ကိုကျော်ဝင်းကို ၁၉၈၃ ခုနှစ်မှာ စတင် ဆုံတွေ့ သိကျွမ်း ခဲ့ပါတယ် ဆိုကြပါစို့။ သူဟာ ထိုစဉ်က နိုင်ငံရေးသမား တစ်ယောက်ပါ။ ဒီစဉ်တုန်းက အတူ နေခဲ့ကြ တာမို့ သူ့အကြောင်း၊ ကိုယ့်အကြောင်းတွေ ပြောဖြစ် ခဲ့ကြတယ်။
နောက် - မန္တလေးမြို့မှာ ခေတ္တ ဆုံမိ ကြပြီး နောက်တော့ အဆက်အသွယ် ပြတ်သွား ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် ပြောခဲ့တဲ့ နိုင်ငံရေး သဘောထား အမြင်ကို ၂ဝဝဝ ပြည့်နှစ် လောက်မှာ သူ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်နေချိန်မှာ ပြန်ပြောင်း ပြောခဲ့ သေးတယ်။ သူ့ မှတ်ဉာဏ်ကို အံ့ဩ ခဲ့ရပါတယ်။ တော်လှန်ရေး ကောင်စီ ခေတ်မှာ နိုင်ငံရေး ပါတီတွေ လမ်းစဉ်ပိုင်း ဆိုင်ရာမှာ သဘောထား ညီညွတ်မှု မရှိခဲ့လို့ နိုင်ငံရေး သမားများလည်း ဒုက္ခ ရောက်ရသလို တိုင်းသူ ပြည်သား များလည်း ဆင်းရဲတွင်း နက်ခဲ့ရတဲ့ အကြောင်းပါ။
၂ဝဝဝ ပြည့်နှစ် ဝန်းကျင်မှာ ကိုကျော်ဝင်း မဂ္ဂဇင်း တစောင်မှာ အယ်ဒီတာ ဖြစ်လာ ခဲ့တယ်။ သူ့ဆောင်းပါး တွေကို ဂရုတစိုက် ဖတ်ဖြစ်ပါတယ်။ သူ့ဆောင်းပါး တွေဟာ အဆင့်အတန်း မြင့်သလို စာဖတ် သူတွေရဲ့ စိတ်အာရုံကို ဖမ်းစား နိုင်ပါတယ်။ ပြောရရင် သူ့ထက် ဝါရင့်တဲ့ နိုင်ငံရေး အတွေ့အကြုံ ရှိတဲ့ ကျွန်တော် ကိုယ်တိုင် နှစ်ကြိမ်၊ သုံးကြိမ် ဖတ်ခဲ့ရ ပါတယ်။ ဘာသာရပ်ပိုင်း ဆိုင်ရာမှာ သူ့ရဲ့ နားလည် ကျွမ်းကျင်မှု အရေးအသား ချောမော ပြေပြစ်မှု တွေကြောင့် တန်ဖိုးထား ဖတ်ရှုခြင်း ဖြစ်ပါတယ်။
အတိတ်ကို ပြန်လှန်ရရင် သူ မူကြို ကျောင်းသား အရွယ်မှာ ကျွန်တော်က အထက်တန်း ကျောင်းသားကြီး ဖြစ်နေ ပါပြီ။ ဖဆပလခေတ် ဆိုတော့ စာကြည့်တိုက် တွေလည်း ပေါများ ခဲ့တယ်။ စာအုပ်မျိုးစုံ အယူအဆ များစွာ တို့ကို လေ့လာခွင့် ရပါတယ်။ ကျွန်တော်ဟာ လယ်သမား မိသားစုမှ မွေးဖွား ကြီးပြင်းခဲ့သူ ဖြစ်တာမို့ လက်ဝဲ ဝါဒကို အဲဒီ ကာလ ထဲက တိမ်းညွတ် ခဲ့ပါတယ်။
စာရေးသူတွေထဲမှာလဲ လူထု ဦးလှ၊ ဒေါ်အမာ၊ ဗန်းမော် တင်အောင်၊ လင်းယုန်နီ၊ ဦးမြသန်း (တင့်)၊ ဒဂုန်တာရာ တို့ကို ကြိုက်နှစ်သက် ခဲ့ပါတယ်။ ဆရာ ကျော်ဝင်း ပြောထား သလို ဒုတိယ ကမ္ဘာစစ် ပြီးနောက်မှာ လက်ဝဲ ဝါဒဟာ တကမ္ဘာလုံးကို အရှိန်အဟုန် ပြင်းထန်စွာ ရိုက်ခတ် နေပါတယ်။ လွတ်လပ်ရေး ခေတ်မှာ အရွယ် ရောက်လာ သူတွေဟာ ဆိုရှယ်လစ် ဝါဒကို ကြိုက်နှစ်သက် သူတွေ များခဲ့ ပါတယ်။ ဒါကြောင့်မို့ ၁၉၅၇ ခုနှစ် တည်မြဲ - သန့်ရှင်း အတွဲအပြဲမှာ လက်ဝဲ နိုင်ငံရေး လှိုင်းလုံးထဲမှာ မျောပါခဲ့သူ ဖြစ်ခဲ့ ပါတော့တယ်။ နှစ်ပေါင်း ၅ဝ မိမိရဲ့ အတွေ့အကြုံ ထဲမှ သင်ခန်းစာ အမြောက်အများ ရရှိ ခဲ့တယ်။
