ပလောင်တွေ နေထိုင်ကြတဲ့ ဖန်ခါးတစ်ရွာလုံးက လူတစ်ယောက်တည်းကို ဝိုင်းသတ်လိုကြတဲ့ ကိစ္စတစ်ခုဟာ တကယ်ပဲ ဖြစ်ပျက်ခဲ့ဖူးပါတယ်။ သတ်လည်း သတ်ခဲ့ကြတယ်။ တရားခံထဲက တချို့ဟာလည်း အခုထိ တောင်ကြီးထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရတုန်း။
အဲဒီအဖြစ်အပျက်ကြောင့် ဖန်ခါးဆိုတဲ့ရွာလေးဟာ နေ့ချင်းညချင်း အိမ်ထောင်ဦးစီး ကင်းမဲ့တဲ့ တိုင်းရင်းသားရွာလေးတစ်ရွာအဖြစ် ပြောင်းလဲသွားခဲ့ရှာတယ်။ ယောက်ျားဆိုလို့ ရွာဦးကျောင်းက ဆရာတော်နဲ့ ကိုရင်တချို့သာ ကျန်ရှိခဲ့ပြီး အားကိုးအားထားပြုနိုင်တဲ့၊ အရွယ်ရောက်နေတဲ့ ယောက်ျားသားရယ်လို့ မရှိတော့တဲ့ အခြေအနေ။
ဒီအကြောင်းတွေ ပြန်ရေးရတာ စာရေးသူအဖို့တော့ အတော်ကို အသက်ရှုကြပ်ခဲ့ရှာမှာပဲ။
ဒီလိုဗျ . . . ပလောင်ရွာသူရွာသားတွေဟာ ရိုးသားကြတယ်။ အေးအေးဆေးဆေး နေထိုင်လိုကြတယ်။ ရွာကြီးတစ်ရွာလုံးက မိသားစုတစ်စုလို နေထိုင်ကြတာ။
ပလောင်သားတွေ . . . သူတို့တွေ ဘာကြောင့်များ လူတစ်ယောက်ကို ဝိုင်းသတ်လိုစိတ်တွေ ဖြစ်ခဲ့ကြတာလဲ။
ဒီစာအုပ်က တကယ့် ဖြစ်ရပ်မှန်ကို စာဖတ်သူတွေ ဖတ်ချင်စဖွယ်ဖြစ်အောင် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ နေရာတကျ ပြန်လည်စီစဉ်ရေးသားထားတဲ့ စာတစ်အုပ်ပါ။ စာရေးသူနဲ့ သေဒဏ်ကျ ရွာသားတွေဟာ ထောင်ထဲမှာပဲ ရင်းနှီးခင်မင်ခဲ့ကြပြီး ရွာသားတွေ ပြောပြတဲ့ ကံကြမ္မာဆိုး ဖြစ်ရပ်ကြီးကို စာရေးသူက သိရှိခဲ့ရတာလည်း ဖြစ်တယ်။
ဒီဇာတ်လမ်းထဲက ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ စာရေးသူတို့ ဆုံခဲ့ရတဲ့ထောင်က တောင်ကြီးထောင်။ တောင်ကြီးထောင်ဆိုပေမယ့် တည်နေရာက တောင်ကြီးမြို့နဲ့ အလှမ်းဝေးတယ်။ ဟဲဟိုးနဲ့ အေးသာယာကြား ဟဲဟိုးလွင်ပြင် တောင်လေးလုံးရွာအနီးမှာ တည်ဆောက်ထားတဲ့ထောင်ပါ။ ဒီထောင်ကို စတင်တည်ဆောက်ခဲ့သူက ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လက်ျာ။ သကြားထုတ်လုပ်ဖို့ ကြံပင်တွေ စိုက်ပျိုးနိုင်အောင် အကျဉ်းစခန်းကို စတင်တည်ဆောက်တဲ့အနေနဲ့ စခဲ့တာပေါ့။ အစက လေဘာစခန်းဖြစ်ခဲ့ပေမယ့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ထောင်အဖြစ် အဆင့်မြှင့်တင်ခဲ့တယ်။ အကျဉ်းသား ၅၀၀ လောက် ဆန့်တဲ့ အကျဉ်းထောင်ဖြစ်တာကြောင့် မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ (က) အဆင့်ရှိတဲ့ အကျဉ်းထောင်တစ်ခု ဖြစ်လာခဲ့တယ်။
