ဒီဇင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့ကို ကလေးတွေအတွက် လူကြီးတွေ ဖတ်သင့်တဲ့ သုတစာအုပ်တစ်အုပ်နဲ့ နှုတ်ခွန်းဆက်သချင်ပါတယ်။ 'ကိုဆန်း(R/O)' ဘာသာပြန်ဆိုထားတဲ့ "သင့်ကလေးများကို ဖိုမပညာပေးအကြောင်း ဘယ်လိုပြောမလဲ"ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ စာအုပ်အမည်နဲ့တင် စာအုပ်အကြောင်းအရာကို ခန့်မှန်းလို့ ရလောက်ပါပြီ။ ဟုတ်ပါတယ်... ကလေးတွေကို လိင်ပညာပေးတာနဲ့ ပတ်သက်တဲ့ စာအုပ်လေးပါ။
ဒါပေမဲ့ ဒီစာအုပ်က လိင်ပညာပေး အကြောင်းအရာထက် လိင်ပညာပေးကို ဘာကြောင့်လုပ်သင့်တာလဲ၊ ဘယ်လိုပုံစံနဲ့ လုပ်သင့်လဲ၊ ဘယ်အရွယ်မှာ ပညာပေးပြောကြားသင့်လဲ စတာတွေကို ပညာပေးမယ့် ဖေဖေ၊ မေမေနဲ့ လူကြီးအားလုံးအတွက် လမ်းညွှန်အကြံပြုထားတာ ဖြစ်ပါတယ်။ အဲဒီအပြင် လိင်ပညာပေး၊ ဖိုမပညာပေး ပြုလုပ်မယ့် လူကြီးမိဘတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေလည်း ပါဝင်ပါတယ်။
- လိင်ပိုင်းဆိုင်ရာ မေးခွန်းတွေ၊ ကလေးမွေးပုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ကလေးက မေးလာရင် ဘာလုပ်သင့်လဲ။
- လိင်ပညာပေးကြောင့် ကလေးတွေဟာ အချိန်မတန်ဘဲ စူးစမ်းမှုတွေ ပြုလုပ်လာရင် ဘယ်လိုလုပ်မလဲ။
- ကလေးကို လိင်ပညာပေးစာအုပ် ပေးဖတ်သင့်လား။
- ကလေးတွေနဲ့ မိဘတွေ အိပ်ခန်းတစ်ခန်းတည်း၊ အိပ်ရာတစ်ခုတည်း အိပ်သင့်လား။
စတဲ့ လူကြီးမိဘတွေ ပူပန်နေတဲ့၊ စဥ်းစားရကြပ်နေတဲ့ မေးခွန်းတွေအတွက် အဖြေတွေ၊ စဥ်းစားလေ့လာစရာတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြထားတာ တွေ့ရပါလိမ့်မယ်။
ဒီလိုအကြောင်းအရာတွေကို အပိုင်း ၂၇ ပိုင်းခွဲပြီး ဖော်ပြထားတဲ့အတွက် မိမိအတွက် ပိုလိုအပ်တဲ့အပိုင်းတွေကို အရင်ဆုံး ရွေးချယ်ပြီးလည်း ဖတ်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီး ကလေးငယ်တွေအတွက် လူကြီးမိဘတွေအားလုံး ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ 'စာဖတ်ကြပါစို့' အစီအစဥ်ကတဆင့် တိုက်တွန်းလိုက်ပါတယ်။
နောက်အပတ် တနင်္လာနေ့မှာ ပြန်လည်ဆုံတွေ့မယ့် ခိုင်မွန်ပါ။
#စာဖတ်ကြပါစို့
#Bookreview
#ThaByaeBookCampaign
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845