၁၉၉၉ ခုနှစ် လောက်မှာ ကိုကျော်ဝင်း "စပယ်ဖြူ" မဂ္ဂဇင်း အယ်ဒီတာ ဖြစ်လာတော့ သူ့ဆီ မကြာမကြာ ရောက်သွားတယ်။ မိမိရဲ့ စမ်းသပ် ဘာသာ ပြန်ဆို ထားတဲ့ ဆောင်းပါး တချို့ကို ပေးပို့ ဖြစ်ပါတယ်။ နိုင်ငံရေး အရ ကျွန်တော့် ဆရာ မဟုတ်ပေမယ့် ဘာသာပြန် စာပေ ရေးသားရာမှာ ကျွန်တော့် ဆရာလို့ ပြောရင် ရပါတယ်။ သူက ကျွန်တော့် ဆောင်းပါးကို တစ်ကြိမ် ဖတ်ပြီး ကြိုက်ရင် ထည့်ပေးတယ်။ မကြိုက်ရင် ပယ်လိုက် ပါတယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်တော့် အကြား ဆက်ဆံရေးက စိပ်လာသလို ခင်မင် ရင်းနှီးမှုလည်း ပိုမို ရရှိ လာပါတယ်။ ကျွန်တော့် စာမူတွေ သူ မသုံးတာတွေ ရှိခဲ့ ပေမယ့် မဂ္ဂဇင်းနဲ့ သူရဲ့ လုံးချင်း စာအုပ် တွေကို ပေးဖတ် ပါတယ်။ ဒီအတွက် သူ့ကို ကျေးဇူး တင်ရ ပါတယ်။ နှစ်ပေါင်း ၂ဝ ကျော် အတွင်း သူနဲ့ ကျွန်တော် ဆက်ဆံရေး ပုံရိပ် တစိတ်တပိုင်း ဖြစ်ပါတယ်။
ကိုကျော်ဝင်းနဲ့ ပတ်သက်လို့ အဓိက ဖော်ပြ လိုတာက သူနဲ့ ဆရာ စိုးအောင် တို့ရဲ့ အင်တာဗျူးနဲ့ ဒုတိယ အတွေး ဆိုတဲ့ စာအုပ် တွေမှာ ဖွင့်ဟချက် တို့ကို ဝေဖန် သုံးသပ်လိုခြင်း ဖြစ်ပါတယ်။
(မေး) တချိန်က ကွန်မြူနစ် ဝါဒကို ယုံကြည် သက်ဝင်သူ တယောက်လို့ ပြောကြ ပါတယ်။ အဲဒါ ဟုတ်ပါသလား။
(ဖြေ) "ဟုတ်ပါတယ်" ကွန်မြူနစ် ဆိုတဲ့ လူတွေဟာ အများအတွက် အနစ်နာ ခံသူတွေ ဖြစ်တော့ ကျွန်တော်တို့ အားကျ ခဲ့တယ်။ (သူတို့ဟာ) တကယ့် ပညာရှင် တွေလည်း ဖြစ်ကြတယ်။ စာဖတ်လည်း နာကြတယ်။ အရာရာကို ခွဲခြမ်း စိတ်ဖြာ နိုင်စွမ်းလည်း ရှိခဲ့ ကြတယ်။ ဆိုလိုတာက 'ဟီးရိုး' (သူရဲကောင်း) လို့ စိတ်ထဲက ဘာမှန်း ဘာမှန်း မသိပေမယ့် ထင်ခဲ့တာပါ။ အဲဒီ ထိတွေ့မှု (intouch) နဲ့ပဲ သီအိုရီ စာအုပ် တွေကို ရှာဖွေ ဖတ်မိတယ်။ တော်တော် စွဲစွဲလမ်းလမ်း ဖြစ်ခဲ့တယ်။ ကြိုက်လဲ ကြိုက်ခဲ့ပါတယ်။ မြန်မာပြည် ပြဿနာတွေ သာမက ပြဿနာ အားလုံးရဲ့ အဖြေ မာ့က် (စ) ဝါဒ ထဲမှာ ရှိနေတယ်လို့ ထင်ထား ခဲ့တယ်။ "ဒီမှာ ကြားဖြတ် ပြောရရင် နိုင်ငံရေး မလုပ်တော့ဘူး ဆိုတာက နိုင်ငံရေး ဆိုတာ အဖွဲ့အစည်းနဲ့ လုပ်မယ် ဆိုရင် မြင်းတစီး၊ ဓားတလက်နဲ့ လုပ်လို့ မရဘူး။ အဖွဲ့အစည်းနဲ့ လုပ်မယ် ဆိုရင်လည်း သူ့ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း မူဘောင် အတွင်းက လုပ်ရတာ တဦးချင်း လွတ်လပ်ခွင့်ကို စတေး ရမယ်။ ကျွန်တော်က ကိုယ်မြင်တာ ကိုယ်ရေးချင် တာကို ရေးချင်တယ်။ အဲဒီ လွတ်လပ်မှုကို ပိုကြိုက် လာတယ်။" ဆိုဗီယက် ယူနီယံ ပြိုကွဲ သွားတာ တကယ်က အိုင်ဒီအို