Book Image

သူတို့ပြောသော_ထောင်အတွင်းမှ_ပရလောကသားများ

ဇော်သက်ထွေး

#သူတို့ပြောသော_ထောင်အတွင်းမှ_ပရလောကသားများ

ဇော်သက်ထွေး
၂၀၁၈၊ စက်တင်ဘာ၊ ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
၄၀၀၀ ကျပ်
Home of Media & Entertainment


" တစ္ဆေရှိတယ်ဆိုတာ မင်း မယုံဘူးလား၊ ဒါဆို မင်းကို ငါ ခေါ်ပြမယ်၊ အင်းစိန်ထောင်မှာ ကြာသပတေးနေ့တိုင်း အသားကျွေးတယ်၊ ဝက်သားနဲ့ ဘဲဥတော့ သူတို့ မကြိုက်ဘူး၊ အမဲသားကျွေးတဲ့တစ်နေရာတော့ ရှိတယ်၊ အဲဒါ ထောင်ဆေးရုံပဲ၊ ဆေးရုံက အမဲသားရတဲ့တစ်နေ့ မင်း မြင်စေရမယ် "


ဒီစကားကို ပြောလိုက်သူက ပဲခူးက ကျောင်းသားတစ်ယောက်ပါ။ စမ်းချောင်း (အကသ) ကျောင်းသားက တစ္ဆေ၊ သရဲတွေ ရှိတယ်ဆိုတာ မယုံဘူးပြောလို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ကြရင်းကနေ အထက်ပါ စကားတွေ ထွက်လာပြီး ၅ တိုက်ရဲ့ အခန်း ၂၂ မှာ သရဲတစ္ဆေ တကယ် ရှိ မရှိ စိန်ခေါ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် ပြောပြရင် စာအုပ်ဖတ်တဲ့အခါ ပေါ့ပျက်သွားနိုင်တာမို့ ဒီအကြောင်းကို ဒီတင် ရပ်ပါ့မယ်။

ထောင်ဆိုတာ လူရှင်တွေရဲ့သင်္ချိုင်းလို့ တချို့က ပြောကြတယ်မဟုတ်လား။ တကယ်တော့ ထောင်ထဲမှာ မလွတ်မြောက်နိုင်တဲ့လူသေတွေလည်း ရှိနေတာပါ။ ဒီစာအုပ်က အဲဒီဝိဉာဉ်တွေနဲ့ ဆုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်လည်ရေးသားထားတာ ဖြစ်ပါတယ်။

ညဉ့်သန်းခေါင်ယံအချိန်ရောက်မှ တွဲဖက်ထောင်ထဲကနေ တောက်ခေါက်သံ ထွက်ပေါ်လာတတ်တာဟာ ဘယ်ပရလောကသားဆီကလဲ၊ စစ်ယူနီဖောင်း ဝတ်ထားပြီး လက်နှစ်ဖက်မရှိတဲ့ ပရလောကသားဟာ ဘယ်သူလဲ၊ ဒီဘက်ခေတ် ရောက်တဲ့အထိ အင်းစိန်ထောင်ထဲမှာ နာမည်ကြီးနေတဲ့ အမျိုးသမီးတစ္ဆေ မနှင်းဆီ (ကရင်မ) ဆိုတာ ဘယ်သူလဲ (ကိုပိုင်ရဲသူတောင် သူ ကြုံခဲ့ရတဲ့အကြောင်းကို တမြန်နှစ်က ရေးခဲ့ပါသေးတယ်)၊ အမျိုးသားတွေပဲ ရှိနေတဲ့တိုက်မှာ မနှင်းဆီက ဘာလို့ လာလာခြောက်နေတာလဲ၊ မင်းသားကြီး ဦးအောင်လွင်နဲ့ ဆရာ စံ-ဇာဏီဘိုတို့က ထောင်ထဲမှာ သူတို့ တွေ့ကြုံခဲ့ရတဲ့ မနှင်းဆီဆိုတဲ့ ပရလောကသားအကြောင်းကို ဘယ်လိုတွေ ပြန်ပြောပြတာလဲ၊ ထောင်အုတ်ရိုးတွေပေါ်မှာ လေဘာချခံထားရတဲ့ သရဲတွေ တကယ် ရှိနေသလား၊ ထောင်အုတ်ရိုးပေါ်က သရဲကြီး မွေးနီနဲ့ နက်ကျော်တို့ဟာ ကာလတစ်ခုအထိ ဘာလို့ မကျွတ်မလွတ်ဘဲ အုတ်ရိုးစောင့်သရဲတွေအဖြစ် ရှိနေခဲ့ရတာလဲ စသဖြင့် စိတ်ဝင်စားဖွယ်ရာ မေးခွန်းတွေကို စာရေးသူ ဇော်သက်ထွေးက ပြေပြစ်တဲ့အရေးအသားတွေနဲ့ ဖြေပြသွားပါလိမ့်မယ်။ 

