Book Image

အိပ်ဇိုးဒပ် နိုင်ငံတစ်ခုမွေးဖွားခြင်း

မောင်မိုးသူ

အိပ်ဇိုးဒပ်သည် လီယွန်အူးရစ်ရေးသားသည့် စာအုပ်ဖြစ်ပြီး ဆရာမောင်မိုးသူ၏ ဘာသာပြန်လက်ရာမွန် ဖြစ်သည်။ ဤစာအုပ်သည် ဒုတိယကမ္ဘာစစ်ကြီးအပြီး ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ၌ အာရပ်နိုင်ငံများ ဝိုင်းရံထားသည့် အလယ်တွင် အစ္စရေးဟူသော နိုင်ငံလေး ပေါ်ပေါက်နိုင်ရေးအတွက် အစ္စရေး (ဂျူး) အမျိုးသားများသည် နှစ်ပေါင်း ၂၀၀၀ ကျော်မျှ ခေတ်အဆက်ဆက် ဘိုးဘေးဘီဘင်များ လက်ထက်ကပင် အခက်အခဲ အကျပ်အတည်း အတားအဆီးများကို ရုန်း၍၊ ကန်၍ ရင်ဆိုင်၍၊ ကျော်၍ လွှား၍ တွန်းလှန်၍ တည်ထောင်ဖန်တီးခဲ့ရသည့် အချက်ကို ဤစာအုပ်က ကွက်ကွက်ကွင်းကွင်း ထင်းထင်းကြီးပေါ်အောင် ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်ဟု ဆရာကြီး လင်းယုန်မောင်မောင်၏ အမှာစာတွင် ရေးသားထားသော စာအုပ်ဖြစ်သည်။ 


လီယွန်အူးရစ်ရေးပြီး ဆရာမောင်မိုးသူ ဘာသာပြန်တဲ့ အိတ်ဇိုးဒပ်ကို ဖတ်တော့ စာအုပ်တစ်အုပ် အရင်ဆုံး ခေါင်းထဲမှာ ပေါ်လာပါတယ်။ အဲဒါစာအုပ်ကတော့ ကနေဒါကွိဘက်က ကာတွန်းဆရာ Guy Delisle ရေးတဲ့ ဂျေရုဆလင်ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ အိတ်ဇိုးဒပ်မှာတော့ အစ္စရေးနိုင်ငံတစ်ခုကို ဖြစ်ပေါ်လာဖို့ ဘယ်လို ကြိုးစား တည်ဆောက်ခဲ့ကြရတယ်ဆိုတာကို သမိုင်းအဖြစ်အပျက် အမှန်တွေအပေါ် မူတည်ဇာတ်အိမ်ဖွဲ့ ရေးဖွဲ့ထားပြီး ကာတွန်းဆရာရဲ့ စာအုပ်မှာတော့ မျက်မှောက်ခေတ် အစ္စရေးနိုင်ငံရဲ့ ပုံစံကို ကာတွန်းဆရာတစ်ယောက်ရဲ့ အမြင်နဲ့ ပုံဖော်ရေးဆွဲထားပါတယ်။ နောက် မိတ်ဆွေတစ်ယောက်က အိတ်ဇိုးဒပ်နဲ့အတူ (အကြီးအကဲ) နိုင်ငံတစ်ခု ပျက်သုန်းခြင်းဆိုတဲ့ စာအုပ်နဲ့ တွဲဖတ်ဖို့ ညွှန်းလာပါတယ်။ အဲဒီစာအုပ်ကိုလဲ လီယွန်အူးရစ်ရေးတာပါပဲ။ ဆရာမောင်ပေါ်ထွန်းက ဘာသာပြန်တယ်လို့ သိရပါတယ်။ သွားဝယ်တော့ စာအုပ်ဆိုင်တွေမှာ မရှိပါဘူး။