လိုဂျီကြီး တခုလုံး ပြိုကျ သွားခဲ့တာ (စီးပွားရေး - နိုင်ငံရေး -သဘောတရားများ ပြိုကျတာကို ဆိုလိုဟန် ရှိပါတယ်။) လက်တွေ့ ကျတော့ အဲဒီ ပစ္စည်းမဲ့ လူတန်းစား ဆိုတာ အရင်းရှင်ကို ယှဉ်ပြိုင်နိုင်တဲ့ ယဉ်ကျေးမှု အရည်အချင်း ဆိုတာ ရှိကို မရှိဘူး။ ဒါကြောင့် နောက်ပိုင်း အပြောင်းအလဲ လုပ်တာ ပစ္စည်းမဲ့လည်း မဟုတ်ဘူး။ အရင်းရှင်လည်း မဟုတ်ဘူး။ ပညာတတ် တွေပဲ။" ဒါတွေက ကိုကျော်ဝင်းရဲ့ အဖြေတွေပါ။ သူရဲ့အမြင်တွေကို ဒီလိုဝေဖန်နိုင်ပါတယ်။
'အိုင်ဒီယိုလိုဂျီ ပြိုကျတာ' ဆိုရှယ်လစ် ဝါဒရဲ့ စီးပွားရေး၊ နိုင်ငံရေး စနစ်တွေ ပျက်စီး သွားတာ မှန်ပါတယ်။ အရင်းရှင် စနစ်နဲ့ ဆိုရှယ်လစ် စနစ်တို့ ငြိမ်းချမ်းစွာ ယှဉ်ပြိုင် ကြရာမှာ ဆိုရှယ်လစ် စနစ် ရှုံးသွားတာ ဖြစ်ပါတယ်။ စနစ် အပြောင်းအလဲ ဖြစ်ရာမှာ ပညာတတ် တွေလို့ ဆိုတာ မမှန်ပါဘူး။ ပညာတတ် များနဲ့ နေရှင် ပေါက်စ လူတန်းစား တို့ရဲ့ ဆိုရှယ်လစ် စနစ်နဲ့ တပါတီ အာဏာပိုင် စနစ် တို့ကို မကျေနပ်မှု၊ မနှစ်သက်မှု တွေက တဆင့် ပါတီစုံ စနစ်နဲ့ ဈေးကွက် စီးပွားရေး စနစ် တို့ကို ဖော်ဆောင် လိုက်ခြင်း ဖြစ်ပါတယ်။ 'ယယ်လဆင်' ဆိုတာ အဲဒီ ဓနရှင် ပေါက်စ လူတန်းစား တို့ကို ကိုယ်စားပြုသူ ဖြစ်ပါတယ်။ အဓိက ရုရှား တပ်မတော်က ထောက်ခံ လိုက်လို့ ဖြစ်ပါတယ်။ ဖြစ်ရပ် မှန်တွေက အမှန်တရားကို ရှာဖွေ ကြည့်ရင် ဆိုခဲ့ပါ အဖြေကို တွေ့ရှိ နိုင်ပါတယ်။
နောက်ပြီး ကိုကျော်ဝင်းက "ရီဂင် ပေါ်လစီ ဆိုတာက ရုရှ တွေကို စစ်ရေး ပြိုင်ဆိုင်မှုမှာ ပါဝင်လာဖို့ ကျုံးသွင်း ခေါ်ယူ လိုက်တယ်။ ရုရှားတွေ ပါဝင် လာပြီး နောက်ဆုံးမှာ စီးပွားရေး ကမောက်ကမ ဖြစ်ပြီး ကျဆုံး သွားတယ်လို့ သုံးသပ် ကြတယ်။ ဒီအမြင်ကို ကျွန်တော် မကြိုက်ဘူး။ အကြောင်း တချက်တော့ ဟုတ်ပါတယ်။ နောက်တချက်က 'ကာတာ ပေါ်လစီ' သူက လူ့အခွင့်အရေး (Human Right) နဲ့ တိုက်တာ အယူဝါဒကို အယူဝါဒနဲ့ ပြန်တိုက်တာ ‘ရီဂင်’ ထက်စာရင် သူက အဓိပ္ပာယ် ရှိတယ်။ ဒီအချက် ကလည်း အဆုံးအဖြတ် နေရာမှာ မရှိဘူး။ ဘာကြောင့် ဆိုတော့ စနစ် နှစ်မျိုး ပြိုင်ဆိုင်ရာမှာ စီးပွားရေး၊ နိုင်ငံရေး စနစ် တို့က အဓိက အဆုံးဖြတ် နေရာမှာ ရှိနေလို့ ဖြစ်ပါတယ်။"
ကိုကျော်ဝင်း ဆက်ပြော တာက ‘ဖူကူးယားမား’ ရဲ့ အိုင်တီ ခေတ်မှာ အရင်းရှင် စနစ်ကို ယှဉ်ပြိုင် နိုင်စွမ်း မရှိလို့ ဆိုရှယ်လစ် အုပ်စု ပြိုကျတာလို့ ဖြေသွားပါတယ်။ တစိတ်တပိုင်း မှန်တယ်လို့ ပြောနိုင် ပါတယ်။