ရှေ့မှာ ထွက်ခဲ့တဲ့ ' အင်းစိန်ထောင်မှ ဂန္ထဝင်လူမိုက်ကြီးများ ' စာအုပ်ကို ဖတ်ဖူးရင် ဒီစာအုပ်ထဲက တချို့ဇာတ်ကောင်တွေရဲ့အရှိန်အဝါဟာ ဘယ်လောက်ကြီးကြောင်း သိပြီး ဒီစာအုပ်ဖတ်ရတာ အရသာ ပိုရှိပါလိမ့်မယ်။

မနှင်းဆီဆိုတဲ့ ပရလောကသား အင်းစိန်ထောင်ထဲ ရောက်လာပုံအစကို နည်းနည်းတော့ ပြောပြချင်ပါတယ်။ ဒီလိုပါ . . . ။

" ၃ တိုက်မှာ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ် "

၁၉၈၉ ခုနှစ်၊ ရှစ်လေးလုံးနှစ်ပတ်လည် မရောက်ခင် အထက်ပါသတင်းစကားဟာ တစ်ထောင်လုံးကို ညတွင်းချင်း ပျံ့နှံ့သွားပါတယ်။ ဆိုးပေ့မိုက်ပေ့ဆိုတဲ့ မတစ်ထောင်သား၊ ယောက်ျားတွေချည်း နေတဲ့ထောင်မှာ မိန်းမ တစ်ယောက်ကို တွေ့လိုက်ရတယ်ဆိုတာ တိုက်ဝင်းမှာတော့ အထူးအဆန်းပါပဲ။ ညဖက် အိပ်မပျော်တဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက် စတွေ့လိုက်တာက စတဲ့ဇာတ်လမ်းပါပဲ။ 

ဒီသတင်းဟာ ထောင်အတွင်းကို တောမီးပမာ ပျံ့နှံ့သွားပါတယ်။ တိုက်တစ်တိုက်နဲ့တစ်တိုက် ဆက်သွယ်လို့ မရအောင် အုတ်တံတိုင်းတွေ၊ သံဆန်ခါတွေ အမျိုးမျိုး ကန့်သတ်ထားပေမယ့် သန့်ရှင်းရေးလုပ်တဲ့ ဘောက်ဆင်းတွေ၊ မိလ္လာသမားတွေ၊ ထမင်းဘုတ်ကိုင်တွေကတစ်ဆင့် ဒီသတင်းဟာ အင်းစိန်ထောင်ဝင်းအတွင်း ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် တိုက်ထောင်မှူးကြီး မောင်ပြုံးက စတွေ့လိုက်တယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားကို ခေါ်စစ်ပါတယ်။ 

သူကတော့ ၁၉၈၈ ခုနှစ်၊ ဒလရဲစခန်းကို ဝင်ရောက် စီးနင်းမှုမှာ ပါတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဝင်းရွှေ ဖြစ်ပါတယ်။ ဝင်းရွှေကို စစ်ဆေးမေးမြန်းတဲ့အခါ သူက ညဘက် ရေထသောက်တဲ့အချိန် ညသန်းခေါင်လောက် ၃ တိုက်ရှေ့မှာ လက်နောက်ပစ်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို သေချာမြင်လိုက်ရတယ်လို့ အခိုင်အမာ ပြောပါတယ်။ ထောင်မှူးကြီးက ကောလာဟလသတင်း ထုတ်လွှင့်ပြီး ထောင်ဆူပူမှုဖြစ်အောင် ရည်ရွယ်ပြီး လုပ်သလားဆိုတဲ့သံသယနဲ့ စစ်ဆေးပေမယ့် တစ္ဆေသရဲ အယုံအကြည်မရှိတဲ့ ဝင်းရွှေက တိတိကျကျ ပြောနေတဲ့အတွက် သူကိုယ်တိုင် ယုံကြည်သွားပါတယ်။

ဒီသတင်း ရုတ်ချည်းပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ ထောင်သမ္ဘာတွေရဲ့မှတ်ချက်နဲ့အတူ ဖြစ်နိုင်တဲ့ ဒဏ္ဍာရီတွေလည်း ဆက်တိုက်ထွက်ပေါ်လာပါတယ်။ တကယ် ရှိ မရှိ အငြင်းအခုန်တွေလည်း ဖြစ်လာကြပါရော။

