#အသိတရားများကွယ်လွန်ခြင်း
(သစ္စာနီ)
(၁)
ကဗျာနဲ့ စကားပြေ၏ အဓိကကွာခြားမှုမှာ တင်စားမှုဖြစ်သည်ဟု ထင်သည်။ ကဗျာသည် တင်စားမှုကို ဦးစားပေးသောအနုပညာပုံစံဖြစ်သည်။ လူသာမန်သည် စကားပြေ(အက်ဆေး/ဝတ္ထုတို) ရေးသလို ကဗျာလည်း ရေးသည်။ စကားပြေအရေးများသဖြင့် သူ့ကို ကဗျာရေးသူတစ်ဦးအနေဖြင့် တစ်ခါတစ်ရံ (ကျွန်တော်ကိုယ်တိုင်ပင်) မေ့လျော့နေတတ်သည်။ သူက မေ့လျော့နေသူများကို ယခုစာအုပ် ' ဖုတ်ကောင်ခေတ်မှာ ပွင့်တဲ့ ဘုရား ' နှင့် လှုပ်နှိုးလိုက်သည်။
နိုင်ငံတကာရုပ်ရှင်လောကတွင် (Zombie) ဖုတ်ကောင်ရုပ်ရှင်များမှာ အထူးလူကြိုက်များကာ ခေတ်စားခဲ့သည်။ မကြာခင်က ရေပန်းစားခဲ့သော ' ဘူဆန်သွားရထား ' ကိုရီးယားရုပ်ရှင်မှာ ဖုတ်ကောင်ရုပ်ရှင်ပင် ဖြစ်သည်။ ဖုတ်ကောင်တစ်ကောင်အကိုက်ခံရလျှင် အကိုက်ခံရသူကို ထိုရောဂါပိုး ကူးစက်သွားသည်ဟု ယူဆသတ်မှတ်ထားကြသည်။ (အတိတ်ခေတ်ဖုတ်ကောင်များမှာ ပယောဂ သို့မဟုတ် အောက်လမ်းနည်းဖြင့် အသက်သွင်းထားသော လူသေများသာ ဖြစ်သည်။) ဖုတ်ကောင်ဆိုသည်မှာ မူလလူသားသဘာဝပျောက်ဆုံးနေကာ အမှောင့်ပယောဂအစွမ်းဖြင့် အသက်ဆက်နေသူဟု အဓိပ္ပာယ်ရသည်။ ယခု လူသာမန်ရေးဖွဲ့သည့်ဖုတ်ကောင်မှာလည်း ထိုအချက်ကိုပင် ရည်ရွယ်လိုရင်းဖြစ်ကြောင်း သိသာပါသည်။
အတွင်းမှာ ပါဝင်သည့် ကဗျာ ၃၇ ပုဒ်ကိုမူ ' ကူးစက်ကဗျာ ' ဟု အမည်(နံပါတ်) တပ်ကာ ခွဲခြားထားသည်။ ယခုအခါ ' စီးရီး ' ခေါင်းစဉ်အနေဖြင့် အတွဲကဗျာရေးသည့်ဓလေ့ ထွန်းကားလာသည်ကို တွေ့ရသည်။ အောင်ချိမ့်၏ ' ပုံပြောသူ ' ၊ ' စုဘူး ' စသည့် ကဗျာများ၊ ကျွန်တော်၏ ' ရှုခင်းများ ' ၊ ' ခေတ် ' စသည့် ကဗျာများမှာ ထိုပုံစံအမျိုးအစားများ ဖြစ်သည်။ ကျွန်တော့်တစ်ဦးတည်းသဘောအရပြောရလျှင် ထိုကဗျာအမျိုးအစားများမှာ ကဗျာအတိုများ တွဲစပ်ဖွဲ့သီထားသည့်ပုံစံဖြစ်သော်လည်း ဆက်ဖတ်ရှုလိုက်လျှင် ကဗျာရှည်တစ်ပုဒ်၏အရသာလည်း ပေါ်လွင်သည်ဟု ထင်မြင်မိပါသည်။ သေချာတာက ကဗျာရေးသူသည် ပါးနပ်သူဖြစ်ပါက (လှပအောင်) အစနှင့် အဆုံးကို သတိထားဖန်တီးတတ်ခြင်း ဖြစ်သည်။ ဤအချက်ကို ဤကဗျာစာအုပ်၌ သိသိသာသာ တွေ့ရသည်။