ဆိုဗီယက် အုပ်စု ပြိုကျတာဟာ နည်းပညာတွေ၊ ယဉ်ကျေးမှုတွေ၊ စစ်ရေး ပြိုင်ဆိုင်မှု တွေက အဆုံးအဖြတ် နေရာမှာ မရှိပါဘူး။ စီးပွားရေး၊ နိုင်ငံရေး စနစ်တွေ ပြိုင်ဆိုင်မှုနဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။ စစ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု တို့ဟာ စီးပွားရေး၊ နိုင်ငံရေး စနစ် တွေရဲ့ လက်အောက်ခံ များသာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆိုတာ စီးပွားရေးရဲ့ စုစည်း ဖော်ပြချက် ဖြစ်တယ်။ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်လို့ ဂျာမန် စစ်ရေး ပါရဂူ 'ကလော့ (စ်) ဝိတ်' က ဆိုခဲ့ပါတယ်။ အရှေ့တိုင်းက စစ်ရေး ပါရဂူ ‘မော်စီတုန်း’ ကလည်း သူရဲ့ စစ်ကျမ်း တွေမှာ ဒီသဘောတွေကို ဖော်ထုတ် ရှင်းပြ ခဲ့ပါတယ်။
အင်တာဗျူးမှာ ကိုကျော်ဝင်းက "ကိုလိုနီ စနစ်၊ နယ်ချဲ့ စနစ်တို့ ဆိုတာ ပေါ်လစီ ပြဿနာ ကြိုက်ခွင့်၊ မကြိုက်ခွင့် ရှိတယ်။ ဂလိုဘယ် လိုက်ဇေးရှင်း ဆိုတာက ပေါ်လစီ မဟုတ်ဘူး၊ ရုပ် အခြေအနေ (အရှိတရား) (အစစ်အမှန်) ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ရင်ဆိုင်ရမှာပဲ"။ ဒါကတော့ မှန်ကန်တဲ့ အကဲဖြတ်ချက်လို့ ဆိုနိုင် ပါလိမ့်မယ်။
တရုတ်ပြည်နဲ့ ပတ်သက်လို့ ကိုကျော်ဝင်းက "တရုတ်ပြည် ဘက်က ပြောမယ် ဆိုရင် တိန်ရှောက်ဖိန်က မော်စီတုန်းထက် ကျေးဇူး ကြီးမလား မသိဘူး။ ‘မော်’ ကလည်း အင်အားကြီး နိုင်ငံ ဖြစ်အောင် လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ‘တိန်’ က ဆိုဗီယက် အုပ်စု ပြိုကျ တာဟာ နည်းပညာတွေ၊ ယဉ်ကျေးမှုတွေ၊ စစ်ရေး ပြိုင်ဆိုင်မှု တွေက အဆုံးအဖြတ် နေရာမှာ မရှိပါဘူး။ စီးပွားရေး၊ နိုင်ငံရေး စနစ်တွေ ပြိုင်ဆိုင်မှုနဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။စွမ်းဆောင်ရည် ပိုမြင့်မား လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ရုရှမှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ မစခင်မှာ တရုတ်ပြည်က အစောကြီး ကတည်းက စခဲ့တယ်။ (၁၉၇၈ ခုနှစ် ‘တိန်’ အာဏာ ရလာချိန်မှာ တံခါးဖွင့် ဝါဒ ကျင့်သုံးတာ။ နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု တွေကို ဖိတ်ခေါ် လိုက်တာ။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း တွေကို ပုဂ္ဂလိကပိုင် လွှဲပြောင်း ပေးတာ … စတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု တွေကို ဆိုလိုဟန် ရှိပါတယ်။) ယဉ်ကျေးမှု တော်လှန်ရေး ကာလ ကတည်းက အမှား တွေကို မြင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေ ဥပမာ ‘ချူအင်လိုင်း’ ‘တိန်ရှောက်ဖိန်’ တို့ ရှိခဲ့ ကြတယ်။ သူတို့ရဲ့ အားကောင်းချက်က 'မတ်ဝါဒ' ကို အသေ ဖက်တွယ် မထားဘူး။ ကိုယ့်ပြိုင်ဖက် အရင်းရှင် စနစ် ကိုလည်း ပြန်ကြည့်တယ်။ သူတို့ကို လက်တွေ့ ဝါဒီများလို့ ပြောနိုင်တယ်"၊ ၁၉၈ဝ ခုနှစ် နောက်ပိုင်းမှာ တရုတ်ပြည်ရဲ့ နှစ်စဉ် အမျိုးသား ကုန်ထုတ်လုပ်မှုမှာ ၉ ရာခိုင်နှုန်း တိုးတက် နေတာကို ထောက်ခံတာလို့ ယူဆ နိုင်ပါတယ်။