" ကရင်မ တကယ် ရှိ မရှိ ငြင်းမနေကြပါနဲ့ကွာ၊ ငါက အင်းစိန်ထောင်ကို အရေးအခင်းပြီးမှ ရောက်လာတဲ့သူ မဟုတ်ဘူး၊ အရေးအခင်းမတိုင်ခင်ကတည်းက ဒီထောင်မှာ အကြာကြီး နေလာခဲ့တာ၊ ကရင်မဆိုတာ တကယ်ရှိတယ်၊ ဘာလို့လဲဆိုတော့ ကရင်မယောက်ျား ဝင်းမြင့်နဲ့ ငါ အကြာကြီးနေခဲ့ရတာကွ၊ ဝင်းမြင့် ထောင်က လွတ်သွားပေမယ့် ကရင်မကတော့ ဒီထောင်ထဲမှာ မကျွတ်ဘဲ ကျန်နေခဲ့တယ်ဆိုတာ ငါ ရဲရဲကြီး ပြောရဲတယ် "

အဲဒီလိုပြောလိုက်တဲ့သူကတော့ ၁ တိုက် တန်းစီးတစ်ယောက်ဖြစ်တဲ့ လူလိမ်ဝိဇ္ဇာ ကျော်မြင့်ပဲ ဖြစ်ပါတယ်။ သူပြောပြတာက ဒီလိုပါ . . . ။

၁၉၈၀ ကျော် ခုနှစ် ဝန်းကျင်လောက်က စမ်းချောင်း ဝေဠုဝန်အိမ်ရာမှာ ရိုးသားအေးဆေးတဲ့ ဇနီးမောင်နှံ နှစ်ယောက် ရှိတယ်။ ယောက်ျားဖြစ်တဲ့ ကိုဝင်းမြင့်က ဆက်သွယ်ရေးရုံးမှာ ရုံးအုပ်ကြီးဖြစ်ပြီး ဇနီးဖြစ်သူ မနှင်းဆီကတော့ စာရင်းရုံးမှာ အလုပ်လုပ်တယ်။ အဲဒီခေတ်က မြန်မာငွေ တန်ဖိုးရှိသေးတော့ နှစ်ယောက်လုံး အလုပ်လုပ်တဲ့ မိသားစုတွေဟာ ချောင်လည်ကြပါတယ်။ ကိုဝင်းမြင့်တို့လင်မယားက အပိုလည်း ကုန်စရာ မရှိတော့ ငွေလေးကြေးလေး စုဆောင်းမိတယ်။ သူတို့မိသားစုအတွက် အကြီးမားဆုံးလိုအပ်နေတဲ့ ကွက်လပ်ကတော့ ရင်သွေးရတနာလေး ရရှိဖို့ပါပဲ။

မနှင်းဆီရဲ့ အိမ်နာမည်က ကရင်မလို့ ခေါ်ပြီး ဧရာဝတီတိုင်း ဝါးခယ်မကနေ ရန်ကုန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ကိုဝင်းမြင့်နဲ့ တွေ့တော့ မနှင်းဆီရဲ့အသက်က ၃၆ နှစ်လောက် ရှိရော့မယ်။ ဒီတော့ အိမ်ထောင်ကျ နောက်ကျတယ် ဆိုရမှာပေါ့။ ကလေးရဖို့ အသည်းအသန် ကြိုးစားကြတယ်။ နာမည်ကြီးတဲ့ဗေဒင်ဆရာတွေဆီကို သွားမေးကြတယ်။ ရှိရှိသမျှ ရုက္ခစိုးကို တိုင်တည်ဆုတောင်းဆိုတော့လည်း လုပ်လိုက်တာပဲ။ ယတြာပေါင်းစုံလည်း ချေနေတာပဲ။ ဒါပေမဲ့ ထူးခြားမလာပါဘူး။ မနှင်းဆီလည်း ကလေးမရတော့ တငိုငို တရယ်ရယ်နဲ့ပေါ့။

နောက်ဆုံး ကိုဝင်းမြင့်ရဲ့သူငယ်ချင်းတစ်ယောက် အကြံပေးလို့ အထူးကုဆရာဝန်ကြီးတစ်ယောက်နဲ့ ပြကြည့်တယ်။ ဆရာဝန်ကြီးက ကလေးရဖို့ နှစ်ယောက်လုံးမှာ ဘာလိုအပ်ချက်မှမရှိဘဲ ပြည့်စုံတယ်လို့ ပြောတယ်။ ကလေးမရတဲ့အကြောင်းရင်းကို ဆန်းစစ် ကြည့်လိုက်တော့ နှစ်ယောက်စလုံး ရုံးအလုပ်တွေနဲ့ အိမ်အလုပ်တွေ ဖိစီးနေတာဖြစ်နိုင်တယ်လို့ ပြောပြတယ်။ ဆရာဝန်ကြီးပြောလည်း ပြောစရာပဲ။ မနှင်းဆီခမျာ မနက် မိုးလင်းရင် စျေးကို ပြေးပြီး ဝယ်ရခြမ်းရတယ်။ ပြီးတော့ ရုံးအမီ ချက်ရပြုတ်ရပြန်တယ်။

