Book Image
တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
၁။ အမည်ရင်း - ဦးခင်မောင်တင့်
ငယ်နာမည် - မောင်ဖေသိန်း
၂။ မိဘအမည် - ဦးထွန်းဖေ + ဒေါ်ကြင်မေ
၃။ မွေးသက္ကရာဇ် - ၁၉၃၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်
၄။ မွေးဖွားရာဒေသ - သန်လျင်မြို့
၅။ ကလောင်အမည်ခွဲများ - ဒဂုန်ဖေသိန်း၊ သုမောင်

ကိုယ်ရေးအကျဉ်း

တက္ကသိုလ်ဘုန်းနိုင် ကလောင်အမည်ခံ ဦးခင်မောင်တင့်ကို ၁၉၃၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သန်လျင်မြို့၌ အဖ ဦးထွန်းဖေနှင့် အမိ ဒေါ်ကြင်မေ တို့က မွေးဖွားခဲ့သည်။ မွေးချင်းငါးဦးအနက် ဒုတိယမြောက်ဖြစ်ပြီး အကြီးဆုံး သားယောက်ျားဖြစ်သည်။ ငယ်မည်မှာ မောင်ဖေသိန်းဖြစ်သည်။

ပြည်ခရိုင် ပေါင်းတည်မြို့ မူလတန်းလွန်ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဂုဏ်ထူးတန်း နောက်ဆုံးနှစ် ဓာတ်ခွဲခန်းတွင် လက်တွေ့လုပ်နေစဉ် မန္တလေးတက္ကသိုလ်ကောလိပ် ကျောင်းအုပ်ကြီး ဦးကိုကိုလေးက မန္တလေးတက္ကသိုလ်သို့ လာရောက်၍ စိတ်ပညာ စတင်သင်ကြားပေးရန် မေတ္တာရပ်ခံခဲ့သည်။ မိမိ၏ ပညာပြန့်ပွားသည်ကို နှစ်သက်သည်ကတစ်ကြောင်း၊ ဆရာကြီးဦးကိုကိုလေးအား လေးစားသည်ကတစ်ကြောင်းကြောင့် လာပါမည်ဟု ကတိပေးခဲ့သည်။

၁၉၅၅ ခုနှစ်တွင် စိတ်ပညာဖြင့် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ပထမအဆင့်ဖြင့် အောင်မြင်သည်။ တက္ကသိုလ်မှ ချီးမြှင့်သော ဆုတံဆိပ်ရခဲ့သည်။

အောင်စာရင်း ရလျှင်ရချင်း မန္တလေးတက္ကသိုလ်ကောလိပ်တွင် အလုပ်ဝင်ပြီး စိတ်ပညာကို စတင် သင်ကြားပေးသည်။ မန္တလေးတက္ကသိုလ်ကောလိပ်မှ စိတ်ပညာဌာနသို့ ဒဿနိကဗေဒနှင့်ခွဲ၍ သီးခြားဌာနအဖြစ် ခွဲလိုက်သည်။ မန္တလေးစိတ်ပညာဌာန စတင်တည်ထောင်ကာ ဌာနမှူးအဖြစ် ထမ်းဆောင်သည်။

၁၉၅၅ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ လက်ထောက်ကထိကတာဝန်များကို မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်သည်။ မဟာဝိဇ္ဇာဘွဲ့ကို ၁၉၆၁ ခုနှစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှ ရရှိသည်။

၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ တောင်ကြီးကောလိပ်ကျောင်းအုပ်ကြီး၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီး၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ မော်လမြိုင်ကော်လိပ်ကျောင်းအုပ်ကြီး၊ ၁၉၈၇ ခုနှစ်တွင် ဒုတိယ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၈၈ ခုနှစ်တွင် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၄ ခု ပညာရေးစနစ်သစ် စတင်ချိန်မှစ၍ ၁၉၈၉ ခုနှစ် ပင်စင်ယူသည့် အချိန်အထိ တက္ကသိုလ်ပညာရေးအဖွဲ့များကောင်စီ၏ အဖွဲ့ဝင်လူကြီးနှင့် တက္ကသိုလ်များ ဗဟိုကောင်စီအဖွဲ့ဝင် လူကြီးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ပညာရေးလေ့လာရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဂျပန်နိုင်ငံသို့ စေလွှတ်ခြင်းခံရသည်။

