စာအုပ်အမည် - ထားဝယ်ဥဒါန်း
စာရေးသူ - မောင်သန်းဆွေ (ထားဝယ်)
အကြိမ် - ပထမအကြိမ်
ခုနှစ် - ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ
အရွယ်အစား - ၁၃.၅ × ၂၁ စင်တီမီတာ
အုပ်ရေ - ၅၀၀
တန်ဖိုး - ၄၈၀၀ ကျပ်
စာအုပ်တိုက် - ကံ့ကော်ဝတ်ရည်
၅၁ ၊ ရေကျော်လမ်း၊ ပုစွန်တောင် ၊ ရန်ကုန်မြို့ ။
ဖုန်း - 396580 , 09 73041137
စာအုပ်ပါ အကြောင်းအရာတွေ အကြောင်းကို မပြောခင် စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တ့ဲ ထားဝယ်ဥဒါန်း ပါ ဥဒါန်းနဲ့ ပတ်သက်ပြီး ဆရာ မောင်သန်းဆွေ အကိုးအကားပြု ရေးသားထားတာတွေကို အရင် မျှဝေပေးပါရစေ။
ဥဒါန်းဆိုသည်မှာ 'ဥဒါန' (ပါဠိ) မှ လာခြင်း ဖြစ်၏။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ဒုတိယအကြိမ် တည်းဖြတ်ထားသော မြန်မာစာ အဘိဓာန်တွင် ဥဒါန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထားပါသည်။
ဥဒါန်း န - အလွန်ဝမ်းမြောက် ကြည်နူးခြင်းကြောင့် ထွက်ပေါ်လာသော စကား။
ဥဒါန်းတွင် ကြိ - အစဉ်အလာ ပြောစမှတ် ပြုလောက်အောင် ထင်ထင်ရှားရှား ပေါ်ပေါက် ကျန်ရစ်သည်။
ဥဒါန်းမကြေ ကြိ - ပြောစမှတ်ပြုစရာ အချက်များ မပျောက်မပျက် အစဉ်အဆက် တည်တ့ံသည်။
ဥဒါန်း n - utterance handed down from generation to generation. P-608
မြန်မာ - အင်္ဂလိပ် အဘိဓာန်တွင်
joyful utterance [Pali - ဥဒါန]
ဥဒါန်းကျူး v - utter words of joy as exultation.
ဒဂုန် ဦးထွန်းမြင့်၏ ပါဠိသက် အဘိဓာန်တွင်
ဥဒါန်း (၁) - ဝမ်းမြောက်ခြင်းကြောင့် မြွက်ဆို ကျူးရင့်သော စကား၊ ပီတိအဟုန်ကြောင့် ထွက်လာသော စကား။
ဥဒါန်း (၂) - အစဉ်အလာ ပြောစမှတ် ပြုရမည့် စကား။
ဟူ၍ ဖော်ပြထားကြသည်ကို တွေ့ရပါသည်။
ဒါ့ကြောင့်လည်း ဆရာ မောင်သန်းဆွေ က ထားဝယ်မြို့ဟောင်းများ သမိုင်း၊ ထားဝယ်ခေါင်းလောင်းစာများ အစရှိတ့ဲ ထားဝယ်နဲ့ ပတ်သက်သမျှ အကြောင်းအရာ အလုံးစုံ၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှု၊ ယုံကြည်မှုတွေကို အစဉ်အလာ ပြောစမှတ် ပြုလောက်အောင် ထင်ထင်ရှားရှား ကျန်ရစ်စေဖို့ ဝမ်းမြောက်ဝမ်းသာ ကျူးရင့်လိုက်ရတ့ဲအတွက် "ထားဝယ်ဥဒါန်း" လို့ အမည်ပေးလိုက်ရခြင်း ဖြစ်တယ်လို့ ဖွင့်ဆိုထားပါတယ်။