နှစ်ယောက်စလုံး ထမင်းဘူးကိုယ်စီနဲ့ ရုံးသွားကြပြီး တစ်နေကုန် ရုံးအလုပ်တွေ လုပ်ရပြန်တယ်။ အိမ်ရောက်တော့ ကိုဝင်းမြင့်က အေးအေးလူလူ အနားရပေမယ့် မနှင်းဆီခမျာ မနားရပြန်ဘူး။ လင်မယား နှစ်ယောက်လုံးရဲ့ အဝတ်ဟောင်းတွေ လျှော်ချင် လျှော် ဒါမှမဟုတ် အိမ်သန့်ရှင်းရေးလုပ်၊ ဒါမှမဟုတ် ချက်ပြုတ်ကြော်လှော်နဲ့ လုပ်စရာတွေ အပြည့်ပါပဲ။ ဒီအခြေအနေတွေကြောင့် ညဘက်ရောက်တော့ နှစ်ယောက်လုံး မောပန်းပြီး အိပ်မောကျသွားတော့တယ်။ ဒီပုံစံကိုပြောင်းလဲပစ်ဖို့ ဆရာဝန်က အကြံပေးတယ်။ ခရီးသွားဖို့လည်း အကြံပေးတယ်။

ဒါပေမဲ့ ရုံးဝန်ထမ်းတွေဆိုတော့ ခရီးသွားဖို့ဆိုတာ ရုတ်တရက် မလွယ်ပါဘူး။ ဒီတော့ ကိုဝင်းမြင့်က သူ့ ဇနီးရဲ့အလုပ်တွေ နည်းသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားတယ်။ နောက်ဆုံး အိမ်မှာ အိမ်မှုကိစ္စ ဗာဟီရတွေကို ကူလုပ်ဖို့ ကူဖော်လောင်ဖက်တစ်ယောက်ထားဖို့ အကြံရသွားတယ်။

အဲဒီခေတ်က အိမ်ဖော်လို့ပဲဆိုဆို အိမ်အကူလို့ပဲပြောပြော ရှာရတာ အရမ်းလွယ်တယ်။ ခုခေတ်လို ပွဲစားတွေဘာတွေလည်း မရှိဘူး။ နယ်ဘက် တောဘက်က ရိုးသားပြီး ငွေလိုနေတဲ့မိန်းကလေးတွေ မရချင်မှ အဆုံး၊ ပေါမှပေါပဲ။ စာရိတ္တပိုင်းမှာလည်း ပြောစရာမရှိဘူး။ တချို့ဆိုရင် နှစ်တွေကြာလာတာနဲ့အမျှ မိသားစုလိုတောင် ဖြစ်သွားကြတယ်။

အခုလည်း ကိုဝင်းမြင့်နဲ့ မနှင်းဆီတို့အတွက် အိမ်အကူရှာတဲ့အခါ ပဲခူးဘက်ကနေ အလုပ်လာရှာတဲ့ မစန်းဆိုတာ တွေ့သွားတယ်။ မစန်းက အသက်အစိတ်လောက် ရှိပြီ။ ရုပ်ကတော့ သာမန်ရွက်ကြမ်းရေကျိုပဲ။ အိမ်အလုပ်ကိုတော့ တရစပ် လုပ်နိုင်တယ်။ မစန်းရောက်လာကတည်းက မနှင်းဆီလည်း တော်တော် အနားရသွားတယ်။ အိမ်ကိုလည်း မျက်နှာလွှဲထားနိုင်တယ်။ ခင်ပွန်းဖြစ်သူကလည်း လူရိုးလူအေးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မစန်းနဲ့ စိတ်ချတယ်။ ဒီလိုနဲ့ ရင်သွေးငယ်လေး ရောက်လာမယ့်နေ့ကို စိတ်ကူးယဉ် စောင့်မျှော်နေကြတယ်။

တစ်ရက်မှာတော့ အေးချမ်းသာယာနေတဲ့ ကိုဝင်းမြင့်တို့မိသားစုလေးကို မုန်တိုင်းတစ်ခု မထင်မှတ်ဘဲ ဝင် ရောက်လာခဲ့တယ်။ အဲဒါကတော့ မနှင်းဆီတစ်ယောက် ဗီရိုရှင်းရင်းက စတာပါပဲ။

" ဟယ် . . . အစ်ကိုရေ၊ နှင်းဆီရဲ့အဝတ်အစားတွေ လျော့နေတယ်။ အစ်ကို ဗီရိုရှင်းသေးလား "