" ဖုတ်ကောင်ကိုက်ရာတွေနဲ့ ကဗျာများစွာကို ကျုပ် တွေ့နေရ
သွေးစက်စက်ကျလို့
အပုပ်နံ့ထွက်လို့ . . . "
ပထမဆုံးကဗျာအစပုဒ် ဖြစ်သည်။ အဆုံးပုဒ်တွင်မူ --
" ဘာဖုတ်ကောင်မှ မရှိခဲ့ပါဘူး "
ဟု တစ်ကြောင်းတည်းနှင့် အဆုံးသတ်ထားသည်။ ကဗျာဆရာ သို့မဟုတ် လူတွေ၏ထင်ယောင်ထင်မှားဖြစ်မှုကို ဖွင့်ထုတ်ပြချင်တာလား။
(၂)
ကျွန်တော်သည် နှင်းဆီဖြူ မဂ္ဂဇင်း (ဇွန်၊ ၂၀၁၄) တွင် ' ဖရန်ကင်စတိန် ' အမည်ဖြင့် ကဗျာတစ်ပုဒ် ရေးခဲ့သည်။ (ဤအမည်ဖြင့်ပင် ဝတ္ထုလတ်တစ်ပုဒ်လည်း ရေးခဲ့သည်။) ဖရန်ကင်စတိန်ဆိုသည်မှာ သိပ္ပံပညာဖြင့် အသက်သွင်းထားသောဖုတ်ကောင် ဖြစ်သည်။ Frankenstein ဝတ္ထုရေးသူ မေရီ ရှယ်လီမှာ ကျွန်တော်တို့သိသော ကဗျာဆရာကြီး ပါစီ ရှယ်လီ၏ဇနီး ဖြစ်သည်။ ဒီဝတ္ထုရေးစဉ်က သူမသည် ၁၈ နှစ်အရွယ်သာရှိသေးကာ လန်ဒန်တွင် ၁၈၁၈ က ထုတ်ဝေခဲ့၏။ ဝတ္ထုအမျိုးအစားကို Gothic Novel, Horror Fiction, Soft Science Fiction ဟူ၍ သတ်မှတ်ကြသည်။ ပညာရှင်များ စုစည်းထားသည့် ကမ္ဘာ့မဖတ်မဖြစ်သည့်စာအုပ် ၁၀၀ စာရင်းတွင် အမြဲပါကာ အကြိမ်ကြိမ် ထုတ်ဝေရပြီး ရုပ်ရှင်အဖြစ်လည်း အကြိမ်ကြိမ် ရိုက်ခဲ့ရသည်။ ကျွန်တော်၏ ' ဖရန်ကင်စတိန် ' ကဗျာကို ဒီလိုစခဲ့သည်။
ကျုပ်သာ
နာမည်ပေးခွင့်ရမယ်ဆိုရင်
ဒီနိုင်ငံကို
' ဖရန်ကင်စတိန် ' လို့ ပေးမယ်။
အဆုံးပိုဒ်တွင်မူ --
သူ့ခန္ဓာကိုယ်ပေါ်က
ချုပ်ရိုးအမာရွတ်တွေဟာ
သမိုင်းပြတိုက်ဖြစ်လို့
ဗုန်းဗုန်းလဲမကျအောင် ထိန်းရင်း
ဒယီးဒယိုင် သူ လျှောက်သွားနေပုံက
ရာဇဝင်သချႋုင်းက ထလာတဲ့
ဖုတ်ဝင်နေတဲ့
အလောင်းကောင်တစ်ကောင်လို။
သေလျက် ရှင်နေတဲ့
ဖရန်ကင်စတိန်နိုင်ငံတော်မှာ
လူ့အဖွဲ့အစည်းဆိုတာ
ရှင်လျက် သေနေတဲ့အရာသာ ဖြစ်တယ်။
(၃)
သင့်ပတ်ဝန်းကျင်မှာ ဖုတ်ကောင်တွေ ရှိသလား
သို့မဟုတ် . . .