ဒါ့ပြင် ဆရာ မောင်သန်းဆွေ ဟာ သူ ဒီစာအုပ်ကို ဘာကြောင့် ရေးသားရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ဖော်ပြထားပြန်ပါတယ်။
"၁၉၆၈ ခုနှစ်တွင် မီးပုံးပျံ ဦးကျော်ရင်၏ သား ဆရာကြီး ထားဝယ်ကျော်မင်း က 'ထားဝယ်ယဉ်ကျေးမှု အမြုတေ' ဆိုသည့် စာအုပ် ရေးလိုက်သည်။ သည်ဘက်ခေတ် ထားဝယ် အကြောင်းနှင့် ပတ်သက်၍ ရေးသည့် စာအုပ်များထဲတွင် ပထမဆုံး ဖြစ်သည်။ အမိျုးသားစာပေဆု စတုတၳအဆင့် ရရှိခ့ဲသည်။ ထိုစာအုပ်ကို ဖတ်ရကတည်းက စာရေးသူ အနေဖြင့် 'တစ်နေ့ ငါလည်း ဤစာအုပ်မိျုး ရေးမည်" ဟူသော စိတ်ကူးသည် ရင်တွင်း၌ ခိုအောင်းခ့ဲပါသည်။ ထို့ကြောင့် ယခုစာအုပ်ကို ရေးသားလိုက်ခြင်း ဖြစ်သည်"
ဆရာ မောင်သန်းဆွေ ဟာ ဒီစာအုပ်ကို တစ်ထိုင်တည်း ရေးခ့ဲခြင်းမိျုး မဟုတ်ဘဲ နှစ်ပေါင်း ၃၅ နှစ်လောက်ကြာအောင် အချက်အလက် ရှာဖွေစုဆောင်း သုတေသန ပြုပြီးမှသာ ရေးခ့ဲခြင်း ဖြစ်ပါတယ်။
ထားဝယ်ဥဒါန်း စာအုပ်မှာ ဆောင်းပါးပေါင်း ၃၆ ပုဒ် ပါဝင် ပါတယ်။
၁။ ထားဝယ်မူလအစသည် ရခိုင်က မြုံတို့မှ ဆင်းသက်လာသည်လော၊
၂။ ထားဝယ်နိဒါန်း (သို့မဟုတ်) ထားဝယ်အတိတ်လမ်းသို့ ပြန်လျှောက်လှမ်းသောအခါ၊
၃။ ထားဝယ်ခေါင်းလောင်းစာများ၊
၄။ လျောင်းတော်မူဘုရား ပိဋကတ်တိုက် ကျောင်းရှိ ပိဋကတ်စာပေများ စာရင်း၊
၅။ တောင်ဓဝယ်၊ မြောက်ဓဝယ်၊
၆။ ထားဝယ်မှ ထိုင်း (ယိုးဒယား) သိုက်၊
၇။ ထားဝယ်မြို့ဝန် ဦးရွှေတုပ်၊
၈။ ထပ်မံသိရှိရသော ထားဝယ်မြို့ဝန် ဦးရွှေတုပ် အကြောင်း၊
၉။ ထားဝယ်မြို့ဝန်ထံမှ ဆင်ဆွဲရထား၊
၁၀။ ဗြိတိသျှနယ်ချဲ့ကို ပထမဆုံး တော်လှန်သူ ဦးဒါ၊
၁၁။ ထားဝယ်မှ ဆင်ဖြူတော်နှစ်စီး၊
၁၂။ ထားဝယ်ရိုးရာ နာမည်များ၊
၁၃။ အမေးငွေအပ်မင်္ဂလာ၊
၁၄။ ထားဝယ် မင်္ဂလာဆောင်၊
၁၅။ ထားဝယ်ရိုး - ကြက်ကိုး ရှင်းတမ်း၊
၁၆။ ထားဝယ်သူ ဆံရှည်မ၊
၁၇။ ရွှေဝယ်သူများ ရေခပ်သွား၊
၁၈။ မန္တလေးရောက် ထားဝယ်သူ ဆင်ဖြူမ၊
၁၉။ ဦးငွေကိုင်၏ ငယ်လက်ရာ ဥတေနဝတၳု ပန်းချီကား၊
၂၀။ အောင်ဇေယျနှင့် စိန်ဒုံးပျံ ၊
၂၁။ ထားဝယ် - မြိတ် ကားလမ်း၊
၂၂။ မှားတ့ဲအခါလည်း မှားပေမပေါ့၊
၂၃။ မှိုင်းကာရီရှင်မ၊
၂၄။ အညာမိုးအမိျုးမိိျုးနှင့် ထားဝယ်မိုး၊
၂၅။ ရိုးရာ ထားဝယ်တေး နောန်းနောန်ဝေး၊
၂၆။ သဲပလုပ်၊ တုံးပလုပ်၊ ဝါးပလုပ်၊
၂၇။ ထားဝယ်ရုပ်သေးနှင့် ကျွဲတိုက်ပွဲ၊
၂၈။ နဘုလယ် ရှင်းတမ်း၊
၂၉။ ရှင်မာလဲနှင့် ဝေသန္တရာ၊