ကိုဝင်းမြင့်လည်း ဇနီးဖြစ်သူရဲ့ဗီရိုကို ကြည့်ရင်း ပြာပြာသလဲ ငြင်းတယ်။

" ကတ်သီးကတ်သတ် အစ်ကို ညီမအဝတ်အစားတွေ လက်ဖျားနဲ့တောင် မထိဘူး "

မနှင်းဆီက သူ့အဝတ်အစားတွေကို ဆက်စစ်ဆေးကြည့်တယ်။ ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ခင်ပွန်းသည်ကို လှမ်းပြောတယ်။

" သေချာတယ် အစ်ကို၊ မနှင်းဆီရဲ့အဝတ်အစားတွေ ပျောက်နေတယ်။ အစ်ကို့အဝတ်အစားတွေလည်း စစ်ကြည့်လိုက်ဦးမယ် "

လင်မယားနှစ်ယောက် ဗီရိုထဲက အဝတ်အစားတွေကို စစ်ကြည့်ကြတယ်။ အဲဒီတော့မှ ကိုဝင်းမြင့်ရဲ့ စတစ်အင်္ကျီတချို့နဲ့ ပုဆိုးတွေလည်း ပျောက်နေတာကို တွေ့ရတယ်။ 

တကယ်တော့ လူသုံးယောက်သာရှိတဲ့အိမ်မှာ သူစိမ်းလူလည်း အဝင်အထွက် မရှိဘူး။ သူစိမ်းဆိုလို့ မစန်းပဲ သတ္တုချရတော့မယ်။ ကိုဝင်းမြင့်ကတော့ သေသေချာချာ မသိဘဲ မစန်းကို မစွပ်စွဲစေချင်ဘူး။ မနှင်းဆီက မစန်းကို တိုးတိုးတိတ်တိတ် ခေါ်မေးတော့လည်း မစန်းက သူ လုံးဝ မသိတဲ့အကြောင်း၊ ပြီးတော့ ဒီလိုအကျင့်စာရိတ္တမျိုး သူ့မှာ မရှိတဲ့အကြောင်း အကြောက်အကန် ငြင်းတယ်။ နောက်ဆုံး အဝတ်အစားပျောက်တဲ့ပြဿနာက ဒီမှာပဲ ပြီးသွားတယ်ဆိုပါစို့။

ကိုဝင်းမြင့်နဲ့ မနှင်းဆီတို့လည်း ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ သားသမီးရတနာ ရလာဖို့ကတော့ မထူးခြားသေးဘူး။ ရုံးပိတ်ရက်တစ်ရက် ရောက်လာတော့ မနှင်းဆီက ဗီရိုတွေ၊ သေတ္တာတွေ ရှင်းပြန်တယ်။ ရှင်းရင်းနဲ့ ခင်ပွန်းဖြစ်သူကို အလန့်တကြား လှမ်းခေါ်တယ်။

" အစ်ကိုရေ လာပါဦး "

ကိုဝင်းမြင့် ရောက်လာတော့ ဗီရိုကို ဖွင့်ပြပြီး ပြောလိုက်တယ်။

" အစ်ကိုရေ၊ အဝတ်အစားတွေ ထပ်ပျောက်ပြန်ပြီ "

ဒီပြဿနာပြန်ပေါ်လာတော့ သူတို့လင်မယားနှစ်ယောက် ခေါင်းခဲသွားတယ်။ မစန်းကိုလည်း ထပ်မစစ်ချင် တော့ဘူး။ မနှင်းဆီက စိတ်ရှုပ်လာတာကြောင့် မစန်းကို ပဲခူးပြန်ပို့ဖို့ တိုင်ပင်တယ်။ ကိုဝင်းမြင့်က မစန်း ခိုးမခိုး မသေချာဘဲ ပြန်မပို့စေချင်ဘူး။ မစန်း ပြန်သွားရင် သူ့မိန်းမပဲ အလုပ်ပင်ပန်းမှာကို သိနေတယ်။ မနှင်းဆီလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ နောက်ဆုံးတော့ သူ အကြံတစ်ခု ရသွားတယ်။

တစ်ရက်မှာ ရုံးသွားချင်ယောင် ဆောင်ပြီး နာနတ်တောလမ်း တစ်နေရာကနေ မစန်း အခြေအနေကို စောင့်ကြည့်တယ်။ မွန်းလွဲချိန်လောက်မှာ အိမ်ထဲကနေ မစန်း ထွက်လာတယ်။ ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်ပြီး ကြည့်မြင်တိုင် ညစျေးဘက်ကို ထွက်သွားတယ်။ မနှင်းဆီလည်း မစန်းနောက်ကို ထက်ကြပ်မကွာ လိုက်တာပေါ့။ မစန်းက ရထားလမ်းကူးပြီး ညစျေးရောက်တော့ ညစျေးတန်းက အမျိုးသား၊ အမျိုးသမီးတွေက မစန်းကို အတင်း ဝိုင်းခေါ်ကြတယ်။