သင်ကိုယ်တိုင်က ဖုတ်ကောင်တစ်ကောင်လား။
#သစ္စာနီ
ဖေဖော်ဝါရီ၊ ၂၀၁၇။
(ဖုတ်ကောင်ခေတ်မှာ ပွင့်တဲ့ ဘုရား ကဗျာစာအုပ်ပါ အမှာစာ)
စာရေးဆရာလူသာမန်က သူနယ်ကပြန်ရောက်တော့ စာပို့လာတယ်။ တစ်ညနေဆုံရအောင်ဗျာတဲ့။ ကိုယ်လည်း သူနဲ့ဆုံချင်နေတာ...။ online မှာ စကားစမြည်ဆိုနေကြပေမယ့် အားမရဘူး။ အပြင်မှာဆုံပြီးစကားပြောချင်တာ။ သူ fb မှာ ရပ်တည်တဲ့ပုံစံက ကိုယ်သဘောကျတယ်။ လူတွေနဲ့ပြောဆိုဆက်ဆံတာ အထင်ကြီးလောက်တဲ့ စကေးရှိတယ်။ ဖြစ်ချင်တော့ ကိုယ်က စာသမားသာဆိုတာ... သူရေးတဲ့လိုင်းက ကိုယ်သိပ်မဖတ်တဲ့လိုင်း။ ဒါပေမယ့်သူနဲ့တော့ စကားပြောချင်မိတယ်။ အဲ့တော့ တစ်ညနေသား ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီခွက်ကိုယ်စီနဲ့ ကိုယ်နဲ့ လူသာမန်စကားတွေပြောဖြစ်ခဲ့ကြတယ်။ သူနဲ့စကားပြောအပြီး ပြန်လမ်းအခွဲမှာ ကိုယ်နောင်တတစ်ခုရမိတယ်။ ဘာလို့ ကိုယ်တို့စကားဝိုင်းကို အသံဖမ်းမယူထားမိလဲဆိုပြီး.... ၊ သူနဲ့ကိုယ် ခဏတာဆွေးနွေးဖြစ်တာတွေဟာ အက်ဆေးကောင်းကောင်းတစ်ပုဒ်ကိုရမယ့်ကိစ္စ... ကိုယ်လက်လွှတ်ခဲ့ရတယ်။
စာသမားတွေစကားပြောတော့ စာအကြောင်းအစုံပေါ့ဗျာ... အဲ့မှာ ကဗျာအကြောင်းရောက်သွားတာပေါ့၊ မောင်ချောနွယ်၊အောင်ချိမ့်၊သစ္စာနီ..မှသည် အောင်ခင်မြင့်သည်အထိပြောဆိုနေရင်းမှ လူသာမန်က သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ပြီး ကိုဟေမာန်ကဗျာစိတ်ဝင်စားရင် ဒီစာအုပ်လေးလက်ဆောင်ထပ်ပေးလိုက်မယ်ဗျာတဲ့။ (သူရှေ့မှာ စာအုပ်လက်ဆောင်ပေးပြီးသားပါ) .. စာအုပ်နာမည်ကိုကြည့်တော့ ဖုတ်ကောင်တဲ့။ ကိုယ့်အတွေးကို ကြိုနားလည်တဲ့ လူသာမန်က ကိုယ်မမေးခင်ပဲ သူရှင်းပြတယ်။ "ဒါစာအုပ်နာမည်အပြည့်အစုံမဟုတ်ဘူးဗျာ... တကယ့်အပြည့်အစုံက ဖုတ်ကောင်ခေတ်မှာပွင့်တဲ့ဘုရားလို့ ပေးထားတာ၊ အခြေအနေအရပ်ရပ်ကိုအကြောင်းပြုပြီး ဖုတ်ကောင်လို့ပဲ မျက်နှာဖုံးမှာ အမည်တပ်လိုက်ရတာပါ"တဲ့။ အဲ့မှာပဲ ကိုယ်ဒီစာအုပ်ကို သိပ်စိတ်ဝင်စားသွားပြီ။ ဖုတ်ကောင်ခေတ်ဆိုတာကို သုံးထားတာကိုက Resident Evil ထဲကလို Zombie တွေကိုမြင်နေပြီလေ။ ကဗျာစာအုပ်ကိုဖတ်ရင်းဖတ်ရင်းမှ စာရေးဆရာဟာ သူပေးချင်တာ အဲ့ဒီ Zombie တွေထက်ပိုတယ်ဆိုတာ မြင်ယောင်လာတယ်။ ကိုယ့်မှာရှိတဲ့ဝမ်းစာနဲ့ ကိုယ်ဖြန့်ကျက်တွေးနိုင်ရင်တွေးနိုင်သလောက် ရမယ့်စာအုပ်ဆိုတာ သိခဲ့တယ်။