အစ္စရေးနိုင်ငံဆိုတာ သဲကန္ဒာရထဲကနေ အခက်အခဲ အတားအဆီးပေါင်းစုံကြားကနေ၊ စစ်ပွဲမျိုးစုံ၊ ရန်သူပတ်လည်ဝိုင်းနေတဲ့ အခြေအနေကြားကနေ ခေတ်မှီနိုင်ငံတစ်ခုအဖြစ် အလျှင်မြန်ဆုံး ထိုးထွက်လာနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ စင်္ကပူနိုင်ငံရဲ့ ဖခင်ကြီး လီကွန်ယုအကြောင်းကို ဖတ်တော့ စင်္ကာပူနိုင်ငံကို အမြန်ဆုံးတည်ဆောက်ရာမှာ အစ္စရေးရဲ့ နမူနာကို အများကြီး ယူခဲ့တယ်လို့ သိခဲ့ရပါတယ်။ နောက်ပြီး ပါလက်စတိုင်းဆိုတဲ့ ဒေသမှာ အခုအချိန်အထိ ပရိပက္ခပေါင်းစုံနဲ့ နဘမ်းလုံးနေဆဲ၊ အဲဒီ ပရိပက္ခတွေ ဘယ်က စဖြစ်လာသလဲ စသည်ဖြင့် သိချင်တာတွေ များလာပါတယ်။ အဲဒီလို သိချင်နေတဲ့ ကျွန်တော့်အတွက် အိတ်ဇိုးဒပ်က ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါတယ်။ သမိုင်းကို သမိုင်းလို မပြောပဲ ဝတ္ထုဆန်ဆန် ပြောတော့ အစကအဆုံးအထိ ဖတ်ကောင်းကောင်းနဲ့ ဖတ်လိုက်တာ အလုပ်မလုပ်ဖြစ်မှာစိုးလို့ ခဏခဏ ရပ်ထားရတဲ့ အထိပါပဲ။ 

အိတ်ဇိုးဒပ်ကတော့ ဂျူးစာရေးဆရာ တစ်ယောက်ရေးတာ ဖြစ်တာနဲ့အညီ ဂျုးတွေဖက်က အဓိကထား ရေးသွားပါတယ်။ အိတ်ဇိုးဒပ်ဆိုတဲ့ သင်္ဘောကြီးနဲ့ ဗြိတိသျှတွေ ဂျူးတွေကို ဖမ်းဆီးစုစည်းထားရာ ဆိုင်ပရပ် ဒုက္ခသည် စခန်းကနေ ဂျူးကလေးတွေ အများကြီးတင်ပြီး ပါလက်စတိုင်းကို ထွက်ခွာခွင့်တောင်းရာကနေ ဇာတ်လမ်းစပါတယ်။ ထွက်ခွာခွင့်ပေးဖို့ အစာငတ်ခံ ဆန္ဒပြတိုက်ပွဲတွေ ရက်ပေါင်းများစွာ ဆင်နွဲပြီးမှ ပါလက်စတိုင်းကို ထွက်ခွာဖို့ ဗြိတိသျှတို့က ခွင့်ပြုခဲ့ပါတယ်။ အဲဒီ အိတ်ဇိုးဒပ်သင်္ဘောကြီးက အစပြုလို့ အမေရိကန်နိုင်ငံသူ ကစ်တီဆိုတာ ပါဝင်ပတ်သက်လာပါတယ်။ ကစ်တီနဲ့အတူ ဂျူးတော်လှန်ရေးခေါင်းဆောင် အယ်ရီဘင်ကင်နင် ဇာတ်ရုပ်က ကြွလာပါတယ်။ ကစ်တီ၊ အယ်ရီအတွဲ နောက်တော့ ကစ်တီ သံယောဇဉ်ဖြစ်မိတဲ့ ကာရင်နဲ့ ဒပ်အတွဲ စသည်ဖြင့် ဇာတ်ကောင်တွေ ဝင်လာပါတယ်။ အဲဒီကနေ ဆက်သွားလိုက်တာ ဂျူးလွှတ်မြောက်ရေး တိုက်ပွဲပေါင်းများစွာ ပါဝင်လာပါတော့တယ်။ နောက်ဆုံး အစ္စရေးနိုင်ငံ ထူထောင်နိုင်ခဲ့ပုံ၊ ဂျူးများအနေဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ပျောက်ဆုံးနေခဲ့သော နိုင်ငံကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပုံတွေကို အားရပါးရ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ 

ဖတ်ညွှန်းရေးသားသူ - စိုးသီဟနောင်


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

အကြီးအကဲ (နိုင်ငံတစ်ခု ပျက်သုဉ်းခြင်း)

မောင်ပေါ်ထွန်း
Book Review Image

မရဏကုန်သည်

မောင်မြင့်ကြွယ်
Book Review Image

လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ

ညီပုလေး
Book Review Image

ကဘူးလ်မြို့ကစာအုပ်ဆိုင်ပိုင်ရှင်

စိန်၀င်းစိန်
Book Review Image

မိုးသောက်အရုဏ်

တင့်ဇော်