" ဟေ့ ဖောက်သည်ကြီး ဒီလာ "

" ကျွန်တော်တို့ဆီလည်း လာလို့ရတယ်နော် "

စျေးသည်တွေရဲ့ မစန်းအပေါ် ထူးခြားတဲ့ဖော်ရွေမှုကြောင့် မနှင်းဆီ တွေးရခက်သွားတယ်။ ဒါပေမဲ့ ဇာတ်လမ်းကို လိပ်ပတ်လည်အောင် ဆက်စောင့်ကြည့်လိုက်တယ်။ မစန်းက အမျိုးသမီးတစ်ယောက်ရဲ့ ဆိုင်ထဲကို ဝင်သွားတယ်။ သိပ်မကြာခင်ပဲ မစန်းနဲ့ အဲဒီအမျိုးသမီး ပြန်ထွက်လာပြီး ညစျေးတန်း အိမ်သာဘက်ကို သွားတယ်။

ဆိုင်ကို ပြန်လာတော့ ဆိုင်ရှင်အမျိုးသမီးလက်ထဲမှာ အဝတ်အစားအထုပ်တစ်ထုပ် ပါလာတယ်။ မစန်းပြန်သွားတော့ မနှင်းဆီ တွေဝေနေသေးတယ်။ နောက် တော့ အဲဒီအဝတ်အစားအဟောင်းဆိုင် သွားပြီး စျေးဝယ်သူပုံစံမျိုး လေ့လာကြည့်လိုက်တယ်။ အဲဒီမှာပဲ သူ့ရဲ့အဝတ်အစားတချို့ကို တွေ့လိုက်ရတယ်။ မနှင်းဆီက ရှေ့ကထွက်သွားတဲ့ မစန်းလက်ကို ဆွဲပြီး တစ်ခါတည်းဖမ်းရင် ကောင်းမလားလို့ စဉ်းစား သေးတယ်။

ဒါပေမဲ့ လူကြားထဲမှာ သူ ရှက်ပါလိမ့်မယ်ဆိုပြီး လွှတ်ပေးလိုက်တယ်။ ညဘက်ရောက်မှ ခင်ပွန်းဖြစ်သူ ကိုဝင်းမြင့်ကို အကျိုးအကြောင်း ပြောပြလိုက်တယ်။ ကိုဝင်းမြင့်လည်း ကြားကြားချင်း အံ့သြနေသေးတယ်။ နောက်တော့ စိတ်ဆိုးသွားပြီး ညတွင်းချင်း ရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် မစန်းကို ခေါ်လိုက်တယ်။ နေ့လယ်က အဖြစ်အပျက်တွေကို အသေးစိတ် မနှင်းဆီက ပြောပြလိုက်တယ်။ အစပိုင်းမှာ မစန်းက ရှက်ရမ်းရမ်းပြီး ဘူးကွယ်နေသေးတယ်။ မနှင်းဆီက ဆက်သည်းမခံနိုင်တော့ဘူး။

" ညည်းကို ငါ လက်ပူးလက်ကြပ် မဖော်ချင်ဘူး မစန်း၊ အဲဒီဆိုင် ညည်းကို ခေါ်သွားပြီး စစ်ဆေးလိုက်ရင် ညည်းလည်း ဒုက္ခရောက်မယ်၊ အဲဒီဆိုင်လည်း သူခိုးလက်ခံဆိုပြီး ဒုက္ခရောက်မယ်၊ ဒီတော့ အမှန်အတိုင်း ပြော "

မစန်းက မပြောဘဲ မျက်ရည်တွေ ကျနေတယ်။ ကိုဝင်းမြင့်ကတော့ မစန်းကို ကြည့်ပြီး စိတ်ပျက်နေပြီ။ ဒီတော့ စကားကို အပြတ် ပြောချလိုက်တယ်။

" ရှုပ်တယ်ဟာ၊ ငါတို့လည်း ဒီလောက်ဆို အကြောင်းစုံသိပြီ၊ အဲဒီတော့ နင် ရသင့်ရထိုက်တဲ့လခကို ပေးလိုက်မယ်၊ နင် ဒီမှာ ဆက်မနေနဲ့တော့ "

ကိုဝင်းမြင့်ရဲ့စကားလည်း ဆုံးရော မစန်းက ချုံးပွဲချငိုတယ်။ သူ့မှာ နေမကောင်းဖြစ်နေတဲ့အမေအို ရှိနေလို့ အလုပ်မဖြုတ်ပါနဲ့လို့ တောင်းပန်တယ်။ ဒါပေမဲ့ ကိုဝင်းမြင့်က ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘူး။ ဒီလို ခိုးတတ်ဝှက်တတ်တဲ့ အကျင့်စာရိတ္တရှိသူကို အိမ်တစ်အိမ်လုံး အပ်ထားရမှာကိုလည်း ဝန်လေးတယ်။