အစမှာ ဆရာသစ္စာနီက အသိတရားများ ကွယ်လွန်ခြင်းဆိုတဲ့ အမှာစာရေးထားတယ်။ ဆရာသစ္စာနီရေးထားတဲ့အမှာထဲက ဒီစာအုပ်နဲ့ပက်သက်တဲ့ဆရာ့အမြင်ကို ဒီလိုဖော်ပြထားပါတယ်။
(အတွင်းမှာပါသည့် ကဗျာ ၃၇ပုဒ်ကိုမူ ကူးစက်ကဗျာဟု အမည် နံပတ် တပ်ကာခွဲခြားထားသည်။ ယခုအခါ စီးရီးခေါင်းစဉ်အနေဖြင့် အတွဲကဗျာများရေးသည့် ဓလေ့ ထွန်းကားလာသည်ကိုတွေ့ရသည်။ အောင်ချိမ့်၏ ပုံပြောသူ၊ စုဘူး စသည့် ကဗျာများ၊ ကျွန်တော်၏ ရှုခင်းများ၊ ခေတ် စသည့်ကဗျာများမှာ ထိုပုံစံအမျိုးအစားများဖြစ်သည်။ ကျွန်တော့်တစ်ဥိးတည်းသဘောအရပြောရရင် ထိုကဗျာအမျိုးအစားမှာ ကဗျာအတိုများတွဲဖက်သီကုံးထားသည့်ပုံစံဖြစ်သော်လည်း ဆက်ဖတ်ရှုလိုက်လျှင် ကဗျာရှည်တစ်ပုဒ်၏အရသာလည်း ပေါ်လွင်သည်ဟု ထင်မြင်မိသည်။ သေချာသည်က ကဗျာရေးသူသည် ပါးနပ်သူဖြစ်ပါက လှပအောင် အစနှင့်အဆုံးကို သတိထားဖန်တီးတတ်ခြင်းဖြစ်သည်။ ဤအချက်ကို ဤကဗျာစာအုပ်၌သိသိသာသာတွေ့ရသည်။)
ဆရာသစ္စာနီအပြင် ဆရာအောင်သူရမှလည်း ဖုတ်ကောင်ခေတ်မှာပွင့်တဲ့ဘုရားကဗျာစာအုပ်လေ့လာချက်အမှာဆိုပြီး အမှာစာရေးပေးထားပါသေးတယ်။ ပြီးတော့ ဆရာလူသာမန်ရဲ့ အမှာလည်းပါပါတယ်။
ကိုယ့်အမြင်အရပြောမယ်ဆို စကားပြေဆန်သောကဗျာများလို့ပဲဆိုပါရစေ။ တောက်လျှောက်တဖြည်းဖြည်းချင်းဖတ်သွားရင် ဖုတ်ကောင်တွေခေတ်ကိုရောက်သွားနိုင်တဲ့ ကဗျာရှည်ကြီးထဲ မျောသွားမှာပါ။ ကဗျာတစ်ပုဒ်စီတိုင်းမှာ သရုပ်ဖော်ပုံတစ်ပုံစီပါတာမို့ ကဗျာတွေဟာ ပိုရုပ်လုံးကြွစေပါတယ်။ မြန်မာနိုင်ငံမှာ ဖုတ်ကောင်တွေရဲ့အကြောင်းကဗျာရှည်ကြီးတစ်ပုဒ်အနေနဲ့ ပထမဆုံးလို့လည်း သတ်မှတ်နိုင်ပါတယ်။ ကဗျာချစ်သူတွေတင်မက အသစ်ကိုခံစားလိုသူ စကားပြေချစ်သူများပါ အကြိုက်တွေ့စေမယ်လို့ ညွှန်းလိုက်ပါရစေ။
အမှာစာတွေရဲ့ နောက်စာမျက်နှာကိုလှန်လိုက်တာနဲ့ "သင်ကူးစက်ခံရတော့မယ့်ကဗျာများ"ဆိုတာနဲ့ စ တွေ့မှာပါ။
အဲ့နောက်ကမှ ကူးစက်ကဗျာ ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ...