သူကဆက်ပြီး "ကျွန်တော်ဟာ ဘယ်ပါတီ အဖွဲ့အစည်း ဘယ်အယူဝါဒ (ism) ဘယ်အိုင်ဒီအို လော်ဂျီ (Ideology)ကိုမှလည်း မှန်ကန်တယ်လို့ မထင် တော့ဘူး။ ဒါကြောင့် ကျွန်တော် စာရေး နေတာလည်း အချက်အလက် အဖြစ်အပျက်တွေ တူရူချက် တွေကို စုပေး နေတာပဲ။ ဒါဟာ စာဖတ် ပရိသတ် အတွက် ခွင့်ကျယ်ကျယ် စဉ်းစား နိုင်အောင် ကျွန်တော် အချက်အလက်တွေ စုပေးမယ်။ စာဖတ် ပရိတ်သတ် အပေါ်က တရား ဟောဖို့ လုံးဝ သဘာထား မရှိပါဘူး။ ဟောလည်း မဟောတတ်ဘူး ကိုယ်တောင် ဘာကိုမှ ယုံကြည်လို့ မရတာ စာဖတ် ပရိသတ်နှင့် တွဲပြီး တရား ရှာချင်တာ အဓိက ပါပဲ" ဒီအချက်တွေ ကတော့ ကိုကျော်ဝင်းဟာ နိုင်ငံရေးသမား မဟုတ်၊ သုတေသီ မဟုတ်၊ ဘာသာပြန် ဆောင်းပါးတွေ ရေးနေတဲ့ ဂျာနယ်လစ် တဦး မှျသာ ဖြစ်တယ်။ ရိုးသားမှု၊ နှိမ့်ချမှု တွေနဲ့ ဖွင့်ဟ ဝန်ခံချက် များလို့ ယူဆ နိုင်ပါလိမ့်မယ်။
သူရဲ့ အင်တာဗျူးမှာ အနာဂတ် အိန္ဒိယနှင့် တရုတ် တို့ရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ကျွန်တော် အမြင်ချင်း မတူညီကြပါ။ အိန္ဒိယရဲ့ အခွင့်သာမှု တွေက အင်္ဂလိပ် ဘာသာ ကျွမ်းကျင်တာ၊ ကွန်ပျူတာ ပညာရှင်တွေ ပေါများ တာတွေ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ အားသာချက်များ ဖြစ်ပါတယ်။ တရုတ်ရဲ့ အားသာချက် တွေက ဘာတွေ ရှိပါသလဲ။ အပေါ်ထပ် အဆောက်အအုံ တွေမှာ တရုတ်က များစွာ သာလွန် နေတာကို ဂျာနယ်လစ် ‘ဖရိုက်မင်း’ ရဲ့ ‘ကမ္ဘာပြားပြီ’ စာအုပ်မှာ အချက်အလက် ပေါင်းများစွာ ကောက်နုတ် ဖော်ပြ ထားပါတယ်။ စီးပွားရေး တိုးတက်မှုမှာ အိန္ဒိယက နှစ်စဉ် အမျိုးသား ကုန်ထုတ်မှုမှာ ၆ ရာခိုင်နှုန်းသာ ရှိပြီး၊ တရုတ် တို့က ၉ ရာခိုင်နှုန်း အထိ ထုတ်လုပ် နိုင်စွမ်း ရှိပါတယ်။ နိုင်ငံခြား ရင်းနှီး မြှပ်နှံမှုမှာ အမေရိကန်က ဒေါ်လာ ဘီလီယံ ၅ဝ ရှိပြီး ထိုင်ဝမ်ကျွန်းက ပြည်မကြီးမှာ ဒေါ်လာ ဘီလီယံ ၁၅ဝ ရှိတယ် ဆိုပါတယ်။ ဒါတွင် မကသေးပါ။ ဥရောပနဲ့ မြောက်အမေရိက တိုက်တို့က အာရှတိုက်မှာ ရင်းနှီး မြှပ်ထားမှုမှာ တရုတ်ပြည်က ၈၅ ရာခိုင်နှုန်း လက်ခံ ရရှိ နေတယ်လို့ ဆိုပါတယ်။ ပညာရေး မှာလည်း နှစ်စဉ် တရုတ်ပြည်က နိုင်ငံခြား တိုင်းပြည်များဆီ ဘွဲ့ကြို