၁၉၈၀ ပြည့်နှစ် နိုင်ငံတော်က ကြီးမှူးကျင်းပသည့် ပညာရေးနှီးနှောဖလှယ် ပွဲတွင် အခြေခံပညာနှီးနှောဖလှယ်ပွဲ၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၁ ခုနှစ် ကျင်းပသော ပုံမှန်ရွေးချယ်တင်မြှောက်ပွဲကြီး၌ မွန်ပြည်နယ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ပညာရေးလေ့လာရေးအဖွဲ့ခေါင်းဆောင်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်ခြင်းခံရသည်။

၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မော်လမြိုင်တက္ကသိုလ်ပညာရေးအဖွဲ့ဥက္ကဋ္ဌနှင့် မော်လမြိုင်တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်သည်။

စာပေဘဝ

ရှစ်နှစ်သားအရွယ်ကပင် ဝါသနာအလျောက် စာတိုပေစများရေးခဲ့ရာ ဒဂုန်မဂ္ဂဇင်းခေတ်ဖြစ်၍ မိမိငယ်မည် မောင်ဖေသိန်းနှင့်တွဲ၍ ဒဂုန်ဖေသိန်းဟု အမည်တပ်ခဲ့သည်။ (၁၁)နှစ်သားအရွယ်တွင် ဝတ္ထုများစတင် ရေးသားခဲ့သည်။ (၁၅) နှစ်သားတွင် ကဗျာသင်ရိုးကုန်၍ ကဗျာများ ပိုင်နိုင်စွာ ရေးစပ်နိုင်သည်။

ပေါင်းတည်၌ ကျောင်းနေစဉ် ဆွေသုမောင် အပွေများကိုလ မေယုတောင် နေရထားတွင် ခွေစကား မှာလိုက်တယ် တေးထပ်မှ ဆွေသုမောင် စကားလုံးကို နှစ်သက်၍ ဆွေကိုဖြုတ်ပြီး သုမောင်အမည်ဖြင့် ကျောင်းစာစောင်များတွင် စာရေးခဲ့သည်။ ဗန်းမော်တင်အောင်၏ ဘုန်းမောင်တစ်ယောက်တည်းရယ် ထွက်လာသောအခါ ဆင်းရဲသောမိဘများမှ စာတော်သော ကျောင်းသားဘုန်းမောင်ကို ဂုဏ်ပြုသောအားဖြင့် မိမိကလောင်အမည်ကို တက္ကသိုလ်ဘုန်းနိုင်ဟု ယူခဲ့သည်။

တက္ကသိုလ်ကျောင်းသားဘဝတွင် တက္ကသိုလ်ဘုန်းနိုင် အမည်ဖြင့် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလထုတ် ရှုမဝမဂ္ဂဇင်း၌ ဒွိဟ ကဗျာရေးသားရာမှ စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ပထမဆုံးရေးသားသော ဝတ္ထုမှာ လရောင်နှင့်အရိပ် ဖြစ်ပြီး ၁၉၅၁ ခုနှစ်တွင် ရေးသည်။ ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလထုတ် မြဝတီမဂ္ဂဇင်းပါ နှင်းရက်ကြွေစော ဝတု္ထရှည်မှစ၍ တစ်ဟုန်ထိုး နာမည်ကြီးလာသည်။

၁၉၇၀ ပြည့်နှစ် အမျိုးသားစာပေဆု ချီးမြှင့်ပွဲတွင် တက္ကသိုလ်ဘုန်းနိုင်သည် နှင်းငွေ့တစ်ထောင့် မိုးတစ်မှောင့် စာအုပ်ဖြင့် ဝတ္ထုရှည်ဆု ချီးမြှင့်ခြင်းခံရသည်။

၁၉၉၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် အကယ်ဒမီ(၄)ဆု ချီးမြှင့်ခြင်းခံရသော သူ့ကျွန်မခံပြီ ဇာတ်ကားကြီးမှာ တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုကို ရိုက်ကူးခြင်းဖြစ်သည်။

ဆရာတက္ကသိုလ်ဘုန်းနိုင်သည် ၁၀-၅-၂၀၀၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

