ဆရာမ မသီတာ(စမ်းချောင်း)၏စာအုပ်များထဲမှ အောင်မြင်ကျော်ကြားဆုံးစာအုပ်တစ်အုပ်ဖြစ်သည်။ ဆရာကြီးဟံသာဝတီဦးဝင်းတင်၊ ဆရာမျိုးမြင့်ညိမ်း နှင့် ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) တို့၏ အဖွင့်အမှာစာများကို ဖတ်ကြည့်ရုံဖြင့် အချိန်ပေးပြီး မဖြစ်မနေဖတ်ရှု့ရမည့်စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိနိုင်သည်။ ဆရာကြီးဟံသာဝတီဦးဝင်းတင်၏ အမှာစာတွင် “မသီတာစာအုပ်က စာပေကလောင်နဲ့ရေးတယ်။ ဝေဒနာကိုရေးတာ၊ ‘ထောင်ဆိုတာ စိတ်ခံယူချက်ရှင့်’ လို့ပြောပြတာ။ ‘ထောင်ဆိုတာ ရုပ်ခံစားချက်ရှင့်’ လို့ ပြောပြတာ။ ရသပြည့်လျှံတယ်။ ခံစားချက် ဗောင်းလံတယ်။” ဟု ညွှန်းဆိုထားသည်။
ဆရာမ၏ဖြတ်သန်းမှု၊ တွေ့ကြုံမှုများကိုရေးဖွဲ့ရာတွင် ကမ္ဘာ့နိုင်ငံရေးသမိုင်းအချက်အလက်များကိုပါ ကြားညှပ်ထည့်သွင်းထားသောကြောင့် အခြားအတ္ထုပ္ပတ္တိစာအုပ်များနှင့်တော့မတူပါ။ စာအုပ်ကို ဆရာမ၏ မူလတန်းကျောင်းသူဘဝအကြောင်းနှင့် အစပျိုးခဲ့ပြီး ဘဝဖြတ်သန်းမှုအဆင့်ဆင့်၊ တွေ့ကြုံရသော လူ့သဘာဝများ၊ နိုင်ငံရေးလှုပ်ရှားမှုကြောင့်ထောင်ကျခဲ့ပုံများ၊ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရမှုများကို ရသအပြည့်ဖြင့်ရေးဖွဲ့ထားပြီး စာဖတ်သူကို လက်ကမချချင်လောက်အောင် ဆွဲဆောင်နိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
#Wunzinn
စာအုပ်အမည် _ စမ်းချောင်း အင်းစိန် ဟားဗတ်
စာေရးသူ _ မသီတာ (စမ်းချောင်း)
•••••••••••••••••••••••••••••••••••
ဒီစာအုပ်လေးဟာ
_ ၁၉၈၀ပြည့်နှစ်လွန်မြန်မာ့နိုင်ငံရေးတစ်ိတ်တပိုင်
_ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရေးကြီးတဲ့ သမိုင်းအစိတ်အပိုင်းအချို့
_ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ စစ်အာဏာရှင်တွေ ဘယ်လိုနေှာင့်ယှက်ခဲ့ကြလဲ
_ သေနတ်တွေနဲ့ချိန်ထားတဲ့ကြားက၊ အတားအဆီးတွေကြားထဲက ဒေါ်အောင်ဆန်းစုကြည်ဘယ်လို ရုန်းထွက်ခဲ့လဲ
_ ပြည်သူတွေ အမေစုနဲ့တွေ့ရဖို့ အသက်နဲ့ရင်းလို့ဘယ်လိုများစွန့်စား ခဲ့ကြလဲ
_ နာမည်ကြီး IF ကဗျာရေးရဲ့ နောက်ကွယ်ကအကြောင်းတွေ
_ အာဏာရှင်တွေရဲ့ဖိနှိပ်မွုမျိုးစုံ၊ နိုင်ငံရေးငရဲခန်းအစုံ
စသည်ဖြင့် ဗဟုသုတ၊ ရသအစုံဖတ်ရမယ့် စာအုပ်တစ်အုပ်ပါပဲ။
