွန်ဆိုတာဘယ်သူလဲမေးမိသည်။


“ ဟာ…ကိုလ…ခင်ဗျားတကယ်မသိဘူးလား။ ကိုပါလေ “ ဆိုသဖြင့် ကျွန်တော်အတော်အံ့သြသွားသည်။ စကားဝိုင်းတွင် အင်မတန်အေးဆေးငြိမ်သက်စွာနေသူက ဒီလိုစကားလုံးပြောင်ပြောင်တွေ ထွက်လာလိမ့်မည်မထင်ထားခဲ့။ သူနှင့် ဖရန်းဖြစ်ပြီး ဘာလို့မအက်ပေးတာလည်း မေးမိတော့ ..” ကျွန်တော်က ပေါက်ကရတွေရေးနေတာဆိုတော့ အကို့အားနာလို့ “ တဲ့။ အစစ်အမှန်လောကနှင့် အတုယောင်လောကဟုဆိုကြသည့် နယ်ပယ်တွင် ကျွန်တော်နှင့်သူသိကျွမ်းရပုံဖြစ်သည်။ သူဘာလုပ်လည်း ကျွန်တော်မသိခဲ့ပါ။ သူကလည်း တခွန်းမှမပြောခဲ့ပါ။ ဒီလိုနှင့်သူရေးတင်သောစာများကိုသာမက သူ့အောက်က ကော်မန့်များကိုပါ ကျွန်တော်စိတ်၀င်တစား စောင့်ဖတ်နေခဲ့သည်။ အဲတော့မှသိလာသည်က သူသည် နယူးကာဆယ်တက္ကသိုလ်တခုတွင် ကျောင်းတက်လာခဲ့သူ ၊ စာရေးကောင်းသူ ၊ရိုင်းပျမှုမရှိသူ ဟူ၍ တဖြည်းဖြည်းသိလာသည်။ တရက်ဖေ့စ်ဘုတ်တွင် သူတင်ထားသော စတေးတပ်စ်တခုကို မြင်လိုက်ရသည်။ ကမ္ဘာကလေးစားရသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်အမျိုးသမီးကြီးတဦးအား သူနှင့်လေယာဉ်တစီးတည်းဖြစ်တောတွေ့သဖြင့် သွားကန်တော့ပုံ ၊ ထိုအမျိုးသမီးကြီး၏ သူ့အားဆုံးမစကားတို့ကို ပြန်ရေးပြထားသည်။ သူ့ပညာသင်ဆုကြောင့် သူကျောင်းတက်ခဲ့ရပုံ။ အဖြစ်အပျက်များကို စက္ကူအရုပ်ဆက်ပုံဖော်သလို တဖြည်းဖြည်းပုံဖော်ရသည်။ နှုတ်ဆိတ်နေနိူင်ခဲ့သူပါတကား….။


မကြာသေးမီကာလတခုက သူ့ဖေ့စ်ဘုတ်အကောင့်ကို အပြီးတိုင်ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ရေးတင်လိုက်သည်။ ကျွန်တေ်ာအတော်စိတ်မကောင်းဖြစ်သွားသည်။ သူရေးတင်သည့်စာလေးတွေကို နှင်းဆီဖြူမဂ္ဂဇင်းက ဖော်ပြပေးတတ်လေ့ရှိသည်။အမုန်းတရားများ ၊ အာဃာတများရေးတင်သည့် သူအချို့သာ ဒီလိုစိတ်ရှိစေချင်သည်။ စာကောင်းပေမွန်လေးတွေရေးတတ်သည့်သူ့ကို ဆက်ရေးစေချင်နေမိသည်။ အတန်ကြာတွေးပြီး သူ့အောက်တွင် ကျွန်တော်ကော်မန့်တခုချရေးလိုက်သည်။


“ ဒါဟာ စိတ်ဓါတ်ခိုင်မာမှု မရှိတဲ့ သဘောဘဲ “ ဟူ၍ဖြစ်သည်။


                    (၃)