အခုတောင် အဝတ်အစားလောက်ပဲ ပျောက်တာမို့လို့ ရုံးရောက်ဂါတ်ရောက်မဖြစ်တာ။ တန်ဖိုးကြီးတဲ့ ရတနာပစ္စည်းတွေ၊ ငွေတွေသာ ပျောက်ရင် ဒီထက် ပြဿနာကြီးမှာကို ကြိုတင်မြင်ယောင်နေတယ်။ ဒါကြောင့် မစန်း ဘယ်လိုပဲအသနားခံခံ ကိုဝင်းမြင့်က လက်မခံဘူး။ ပဲခူးပြန်ဖို့ကိုပဲ ပြောနေတယ်။ အဲဒီအချိန်မှာ မစန်းက ကိုဝင်းမြင့်နဲ့ မနှင်းဆီတို့နှစ်ယောက်လုံးကို လက်အုပ်ချီ ကန်တော့ပြီး သူ့ကို ခွင့်လွှတ်ဖို့ ထပ်ပြောတယ်။ ဒါပေမဲ့ မနှင်းဆီက စိတ်ဆိုးဒေါသထွက်လာလို့ ခါးခါးသီးသီး ငြင်းလိုက်တယ်။

" တော်ပြီ မစန်း၊ မနက် ပဲခူးပြန်ဖို့ အဝတ်အစားတွေ သိမ်းတော့ "

မနှင်းဆီ စကားဆုံးဆုံးချင်းမှာပဲ မစန်းက ဝုန်းခနဲ မတ်တတ်ထရပ်လိုက်တယ်။ သူ့မျက်နှာကလည်း ခုနက တိုးလျှိူးတောင်းပန်နေတဲ့မျက်နှာမျိုး မဟုတ်တော့ဘဲ ဒေါသကြောင့် မျက်လုံးတွေက မီးဝင်းဝင်းတောက်နေတယ်။ ပြီးတော့ မနှင်းဆီကို ပြန်ပြီး အော်လိုက်တယ်။

" အစ်မက ကျွန်မ ဒီလောက်တောင်းပန်နေတာတောင် မကျေနပ်ဘူးပေါ့ ဟုတ်လား၊ ကောင်းပြီလေ၊ ဒါဆို ကျွန်မအကြောင်းပြရတာပေါ့၊ မနက်ဖြန်အထိလည်း အစ်မတို့အိမ်မှာ မနေပါဘူး၊ အခု အဝတ်အစားသိမ်းပြီး ပြန်မှာပါ "

စကားဆုံးဆုံးချင်း မစန်းက ဝုန်းဒိုင်းကျဲပြီး သူတို့ရှေ့က ထွက်သွားတယ်။ မစန်းရဲ့အပြုအမူကြောင့် မနှင်းဆီနဲ့ ကိုဝင်းမြင့်တို့လည်း အံ့အားသင့်ပြီး ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုတော့ မပြင်တော့ဘူး။ နောက်ထပ် အကျင့်စာရိတ္တကောင်းတဲ့ အိမ်အကူတစ်ယောက်ရအောင်ရှာဖို့ကိုပဲ စိတ်ကူးထားတယ်။

မစန်းက သူပြောထားတဲ့စကားအတိုင်း ညတွင်းချင်းပဲ အဝတ်အစားတွေ ထုပ်ပိုးပြီး ကိုဝင်းမြင့်နဲ့ မနှင်းဆီအိမ်ပေါ်ကနေ ဆင်းသွားတယ်။ ညဘက် ဘယ်ကိုသွားနေမလဲဆိုတာ မသိပေမယ့် သူ့ကိုလည်း မေးမနေတော့ဘူး။ မစန်း ထွက်သွားတော့ မနှင်းဆီနဲ့ ကိုဝင်းမြင့်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြတယ်။ မနှင်းဆီက ကိုဝင်းမြင့်ကို နှစ်သိမ့်ဖျောင်းဖျတဲ့အနေနဲ့ လက်ကို ကိုင်လိုက်ရင်း ပြောတယ်။

" အရမ်းလည်း စိတ်ညစ်မသွားပါနဲ့ အစ်ကိုရယ်၊ မနက်ဖြန် နှင်းဆီကိုယ်တိုင် စျေးသွားပြီး အစ်ကို့ကို ဟင်းချက်ကျွေးပါ့မယ် "