နိုင်ငံရေးအလှည့်အပြောင်းတွေကြောင့် နိုင်ငံရေးအကျဉ်းသားဘဝကနေ စာရေးသူ (ဇော်သက်ထွေး) လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်း ထောင်အတွေ့အကြုံတွေ၊ စစ်ကြောရေးအတွေ့အကြုံတွေ၊ ထောင်တွင်း ပရလောကအတွေ့အကြုံတွေ ရေးအပြီး နောက်ထပ် မတူညီတဲ့ ထောင်တွင်း ဇာတ်လမ်းတစ်ပုဒ်ကို ဖွင့်ချပြလိုက်တဲ့စာတစ်အုပ်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး ပေါ်လွင်ပီပြင်စေဖို့အတွက် ပလောင်တွေနဲ့ပတ်သက်တဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေနဲ့ မျိုးနွယ်ဇာစ်မြစ်တွေအကြောင်းကို စာရေးသူက လေ့လာအားထုတ်ထားတာလည်း သိသာလှတယ်။
စာအုပ်နာမည်က ' မြေကမ္ဘာရဲ့အဆုံးက ကြယ်တွင်း ' တဲ့။ ကြယ်တွင်းဆိုတာ ဘာလဲ။
ကြယ်တွင်းဆိုတာ ကျောက်တောင်တွေ၊ ကျောက်ဆောင်တွေ ပေါများတဲ့ အရပ်ဒေသမှာ ရှိနေတတ်တဲ့ တွင်းကို ခေါ်တာပါ။ အရပ်အခေါ်အရတော့ ကြယ်တွင်းလို့ အသံမထွက်ဘဲ ဂျယ်တွင်းလို့ အသံထွက်တယ်။ ဂျယ်တွင်းတွေ ဖြစ်ပေါ်လာပုံက ဒီလို။
ကျောက်လွှာအက်ကွဲကြောင်းတွေကြောင့် လှိုဏ်ခေါင်းတွေလို ပုံပေါ်လာပြီး သဘာဝကျောက်ဂူတွေ ဖြစ်လာတယ်။ ဂျယ်တွင်းဆိုတာ ကျောက်သားနှစ်ခု အက်ကွဲတာကြောင့် ပေါ်ပေါက်လာတဲ့ တွင်းဖြစ်ပြီး အနက် ဘယ်လောက်အထိ ရှိတယ်ဆိုတာကို မခန့်မှန်းနိုင်ကြဘူး။ ရပ်ရွာပုံပြင်တွေထဲမှာတော့ ဂျယ်တွင်းက မဖြစ်မနေ ပါလေ့ရှိတယ်။ ရွာအပေါ် မကောင်းတဲ့ လူဆိုးတွေနဲ့ မကောင်းဆိုးရွားတွေဟာ ပုံပြင်အဆုံးမှာ ဂျယ်တွင်းထဲ ကျပြီး ဘဝနိဂုံးချုပ်ကြရတယ်။
စာအုပ်ခေါင်းစဉ်မှာပါတဲ့ ကြယ်တွင်းဆိုတာ ဘာလဲ သိပြီးပြီဆိုတော့ စာအုပ်ရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်၊ ဖန်ခါးရွာက ပလောင်အမျိုးသား ၈၀ ကျော်ရဲ့ ကံကြမ္မာအဖြစ်ဆိုးအကြောင်းကို ပြောပြရတော့မှာပေါ့။
' ရှေးဦးအစ တကောင်းက ' လို့ ဆိုရိုးရှိတဲ့အတိုင်း ရှေးမြန်မာတွေဟာ ပျူလူမျိုးကနေ ဆင်းသက်လာတယ်လို့ ဆိုကြတယ်။ ကာလတွေ တဖြည်းဖြည်း ရွေ့လျားလာတော့ ပျူအမည်ကနေ ပလူး၊ ပလူးကနေ ပလောင်လို့ ပြောင်းလဲလာတယ်။ ပလောင် ရှေးလူကြီးတွေရဲ့အဆိုအရ ' ပလောင် တောတိုး ယောလူမျိုး ' လို့ ဆိုကြတာလည်း ရှိတယ်။ ပလောင်ဒဏ္ဍာရီမှာ နေနတ်သားနဲ့ ရေနတ်နဂါးမင်းသမီးတို့ အကြောင်းဆုံပြီး ပလောင်လူမျိုးတွေ ဖြစ်လာတယ်လို့လည်း ဆိုကြတယ်။ တခြားသော ပါးစပ်ပြော ဒဏ္ဍာရီတွေလည်း ရှိသေးပေမယ့် အဲဒီအကြောင်းတွေကိုတော့ စာအုပ်ထဲမှာသာ စေ့ငုစေလိုတယ်။
ပလောင်လူမျိုးတွေဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပြီး ကျေးလက်တောရွာတွေမှာ ဗေဒင်၊ အင်းအိုင်၊ လက်ဖွဲ့၊ ခလှည့်၊ ခဇောင်၊ လာဘ်နေ့၊ ရက်ရာဇာ၊ ပယောဂ၊ မှော် စတာတွေကို လေ့လာလိုက်စားကြတယ်။ များသောအားဖြင့် ပလောင်ရွာတွေမှာ ' တာကျောင်းဝမ်း ' လို့ခေါ်တဲ့ ဗေဒင်ကိန်းခန်း၊ အခါပေးဆရာတစ်ယောက်စီ ထားရှိကြတယ်။ ရာသီအလိုက် နတ်တွေကို တာကျောင်းဝမ်းက ပူဇော်ပသပေးရတယ်။ တကယ်လို့ တာကျောင်းဝမ်း မအားရင် ရွာက ' တာနတ်ထိန်း ' က တာဝန်ယူပြီး ပူဇော်ပသပေးရတယ်။