၂၀၁၂ ခုနှစ်ကတည်းကထွက်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်သြဂုတ်မှာ ဒုတိယအကြိမ်ပြန်ထုတ်ခဲ့ရပါသေးတယ်။
ဆရာမရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတစိတ်တပိုင်းလို့ ပြောနိုင်သလို လက်ရှိအာဏာရပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမိုင်းမှတ်တမ်းအတော်များများပါဝင်ပါတယ်။ သမိုင်းမှတ်တမ်းဆိုလို့ ဖတ်ရတာ ငြီးငွေ့စရာ တစက်မှမရှိအောင်ကို ကောင်းတဲ့ မှတ်တမ်းပါပဲ။ ၁၉၈၀အလွန် ခုနှစ်သက္ကရာဇ်တွေကို ဘဝမျိုးစုံနဲ့ဖြတ်သန်းလာခဲ့တဲ့ဆရာမဟာ ဆေးကျောင်းသူဘဝ၊ စာရေးဆရာမလေးဘဝ၊ ဒီမိုကရေစီအရေးတော်ပုံကြီးထဲ ပါဝင်လာခဲ့တဲ့လူငယ်ဘဝ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေသွားနားထောင်ခဲ့တဲ့သူ၊ လက်ရေးစာစောင်လေးရဲ့ တိုက်ထိုင်စာရေးဆရာ၊အယ်ဒီတာဘဝ၊ ဆရာဝန်ဘဝ... စသည်အားဖြင့် ဘဝများစွာဖြတ်သန်းလာပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် အနီးကပ်ဆက်ဆံရေးရှိသူနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ၉၀ နှစ်တွေနောက်ပိုင်း မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ အမတ်တွေအတော်များများ အဖမ်းအဆီးခံခဲ့ရသလိုပဲ၊ ဆရာမဟာလည်း စွဲချက်အမျိုးမျိုးနဲ့ ၁၉၉၃ သြဂုတ်မှာ အင်းစိန်ထောင်ကို အပို့ခံရပါတယ်။ ၁၉၉၃ အောက်တိုဘာလ ၁၀ရက်မှာတော့ နာမည်ကြီးပုဒ်မ ၅-ည၊ ၁၇(၁)၊ တရားမဝင်ပုံနှိပ်ဥပဒေ တို့နဲ့စုစုပေါင်း ထောင်ဒဏ် နှစ်(၂၀)ချမှတ်ခံရပါတော့တယ်။ ထောင်ချခံရတဲ့အချိန်မှာဆရာမဟာ အသက်၂ရနှစ်စွန်းစွန်းသာရှိပါသေးတယ်။
ထောင်ကြီးထဲက ဆရာမကြုံရ၊ တွေ့ခဲ့ရ၊ ရင်ဆိုင်ခဲ့ရတာတွေဟာ အတော်လေးကို စိတ်မကောင်းစရာဖြစ်သလို စိတ်ဝင်စားစရာလည်းဖြစ်ပါတယ်။ တခုတော့ရှိပါတယ်။ ထောင်ထဲမှာ ဆရာမ ဝိပဿနာအားထုတ်ခဲ့တဲ့အကြောင်းတွေပါပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေအတွက် (ကျနော့်အဖို့) အတော်လေးကို စိတ်ဝင်စားအတုယူစရာကောင်းသလို လက်တွေ့ကျကျ တရားပြနေသလိုခံစားမိစေပါတယ်။ ဝိပဿနာဆိုင်ရာ စကားလုံးတွေနဲ့ စိမ်းတဲ့သူတွေတော့ အဲဒီအပိုင်းလေးမှာ နည်းနည်းတော့ တမျိုးလေးဖြစ်မယ်ထင်ပါတယ်။ နောက်ပိုင်းမှာ ထောင်ကလွတ်ပြီး ဟားဗတ်ရောက်တဲ့အထိဖတ်ရမှာပါ။
#ထန်
#5 June 2018 (11:30)