ဘွဲ့လွန် ကျောင်းသားများ စေလွှတ်ရာမှာ ၅ သန်းခန့် ရှိတယ် ဆိုပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ပုဂ္ဂလိကပိုင် ကောလိပ်နှင့် တက္ဗသိုလ် များကို စင်ပြိုင် ဖွင့်ခွင့် ပေးထား ပါသေးတယ်။ လာမည့် ငါးနှစ်လောက် အတွင်းမှာ ပညာတတ် ပညာရှင်တွေ မွေးထုတ် ပေးရာမှာ အိန္ဒိယကို ကျော်တက် သွားမှာ သေချာ နေပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ တရုတ် တို့ဟာ ဂျာမနီ၊ ဂျပန်နှင့် အမေရိကတို့ နောက်က စတုတ္ထ နေရာကို ရောက်ရှိ နေပြီလို့ ပညာရှင် များက တွက်ချက် ပြပါတယ်။ စီးပွားရေးနဲ့ စစ်စွမ်းရည် တို့ကို တွက်ချက် ပြတာ ဖြစ်ပါတယ်။
'ဟူကျင်းတောင်'၊ 'ဝမ်ကြားပေါင်' တို့ဟာ တရုတ် ပြည်ကြီးကို ‘တိန့် သီဝရီနဲ့’ မောင်းနှင် နေတာ ဖြစ်ပါတယ်။ 'တိန့် သီဝရီ' ဆိုတာ ဘာလဲ၊ ကွန်မြူနစ်တွေ ခေါင်းဆောင်တဲ့ တပ်ပေါင်းစု နိုင်ငံရေး စနစ်နဲ့ ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ်တို့ ဖြစ်ကြတယ်။ တရုတ် ခေါင်းဆောင် တွေဟာ မူကြီး (၄) ရပ်ကို စွဲကိုင်ပြီး တရုတ် ပြည်သူ တွေရဲ့ ‘လိုအပ်ချက်ကြီး (၃) မျိုး’ ကို ဖော်ဆောင် နေခြင်း ဖြစ်ပါတယ်။
(၁) မတ် - လီနင် ဝါဒ ‘မော် အတွေးအခေါ်’ နှင့် ‘တိန့် သီဝရီ’ တို့ ဖြစ်ကြတယ်။ ကွန်မြူနစ် ပါတီဝင် ၆၄ သန်း၊ မဟာမိတ် ၈ ပါတီနှင့် တရုတ်ပြည်သူ သန်း ၁၃ဝဝ တို့ရဲ့ အတွေးအခေါ်လမ်းညွှန်မှု ဝါဒ ဖြစ်ပါတယ်။
(၂) ပြည်သူ့ ဒီမိုကရေစီ အာဏာပိုင် စနစ် ဖြစ်ပါတယ်။ ၉ဝ ရာခိုင်နှုန်းကျော် ပြည်သူတွေရဲ့ အကျိုး စီးပွားကို အကာအကွယ် ပေးပြီး တန်ပြန် တော်လှန်ရေး သမားများနဲ့ ရာဇဝတ်မှု ကျူးလွန် သူတွေကို ဥပဒေကြောင်း အရ အပြစ်ပေး အရေးယူတဲ့ စနစ် ဖြစ်ပါတယ်။
(၃) တရုတ်ပြည်ကွန်မြူနစ် ပါတီရဲ့ ခေါင်းဆောင်မှု ဖြစ်ပါတယ်။ ၉ ပါတီ နိုင်ငံရေး တပ်ပေါင်းစု စနစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
(၄) ဆိုရှယ်လစ် လမ်းကြောင်း ဖြစ်ပါတယ်။ ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး ဖော်ဆောင်တာကို ဆိုလို ပါတယ်။ စံတော်ဝင် မတ် - လီနင် ဝါဒရဲ့ ဆိုရှယ်လစ် ဘောဂဗေဒ တရားများနှင့် ကိုက်ညီမှု မရှိပါ။ ‘တိန့် သီဝရီ’ အရ ကျင့်သုံးနေခြင်း ဖြစ်ပါတယ်။ နိုင်ငံပိုင် စနစ်မှ ပုဂ္ဂလိကပိုင် စနစ်သို့ သွေးစုပ်မှု မရှိတဲ့ စနစ်မှ သွေးစုပ်မှုကို ခွင့်ပြုတဲ့ စနစ်ဆီသို့ ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသား ကုန်ထုတ်မှုကို နှစ်စဉ် တိုးတက် စေတဲ့ စနစ် ဖြစ်ပါတယ်။
ပထမ - သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုး တိုးတက် စေရမယ်။