ပလောင်ရွာသူရွာသားတွေက ဘာသာရေးအလေ့တွေလုပ်တာနဲ့ နတ်ကိုးကွယ်တာတွေ များပြားတဲ့အတွက် တာနတ်ထိန်းဖြစ်ပြီဆိုရင် လက်မလည်အောင် နတ်ထိန်းရတတ်တယ်။ ပွဲများလေ ဝင်ငွေ များလေပဲ။ ပွဲမှာထိုးရတဲ့ အုန်းသီး၊ ငှက်ပျောသီးတွေဆိုတာလည်း တာနတ်ထိန်းအိမ်မှာ ပုံလို့ပဲ။ ပွဲတင်ပြီးပြီဆိုတာနဲ့ ကန်တော့ပွဲအားလုံးကို တာနတ်ထိန်းက ပိုင်သွားပြီကိုး။ တာနတ်ထိန်းက ပွဲပြီးပြီဆို မန်တုံမြို့နယ်မှာ ရှိတဲ့၊ သူ ချိတ်ဆက်ထားတဲ့ ပွဲရုံတွေဆီ စျေးပေါင်ကျိုးနဲ့ ပြန်သွင်းတယ်။ နတ်တွေကို ပူဇော်ပေးရတဲ့အတွက် ဝန်ဆောင်ခလည်း ရသလို၊ ပွဲကျပစ္စည်းတွေကလည်း အလဟဿမဖြစ်ဘဲ ဝင်ငွေဖြောင့်စေတာဆိုတော့ တာနတ်ထိန်းအတွက်က အိုစကေ စိုပြည်ပေါ့။
ဒါပေမယ့် တာနတ်ထိန်းအတွက် မအိုကေ၊ မစိုပြည်စရာတွေ ရှိလာတယ်။ ပြဿနာက သူဟာ အောက်လမ်းနည်းတွေကိုလည်း တတ်ကျွမ်းနေတာပဲ။ အစကတော့ အဲဒီပညာနဲ့ ရွာသူရွာသားတွေရဲ့အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်လို့ သူ့ကို အားကိုးခဲ့ကြပေမယ့် မမျှော်လင့်ထားတဲ့ ဝမ်းနည်းစရာကိစ္စတွေ ဖြစ်ပျက်လာခဲ့တယ်။ အဲဒါက တာနတ်ထိန်းနဲ့ အပေါင်ပြဿနာဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦး ဆုံးပါးသွားရာက စတာပဲ။ ဒီသေဆုံးမှုဟာ အောက်လမ်းနည်းနဲ့ လုပ်လိုက်တာလို့ ရွာသားတွေက ယူဆကြတယ်။ ဒီအမျိုးသမီးကြီးတင်မကပဲ ရှေ့မှာလည်း ဒီကိစ္စဆန်ဆန် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ဖူးတာဆိုတော့ စိုးရိမ်စိတ်ကနေ တွန်းပို့လိုက်တဲ့ အကြောက်တရားရယ်၊ မဟုတ်မခံလိုစိတ်ရယ်က ဒေါသမုန်တိုင်းကြီးတစ်ခုကို ဖန်တီးလိုက်တော့တယ်။
ဒေါသမုန်တိုင်းထဲ ပါဝင်သူတွေက ယောက်ျားသားတွေချည်း ၈၀ ကျော်။ ကိုယ်တိုင် သတ်ပါမယ်ဆိုပြီး တာဝန်ယူ ရင်ကော့ထွက်ပြသူကလည်း ငါးယောက်ထက် မနည်း။
တာနတ်ထိန်းမှာက မိန်းမနဲ့၊ အရွယ်ရောက်ပြီးသား သမီး နှစ်ယောက် ရှိတယ်။
သူ့ကို သတ်ဖို့အတွက် ညဘက်ကြီး လူ ၈၀ ကျော် စုဝေးတိုင်ပင်နေကြတာကို သူ မသိ။ အစည်းအဝေးကို ဦးဆောင်နေသူတွေထဲက တစ်ယောက်က ဖန်ခါးရွာလူကြီးရဲ့သား လှိုင်ခမ်း။ ရွာလူကြီးက လူကြီးပီပီ တခြားသော သွေးမထွက် သံမယိုစေတဲ့နည်းကို ဖျောင်းဖျပေမယ့် သူ့သားအပါအဝင် လူငယ်တွေက ဖျောင်းဖျမရကြတော့။ သွေးတွေ သိပ်ကြွနေကြပြီ။ တချို့က လှံတွေ ထမ်းထားပြီး တချို့က ဓားတွေ ကိုင်လို့။
သူတို့ ရင်ဆိုင်ရမှာက အောက်လမ်းကျွမ်းကျင်တယ်ဆိုတဲ့ တာနတ်ထိန်း။ ဘာတွေ ဆက်ဖြစ်ကြကုန်သလဲ။ ကိုယ်တိုင် ရင် တခုန်ခုန်နဲ့ ဆက်ဖတ်ကြည့်ဖို့ လက်တို့လိုက်တယ်ဗျာ။
#လူသာမန်
3.7.2019; 6:46 pm