တက္ကသိုလ်ဘုန်းနိုင် ရေးသားပြုစု ထုတ်ဝေခဲ့သော စာအုပ်များ

၁။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်(ပ) - ၁၉၆၆ ခုနှစ်
၂။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်(ဒု) - ၁၉၆၆ ခုနှစ်
၃။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်(တ) - ၁၉၆၆ ခုနှစ်
၄။ ကိုယ့်ဘဝ ငွေလမင်း - ၁၉၇၁ ခုနှစ်
၅။ ချစ်သောဤကမ္ဘာ(ပ) - ၁၉၆၄ ခုနှစ်
၆။ စွန့်ခွာရသည့်နွေညများ - ၁၉၈၀ ပြည့်နှစ်
၇။ စိမ်းနေဦးမည့် ကျွန်တော့်မြေ - ၁၉၆၃ ခုနှစ်
၈။ ညနက်နက်မှာ လထွက်ခြင်း - ၁၉၇၈ ခုနှစ်
၉။ ညီမလေးရယ် စိုးရိမ်မိတယ် - ၁၉၅၉ ခုနှစ်
၁၀။ တစ်ပြည်သူမရွှေထား - ၁၉၇၁ ခုနှစ်
၁၁။ တန်ခူးလေနှင့် လျောတော့သည် - ၁၉၇၆ ခုနှစ်
၁၂။ တိမ်ညိုအလွင့် လအမြင့် - ၁၉၇၀ ပြည့်နှစ်
၁၃။ နှင်းငွေ့တစ်ထောင် မိုးတစ်မှောင့် - ၁၉၇၂ ခုနှစ်
၁၄။ နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည် - ၁၉၅၃ ခုနှစ်
၁၅။ နွေကန္တာဦး - ၁၉၆၈ ခုနှစ်
၁၆။ ပိတောက်နှင့်တော့ မတူပါလေ - ၁၉၆၂ ခုနှစ်
၁၇။ ပိတောက်ပွင့်ဆဲ လသာဆဲဝယ် - ၁၉၇၄ ခုနှစ်
၁၈။ ပျောက်သောအပြုံး - ၁၉၆၃ ခုနှစ်
၁၉။ ပြန်လည်တင်ပြသည် - ၁၉၆၅ ခုနှစ်
၂၀။ မိုးညအိပ်မက်မြူ - ၁၉၆၂ ခုနှစ်
၂၁။ မိုးတွေရွာမှဖြင့်ကွယ် - ၁၉၈၄ ခုနှစ်
၂၂။ မိုးပန်းနှင့်မြေပွင့် - ၁၉၆၃ ခုနှစ်
၂၃။ မုန်းရစ်လေဦး - ၁၉၆၅ ခုနှစ်
၂၄။ မောင့်ဘဝညအလားကွယ် - ၁၉၆၃ ခုနှစ်
၂၅။ မေတ္တာများနှင့် စိန်ပန်းနီနီ - ၁၉၈၁ ခုနှစ်
၂၆။ လွမ်း - ၁၉၆၂ ခုနှစ်
၂၇။ လွမ်းတေးမဆုံးစေနှင့် စောသခင် - ၁၉၆၅ ခုနှစ်
၂၈။ လွမ်းပါလေရစ် သည်သောင်ငွေဦး - ၁၉၇၁ ခုနှစ်
၂၉။ ဝသန်လေချိန်မှန်ကူး - ၁၉၆၉ ခုနှစ်
၃၀။ ဝတ္ထုတိုပေါင်းချုပ် (၁) - ၁၉၆၉ ခုနှစ်
၃၁။ ဝတ္ထုတိုပေါင်းချုပ် (၂) - ၁၉၆၉ ခုနှစ်
၃၂။ ဝတ္ထုတိုပေါင်းချုပ် (၃) - ၁၉၆၉ ခုနှစ်
၃၃။ သာ၍ ဝေးရာဆီကိုပါ - ၁၉၇၅ ခုနှစ်
၃၄။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် - ၁၉၆၄ ခုနှစ်
၃၅။ သူ့ကျွန်မခံပြီ - ၁၉၅၉ ခုနှစ်
၃၆။ ဦးကြီးဘထိုက် (သို့) မိုးနှင့်မြေကိုအောင်နိုင်သူ - ၁၉၇၈ ခုနှစ်
၃၇။ ဤမြေမှသည် - ၁၉၆၃ ခုနှစ်

[နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပထမတွဲ၊ စာ-၉၇]

Reference from: wikipedia

Written Books

Book Review Image

မေတ္တာများန့ဲ စိန်ပန်းနီနီ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ပညာရဲ့သဘော

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

မျက်ရည်လောကများ၏ ဟိုမှာဘက်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

လွမ်းတေးမဆုံးစေနဲ့စောသခင်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

နှင်းငွေ့တထောင့်မိုးတမှောင့်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)