ဒုတိယ - ခေတ်မီတဲ့ စွမ်းရည် ထက်မြက်တဲ့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ထူထောင် ကြရမယ်။ အမျိုးသား လုံခြုံရေးနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။
တတိယ - ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ် တည်ဆောက်ကြရေး ဖြစ်ပါတယ်။ လောလောဆယ်မှာ ဂျာမနီနဲ့ ဂျပန် တို့ကို စီးပွားရေး အရ ကျော်ဖြတ်ဖို့ ဖြစ်ပါတယ်။
ဒီနေ့ ခေတ်မှာ နိုင်ငံ တခု တိုးတက်ဖို့ ဆိုရင် အကြီးစား စက်ရုံတွေ တည်ဆောက်မှ သယံဇာတ ပစ္စည်းတွေ ပေါကြွယ်မှ ဆိုတဲ့ အတွေးအမြင် တွေဟာ ခေတ်မှိန် နေပါပြီ။ နိုင်ငံခြား ရင်းနှီး မြှပ်နှံမှုတွေ ဖိတ်ခေါ် နိုင်စွမ်း ရှိမှ ပညာတတ် ပညာရှင်တွေ မွေးထုတ် နိုင်စွမ်း ရှိမှလို့ ဆိုပါတယ်။
ဆရာ မောင်စူးစမ်း၊ ကိုကျော်ဝင်းနဲ့ ကိုသန်းစိုးနိုင် တို့ဟာ ကျော်ကြားတဲ့ ဝါရင့် ဂျာနယ်လစ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ သူရိန်ထက်လင်း သူရိန်မျိုးမြင့်၊ ရဲမြင့်ကျော်တို့နဲ့ လက်တွဲပြီး နှစ်စဉ် ပေါ်ထွက် နေတဲ့ ပညာတတ် တွေကို ထက်မြက်တဲ့ ဂျာနယ်လစ်တွေ မွေးထုတ်ဖို့ဟာ ဆရာ့ ဆရာ တွေရဲ့ တာဝန် ဖြစ်တယ်လို့ ဆိုပါရစေ။
ဖေဆန်း
စစ်ကိုင်းတိုင်း၊ မုံရွာ မြို့မှာ အဖ ဦးဘစိန်၊ အမိ ဒေါ်အုံးစိန် တို့က ၁၉၅၂ ဧပြီလ ၂ဝ ရက်နေ့မှာ မွေးဖွား၊ မွေးချင်း ရ ဦး အနက် အငယ်ဆုံးသား ဖြစ်တယ်။
မုံရွာမြို့ မြောက်ရပ်ကြီး မူလတန်း ကျောင်းမှာ ပညာ စသင်၊ အလယ်တန်းနဲ့ အထက်တန်း ပညာကို အထက (၁) မှာ သင်ကြားခဲ့၊ အထက်တန်း အောင်ပြီးနောက် ၁၉၆၈ - ၆၉ တွင် မန္တလေး ဆေးတက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြားခဲ့သည်။ ဆေးတက္ကသိုလ် ကျောင်းသား ဘဝ ပညာတပိုင်း တစနဲ့ တောခို သွားပြီး၊ နောက်ပိုင်း ကျတော့မှ မန္တလေး တက္ကသိုလ် စာပေး စာယူ သင်တန်း ပြန်တက်ပြီး ၁၉၈၇ မှာ ဓာတု ဗေဒ ဘာသာရပ်နဲ့ သိပ္ပံဘွဲ့ ရခဲ့သည်။
၁၉၈၆ ခုနှစ်မှာ ဒေါ်ကြူကြူမြင့်နဲ့ အိမ်ထောင် ပြုခဲ့ပြီး၊ သား သမီး ၃ ဦး ထွန်းကား ခဲ့သည်။
မန္တလေး ဆေး တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း (၁၉၇၅ - ရ၆) တွင် အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့သည်။ ကျောင်းသား ဘဝ ၁၉၇ဝ ကတည်းက ကျူရှင် ဆရာ တပိုင်း ဖြစ်နေခဲ့သည်။ နောက်ပိုင်း မုံရွာမြို့မှာ နာမည်ကြီး ကျူရှင် (အလွတ် ပညာ သင်ကျောင်း) ဖြစ်တဲ့ ဝင်းသိပ္ပံချွန် ကျူရှင်ကို သူငယ်ချင်း တစ်စုနဲ့ တည်ထောင်ကာ ကျူရှင်ဆရာ အဖြစ် အသက်မွေး ခဲ့သည်။
နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားခဲ့မှုများမှာ ဆေးတက္ကသိုလ် ကျောင်းသား ဘဝ ကတည်းက ကျောင်းသား လှုပ်ရှားမှု တွေမှာ ပါဝင် ခဲ့ပြီး၊ ဆေးကျောင်း တက်နေရင်း တပိုင်းတစနဲ့ ဗကပ နဲ့ သွားရောက် ပူးပေါင်းခဲ့ပြီး၊ စစ်ဆင်ရေး စည်းရုံးရေး တာဝန်တွေ ထမ်းဆောင် နေစဉ် ရှမ်းပြည်နယ် ထဲမှာ မဆလ စစ်တပ်ရဲ့ လက်ရ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ထောင်ကျ ခဲ့သည်။ ထောင်က လွတ်လာပြီး နောက်မှာ မုံရွာမှာ ကျူရှင် ဆရာ လုပ်နေခဲ့သည်။ ရှစ် လေးလုံး လူထု အရေးတော်ပုံ အပြီး မှာတော့ "အမြဲစိမ်း လူငယ်များ အဖွဲ့ (Every Green Yong Men Association)" ကို တည်ထောင် ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ နဝတက ပထမဆုံး ဖျက်သိမ်း ခံခဲ့ရတဲ့ ၃ ပါတီ ထဲမှာ "အမြဲစိမ်း လူငယ်များ အဖွဲ့" လည်း ပါဝင် သွားသည်။ အခြား ပါတီ နှစ်ခု ကတော့ အမျိုးသား နိုင်ငံရေး တပ်ပေါင်းစု (မနတ)၊ မန္တလေးနဲ့ ပြည်သူ့ တိုးတက်ရေး ပါတီ၊ ရန်ကုန်တို့ ဖြစ်တယ်။ ဆရာ ကျော်ဝင်း ကိုလည်း ဗကပ အထက် ဗမာပြည် ယူဂျီ တာဝန်ခံ တစ်ဦး အဖြစ် နဝတက ဖမ်းဆီး စွပ်စွဲကာ ထောင်ချခဲ့သည်။
ထောင်က လွတ်လာသောအခါ စာပေ လောက ဘက်ဆီ ခြေဦး လှည့်ခဲ့သည်။ ၁၉၉၄ ဇူလိုင်မှာ "စိန်ခေါ်နေသော ဖွံ့ဖြိုးရေး" ဆောင်းပါးနှင့် စာပေ လောက ထဲကို ဝင်ရောက် ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်မှာ ရန်ကုန်ကို ပြောင်းပြီး စာပေ လုပ်ငန်းမှာ စောက်ချ လုပ်ကိုင်ခဲ့သည်။ အမည်ရင်း "ကျော်ဝင်း" အပြင် "ဝင်းနောင်"၊ "လင်းထက်ဇော်"၊ "စိုးရိမ်"၊ "မိုးကောင်း" စတဲ့ ကလောင် အမည်ခွဲများနှင့် မဂ္ဂဇင်း၊ ဂျာနယ် တွေမှာ လူမှုရေး ဆောင်းပါး၊ နိုင်ငံတကာ ရေးရာ ဆောင်းပါး၊ ဘာသာပြန် ဆောင်းပါးတွေ ရေးသား လျက်ရှိသည်။ ၂ဝဝဝ ပြည့်နှစ် ကနေ ၂ဝဝ၇ ခုနှစ် အကုန် အထိ စာအုပ်ပေါင်း ၆၃ အုပ် ရေးသား ထွက်ရှိခဲ့ပြီး၊ "ဦးနှောက် မုန်တိုင်းဆင်ခြင်း" စာအုပ်နဲ့ ၂ဝဝ၄ ခုနှစ်၊ ဆရာဝန် တင်ရွှေဆု ရခဲ့သလို၊ ကမ္ဘာပြားပြီ (ဘာသာပြန် ၃ တွဲ) နဲ့ ၂ဝဝ၆ ခုနှစ်၊ အမျိုးသား စာပေ ဘာသာပြန် (သုတ) ဆုကို ရခဲ့သည်။
စံပယ်ဖြူ မဂ္ဂဇင်း အယ်ဒီတာချုပ်၊ ခေတ်ဆန်း ဂျာနယ်နဲ့ မိုး ဂျာနယ် တို့မှာ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ခင်ညွှန်နဲ့သူရဲ့ ထောက်လှမ်းရေး အဖွဲ့ကို ဖမ်းဆီး ဖျက်သိမ်းပြီး နောက်ပိုင်းမှာ မဂ္ဂဇင်း တစ်စောင့် ထုတ်ဝေခွင့် လိုင်စင် အသစ်ရလို့၊ ၂ဝဝ၆ ဇွန်လက စလို့ ထုတ်ဝေတဲ့ The Waves မဂ္ဂဇင်း ထုတ်ဝေသူနဲ့ အယ်ဒီတာ အဖြစ် ဆောင်ရွက်လျက် ရှိသည်။