၃၀။ တစ်ရာ့ငါးဆယ် ပေးရတ့ဲ ဦးငွေကိုင် ရေဆေးပန်းချီ ၊
၃၁။ ရှေးက ထားဝယ်တေးနှင့် ဆေးလိပ် ကိစ္စ။
၃၂။ လှဆိုးဗျင်းရယ် ရှင်းတမ်း၊
၃၃။ ထားဝယ်တို့ ကိုးကွယ်ယုံကြည်မှု၊
၃၄။ ထားဝယ်အစားအစာ၊
၃၅။ ထားဝယ် အသုဘ အခမ်းအနား၊
၃၆။ တနင်္သာရီတိုင်း၏ ရာဘာနိဒါန်း၊
တို့ ဖြစ်ပါတယ်။
ဒီ ဆောင်းပါး ၃၆ ခုထဲမှာမှ "မှိုင်းကာရီရှင်မ" ဆောင်းပါးဟာ ကလျာမဂ္ဂဇင်းမှာ ပါခ့ဲတ့ဲ ဆောင်းပါး ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ထားဝယ်ဥဒါန်း စာအုပ်မှာ ဖော်ပြဖို့ ရည်စူးထားပေမယ့်လည်း "သမိုင်းအလင်္ကာ" စာအုပ်မှာ မှားပါသွားခ့ဲပါတယ်။ ဒါပေမယ့် တကယ်ရှိခ့ဲတ့ဲ မှိုင်းကာရီရှင်မ အကြောင်းကို ထားဝယ်အကြောင်း ရေးတ့ဲ ထားဝယ်ဥဒါန်း စာအုပ်ကနေ ဖယ်မထားလိုတ့ဲအတွက် ထပ်မံ ထည့်သွင်း ဖော်ပြထားပါတယ်။
ထားဝယ်နယ်မှာ ကျောက်စာ ဟာ မရှိသလောက် ဖြစ်ပြီး ခေါင်းလောင်းစာတွေကတော့ ပေါများလှပါတယ်။ ဆရာ မောင်သန်းဆွေ ဟာ ထားဝယ်နယ်မှာ ရှိတ့ဲ ခေါင်းလောင်းစာတွေကို ကူးယူး စုဆောင်းခ့ဲပါတယ်။ အဲဒီလို ကူးယူထားတ့ဲ ဆရာ မောင်သန်းဆွေရဲ့ လက်ရေးစာမူတွေကို ဒီစာအုပ်ရဲ့ စာမျက်နှာ ၁၃၄ မှ စာမျက်နှာ ၁၇၅ အထိ ထည့်သွင်း ဖော်ပြထားပါတယ်။
စာအုပ်ရဲ့ နောက်ဆုံး ခေါင်းစဉ်ဖြစ်တ့ဲ "တနင်္သာရီတိုင်း၏ ရာဘာနိဒါန်း" ဟာ ဆောင်းပါး မဟုတ်ပါ။ ဆရာ မောင်သန်းဆွေ ကိုယ်တိုင် ဖတ်ကြားခ့ဲတ့ဲ စာတမ်း တစ်စောင် ဖြစ်ပါတယ်။ ဒီစာတမ်းမှာ တနင်္သာရီတိုင်း၏ ရာဘာနိဒါန်း ဆိုပေမယ့်လည်း ထားဝယ်ခရိုင်၏ ရာဘာနိဒါန်းလည်း ပါရှိပါတယ်။
ဆရာ မောင်သန်းဆွေ ကို ဆရာ မြင့်သန်း (သြစတေးလျ) က "မောင်သန်းဆွေ နန်းတွင်း အကြောင်းရေးတာ နန်းတော်ထဲ ကိုယ်တိုင် ကက်ဆက်နဲ့ အသံဖမ်းပြီး ရေးသလား အောက်မေ့ရတယ်။ နန်းတွင်းက ပြောစကားတွေကို ကိုးကားစာရင်း (လုံး၀) မပြဘဲ ဘယ်သူက ဘယ်နေရာမှာ ဘာပြောတယ် ဆိုတာ အတိအကျ ရေးနိုင်တ့ဲ ပညာရှိပါ" လို့ ချီးမွမ်းခ့ဲဖူးပါတယ်။
ကုန်ဘောင်ရာဇဝင် စာအုပ်တွေနဲ့ နာမည်ရခဲ့တ့ဲ ဆရာ မောင်သန်းဆွေ ဟာ အခု ဒီ "ထားဝယ်ဥဒါန်း" စာအုပ်မှာလည်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရေးသား ပြုစုထားပါတယ်။
စာကြည့်တိုက်တွေ၊ သမိုင်းစိတ်ဝင်စားသူတွေ လက်ဝယ်ထားရှိသင့်တ့ဲ စာအုပ်ကောင်း တစ်အုပ်ပါ။
Aung Thiha
#သမိုင်းဆောင်းပါးဖတ်ညွှန်း