ဖုတ်ကောင်ကိုက်ရာတွေနဲ့ ကဗျာများစွာကို ကျုပ်တွေ့နေရ
သွေးစက်စက်ကျလို့
အပုပ်နံ့ထွက်လို့
အရိအရွဲတွေ အကျိအချွဲတွေ စွဲလို့
သူတို့ကို ဖန်တီးပေးခဲ့သူ လိုအပ်နေလောက်တဲ့အရာကို
ကဗျာတွေက တီးတိုးရေရွတ်လို့
ဦးနှောက်တွေ ... ဦးနှောက်တွေ ... ဦးနှောက်တွေ... ။ ။ 22.9.2016. 11:36am
ဆိုပြီး ကူးစက်ကဗျာတွေကို စ ဖွင့်ထားပါတယ်။ ရင်ထဲထိတဲ့ကဗျာတွေထဲက အနည်းငယ်ကို အောက်မှာ ဖော်ပြလိုက်ရပါတယ်။
#ကူးစက်ကဗျာ_၂
ဖုတ်ကောင်တွေ မြို့ထဲဝင်လာတော့
ကျုပ်မိတ်ဆွေတွေ ဖုတ်ကောင်ဖြစ်သွား
ကျုပ်ဆွေမျိုးတွေ ဖုတ်ကောင်ဖြစ်သွား
ကျုပ်မိသားစုလည်း အကွဲကွဲအပြားပြား
အသိအကျွမ်းဖုတ်ကောင်အမည်များစွာ နံရံမှာ ကျုပ်ရေးထား
ကျုပ်အလှည့်ကျ ခင်ဗျားရေးပေးလှည့်ပါလား။ ။ 22.9.2016. 9:26pm
#ကူးစက်ကဗျာ_၈
ကမ္ဘာကြီးရဲ့နောက်ဆုံးဖုတ်ကောင်က ဘယ်သူဖြစ်မလဲ
သူ ဘယ်သူ့ကိုကိုက်ဖြတ်စုပ်ဆွဲမလဲ
သူ့ကို ဘယ်သူက ကိုက်ဖြတ်စုပ်ဆွဲခဲ့သလဲ
နေ့ရက်တွေ တွဲကျနေတယ်။ 25.9.2016. 11:00am
#ကူးစက်ကဗျာ_၁၀
တစ်သက်လုံးသုံးစားမရပြောခဲ့တဲ့ ကျုပ်ဦးနှောက်ကို
ဖုတ်ကောင်ဖြစ်သွားတဲ့ ကျုပ်မိန်းမက လိုချင်နေပြီ။ ။ 25.9.2016. 11:13
#ကူးစက်ကဗျာ_၁၉
ဖုတ်ကောင်သုတ်သင်ရေးရံပုံငွေဖျော်ဖြေပွဲကို
ဖုတ်ကောင်တွေပါ ရောက်လာ။ ။ 26.9.2016. 7:14pm
--------------------------------------------
ဖတ်ညွှန်းရေးသူ - မိုးသားလတ်
၂၂.၆.၂၀၁၆ (၁၇:၄၀)
ရန်ကုန်။