သူတကယ်ပင် ပိတ်သိမ်းခဲ့ပါသည်။ ကျွန်တော်သူ့ကို စိတ်ဓါတ်ခိုင်မာမှုမရှိဟု ချရေးလိုက်ခြင်းမှာ ကျွန်တော့အတွေးနှင့် ကျွန်တော်ထင်ပြီးရေးလိုက်ခြင်းဖြစ်သည်။ ဒီလိုနှင့် သူနှင့်မတွေ့တော့။ သူ့စာလေးတွေမဖတ်ရတော့။ သူ့ဖုန်းလည်း ကျွန်တော့တွင်မရှိပါ။ လအနည်းငယ်အကြာတွင်မူ သူအွန်လိုင်းပေါ်ပြန်ရောက်လာသည်။ သူ့စာလေးများအား စာအုပ်အဖြစ်ထုတ်ဝေမည့်အကြောင်း ရီရွှမ်း ပတ်ရွှမ်းရေးထားသည်။ တမင်နောက်ပြောင်သည်လား အတည်လား အသေအချာမသိခဲ့သော်လည်း သူ့စာလေးတွေပြန်မြင်ရတော့မည်မို့ ၀မ်းသာမိသည်။ နောက်တော့ တကယ်လည်းထုတ်ဖြစ်သည်မို့ မုဒိတာပွားရသည်။

သူ့စာများမှာ ၀တ္ထုတိုလည်းမဟုတ် ၊တိုတိုလေးပင်ဖြစ်သည်။ သို့သော် ကိုဝေးခေါင်အမှာတွင်ရေးထားသလို တိုတာနဲ့စာပေတန်းနဲ့ မသက်ဆိုင်။တမူကွဲနေသည့် အရေးအသားမျိုးတွေဖြစ်သည်။ ထိုသို့ဖြစ်အောင်သူတမင်လုပ်ထားဟန်မရှိပါ။ သူ့စိတ်အခံအတိုင်းသာ ရေးသည်ဟု ကျွန်တော်ယုံကြည်သည်။ နိုင်ငံခြားတွင် ကြုံတွေ့ခဲ့ရခြင်းများကို ရေးဟန်က မောင်တင်မြ၏ အိမ်ပြန်စို့လား ဂျိမ်းရေ ၀တ္ထုတိုစုစည်းမှုပါ စာများနှင့်တူသည်ဟု ကျွန်တော်ခံစားရသည်။ သူမိတ်ဆက်ပေးသဖြင့် စကယ်လီများနှင့်ကြုံရသည်၊ အအေးဘူးဖြန့်သည့်ဆိုင်မှာအလုပ်လုပ်သည့် ဖိုးရှောင်ကိုတွေ့ဖူးသည်၊ချာလီ ၊ ဖက်တီး၊ ပေါင်စတာလင် ၂၀ တန် ငွေစက္ကူများနှင့် အင်္ဂလန်ပြည်တနေရာက ကူလီထမ်းနေရသောအော့ကီးများ စသည့် ဘ၀များကိုထိတွေ့ရသည်။ ဆမ္မားဆက်မွန်ကို သူနှင့်တူတူ မုန်းမိသွားသည်။ သို့ရာတွင် သူရေးထားသော အဖြစ်အပျက်အချို့မှာ စိတ်ညစ်စရာကောင်းသော်လည်း အရေးအသားကမြူးနေသည်။ စိတ်ညစ်ရလိုက် ၊ ပြုံးမိလိုက်ဖြစ်ရသည်။

ကျွန်တော့်ရင်ကို အထိဆုံးစာမှာ ရေပွက်ပမာ ဆိုသည့်၀တ္ထုလေးပင်ဖြစ်သည်။ “ ကျွန်တော် ခုထိ ကော်ဖီသောက်နေသေးတယ် သိလား “ဆိုသည့် သူ့အဆုံးသတ်မှာ ကျွန်တော်နောက်တပုဒ်ဆက်မဖတ်ဖြစ်သည်အထိ ကြေကွဲသွားသည်။

စိန့်ဟယ်လီနာကျွန်းနှင့်တူသည့် ကဖေးဆိုင်လေးထဲတွင် ဂစ်တာလေးပိုက်ရင်း ညီမလေးကိုထိုင်စောင့်နေသော နပိုလီယန်တယောက်ဆီကစာများကို ကျွန်တော်မျှော်လင့်နေပါသေးသည်။ လောလောဆယ်တော့ ကျွန်တော်မကြာခဏပြန်ဖတ်ဖြစ်မည့် ကျွန်တော့စာအုပ်စင်က စာအုပ်များထဲတွင် နေရာတနေရာ ပေးထားမိလိုက်တော့သည်။


(ညီငယ် စိုင်းလင်းပန် ခေါ် ပါပီယွန် သို့)


ဖိုးသော်တာ


၂၇ မတ် ၂၀၁၇ တနင်္လာ။


Reference from: Facebook

Written Books

Book Review Image

မက္ကဇင်ပါပီ

ပါပီယွန်
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်
Book Review Image

ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ် အကျိုးအပဲ့လေး

ပါပီယွန်
Book Review Image

ဆံနွယ်ခက်ခက် အိပ်မက်ရနံ့ဟောင်း

ပါပီယွန်