" ရပါတယ် နှင်းဆီရယ်၊ အိမ်အလုပ်တွေ အစ်ကိုကူမှာပေါ့၊ နောက်ထပ် အိမ်ဖော် မရမချင်း ဝိုင်းလုပ်ပေးနိုင်ပါတယ် "

ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဖေးမရင်း ညသန်းခေါင်ကျော်တော့ အိပ်ပျော်သွားကြပါတယ်။ ညဘက်က ပြဿနာတွေ ရှင်းနေရတဲ့အတွက်ကြောင့် အိပ်ရာဝင်နောက်ကျလို့လားမသိဘူး။ မနက်ရောက်တော့ မနှင်းဆီရော ကိုဝင်းမြင့်ပါ တော်တော်နဲ့ မနိုးကြသေးဘူး။ အဲဒီအချိန်မှာပဲ အိမ်တံခါး ခေါက်သံ ပေါ်လာတယ်။

ကြမ်းကြမ်းတမ်းတမ်း ခေါက်နေတာကြောင့် ကိုဝင်းမြင့်လည်း အိပ်မှုန်စုံမွှားနဲ့ တံခါးထဖွင့်ပေးလိုက်တယ်။ အိမ်ရှေ့မှာ ရောက်နေသူတွေကို ကြည့်ပြီး သူ ကြက်သေသေသွားတယ်။ ရောက်နေတဲ့သူတွေကတော့ ရဲအရာရှိနဲ့ ရဲသားတချို့ရယ်၊ ရပ်ကွက်လူကြီးတချို့ရယ် ဖြစ်ပါတယ်။ ကိုဝင်းမြင့်က ယောင်တိယောင်နနဲ့ အိမ်ထဲ ဖိတ်ခေါ်လိုက်တယ်။ ပြီးတော့မှ မေးလိုက်တယ်။

" ဘာကိစ္စရှိပါသလဲ ခင်ဗျာ "

ရဲအရာရှိက ကိုဝင်းမြင့်ကို ကြည့်ပြီး သေချာအောင် လှမ်းမေးတယ်။

" ဒီက နောင်ကြီးက ကိုဝင်းမြင့်ဆိုတာလား "

" ဟုတ်ပါတယ်ခင်ဗျာ "

ရဲအရာရှိက အားနာနေပုံရပေမယ့် အိတ်ထဲက လက်ထိပ်ကို ထုတ်ယူလိုက်တယ်။

" အားနာပါတယ်ဗျာ၊ နောင်ကြီးကို အမျိုးသမီးတစ်ယောက်က မုဒိမ်းမှုနဲ့ အမှုဖွင့်ထားလို့ လာခေါ်တာပါ "

ရဲအရာရှိစကားဆုံးတဲ့အခါမှာတော့ ဒီအဖြစ်အပျက်ကို မယုံကြည်နိုင်ပုံနဲ့ မနှင်းဆီက စူးစူးဝါးဝါး ထအော်တယ်။ ဒီလိုအမှုဆိုတာ ရပ်ကွက်ထဲကလို ဖြေရှင်းရတဲ့အမှုမျိုးမဟုတ်ဘဲ စခန်းရောက်မှ ရှင်းရလင်းရ တဲ့အမှုမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဥပဒေအရ မုဒိမ်းမှုလိုမျိုးဟာ အမှုကြီးအမျိုးအစားထဲမှာ ပါဝင်နေပါတယ်။

အဆုံးမှာတော့ ကိုဝင်းမြင့်ကို လက်ထိပ်ခတ်လိုက်တဲ့အချိန် မနှင်းဆီကတော့ မြေကြီးပေါ် ပစ်လဲသွားပြီး ပဋာမြေလူးဖြစ်သွားတယ်။

ဒီ့ထက် ကြေကွဲစရာ အဖြစ်အပျက်တွေ ရှေ့မှာ ရှိနေပါတယ်။ မနှင်းဆီ ဘယ်လိုသေဆုံးပြီး ပရလောကသား ဖြစ်ခဲ့ရတာလဲ၊ ကိုဝင်းမြင့်ကော ဘယ်လိုအခြေအနေနဲ့ ဆုံးပါးသွားခဲ့ရတာလဲ စသဖြင့်ပေါ့လေ။ စာအုပ်က ထွက်ထားတာ မကြာသေးတဲ့အတွက် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်မယ်နော်။

#လူသာမန်
28.10.2018; 8:28 pm


Publisher Name: House of Media & Entertainment


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

စမ်းချောင်း အင်းစိန် ဟားဗတ်

မသီတာ(စမ်းချောင်း)
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

ထောင်နှင့်မိခင်

လူထုဒေါ်အမာ
Book Review Image

မြေကမ္ဘာရဲ့အဆုံးက_ကြယ်တွင်း

ဇော်သက်ထွေး