ဘိုးလှိုင်
ဂျဝါဟာလားနေရူး၏လျှပ်တစ်ပြက်ကမ္ဘာ့သမိုင်း
( ရှေးဟောင်းနှင့်ခေတ်အလယ်ပိုင်း )
Jawaharlal Nehru ၏
Glimpses of World History ကို ဘာသာပြန်ဆို
သည်။
ထွန်းဖောင်ဒေးရှင်းစာပေကော်မတီ၊
ပထမအကြိမ် ၊ သြဂုတ် ၂၀၁၇။
၁၉ စင်တီမီတာ x ၂၄.၅ စင်တီမီတာ။
စာမျက်နှာ - ၄၇၀ ၊ တန်ဖိုး - ကျပ် ၈၀၀၀။
သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ ၁၇ စက်တင်ဘာ၂၀၀၅ တွင်ရေးသားခဲ့သည့် ''ဥယျောဇဉ် ( စာပေ၏ တန်ခိုး သို့မဟုတ် ပေးစာ၏တန်ဖိုး '' ) ၊ ဘာသာပြန်သူ၏မိတ်ဆက် ၊ ၁ ဇန်နဝါရီ ၁၉၃၄ ကရေးသားခဲ့သည့် ဂျဝါဟာလာနေရူး ၏ရှေးဦးစကား ၊ ၄ နိုဝင်ဘာ ၁၉၈၀ က ရေးသားခဲ့သည့် အင်ဒီရာဂန္ဒီ၏အမှာစကားတို့ကို ပြန်လည်ထည့်သွင်း ဖော်ပြထားသည်။
၆ အောက်တိုဘာ ၂၀၁၆ ၌ ရေးသားထားသော ဘာသာပြန်သူ၏ ထပ်ဆင့်အဖွင့်အမှာစကား ပါရှိသည်။
အင်ဒီရာ ပရိယဒါရှိနီ၏ ၁၃ နှစ်ပြည့်မွေးနေ့အတွက်
နိုင်နီ ဗဟိုအကျဉ်းထောင်မှ ၂၆ အောက်တိုဘာ ၁၉၃၁ တွင် ရေးသားခဲ့သော '' မွေးနေ့အတွက် ရေးတဲ့စာ '' ကို ဦးစွာဖော်ပြထားသည်။
နှစ်ဆန်း ၁ ရက် ၁၉၃၁ တွင် ရေးသားခဲ့သော '' နှစ်သစ်လက်ဆောင် '' မှ ၈ သြဂုတ် ၁၉၃၂ တွင် ရေးသားခဲ့သော ''ပရိုတက်စတင့် တော်လှန်ရေးနဲ့ တောင်သူလယ်သမားတိုက်ပွဲ '' အထိ ပေးစာပေါင်း ၈၄စောင် ပါရှိသည်။
၁၃ နှစ်အရွယ် သမီးငယ်ထံသို့ အကျဉ်းထောင်တွင်းမှနေ၍ ကမ ္ဘာ့သမိုင်းနှင့် ပတ်သက်သော အကြောင်းအ ရာ အဖုံဖုံတို့ကို သုံးသပ်ချက်များနှင့်တကွ ပေးစာအဖြစ်ရေးသားရာတွင် '' သမီးရေ၊ သမိုင်းချည်မျှင်စလေး တစ်ခုတလေ ဆွဲထုတ်ပြီး အတိတ်ကို လျှပ်တစ်ပြက်ကြည့် ကြရအောင်။ တကယ်တော့ အတိတ်သမိုင်းဟာ အမယ်ဘုတ်ရဲ့ချည်ခင်လို ထွေးရှုပ်ပွေနေတယ်။ ဖြေဖို့မလွယ်တဲ့ အထုံးတွေ များတယ်။ တစ်ခုလုံးခြုံငုံ ကြည့်ဖို့တောင် မလွယ်ဘူး။ သမိုင်းကိုကြည့်တဲ့ အခါမှာ သေးငယ်တဲ့ တစ်ပိုင်းတစ်ကဏ္ဍမှာ ဖေဖေတို့ ကျွံဝင်ပြီး လိုတာထက် သူ့ကိုအထူးပြုမိတာ ဖြစ်သွားနိုင်တယ်။ မျက်စိလည်သွားတာမျိုးဖြစ်တယ်။ လူအားလုံးနီးပါးဟာ ကိုယ့်နိုင်ငံသမိုင်းက သူများနိုင်ငံသမိုင်းထက် ဂုဏ်ရှိ တယ်၊ ကိုယ့်သမိုင်းက ပိုပြီးလေ့လာထိုက်တယ်လို့ အစွဲဖြစ်တတ်တယ်။'' ( စာမျက်နှာ ၁၁၅ မှ ) ဟု
လည်းကောင်း၊
'' ဒီစာတွေက သမီးကို သမိုင်းသင်ပေးဖို့ ရေးတာ မဟုတ်ဘူး။ သမိုင်းကို သမီး လျှပ်တစ်ပြက် မြင်တွေ့စေဖို့၊ သမီးသိချင်စိတ်တွေ ပေါက်ဖွားဖို့ပဲ ရည်ရွယ်တာ ဖြစ်တယ်။'' ( စာမျက်နှာ ၁၇၇ မှ ) ဟု လည်းကောင်း၊
'' သမီးကို အတိတ်သမိုင်း လမ်းပြပေးရာမှာ ဖေဖေဟာ လမ်း ပြကောင်း မဟုတ်ဘူးလို့ မကြာမကြာတွေးမိ တယ်။ဖေဖေ ကိုယ်တိုင် သမိုင်းလမ်းစပျောက်နေတယ်။ ဒီတော့ ဖေဖေက ဘယ်လိုလုပ်ပြီး သမီးကို လမ်းပြပေး နိုင်မလဲ။ ဒါပေမဲ့ တစ်နည်းအားဖြင့်လည်း ဖေဖေတွေးမိ တယ်။ သမီးအတွက် အထိုက်အလျောက်တော့
အထောက်အကူဖြစ်နိုင်မယ်။ ဒီတော့ ဖေဖေစာတွေ ဆက်ရေးမယ်။ စာရေးနေရတာ ဖေဖေ့ အတွက်လည်း ဟန်ကျတယ်ဆိုတာ သေချာတယ်။ သမီး အတွက်စဉ်း စားရင်း အရိပ်ထဲမှာ ၁၁၂ ဒီဂရီထိ ပူတာကို မေ့သွား တယ်။ အိမ်သာဆို ပူလွန်းလို့ သွားရမှာတောင် လန့်တယ်။ တစ်ခါတစ်ခါမှာလည်း ဖေဖေ ဘရေလီခရိုင် အကျဉ်းထောင်ထဲ ရောက်နေတာကိုတောင် မေ့သွား တယ်။ '' ( စာ မျက်နှာ ၂၄၃ မှ ) ဟု လည်းကောင်း၊
ပေးစာများရေးသားရခြင်း၏ ရည်ရွယ်ချက် အချို့ကို ဖတ်ရှုရသည်၊
၁၃ နှစ်အရွယ် သမီးငယ်ထံသို့ ပေးစာများရေးသား၍
လျှပ်တစ်ပြက် ကမ ္ဘာ့သမိုင်းကို ပြောပြနေသူ ဂျဝါဟာလားနေရူးမှာ အသက် ၄၂ နှစ်အရွယ်ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ်တွင် သူဖြည့်ဆည်းထားသည့် တွေးခေါ်မြော်မြင်မှုတို့ကို ရေးသားသော ပေးစာများမှ တစ်ဆင့် အတိုင်းသား တွေ့မြင်နေရသည်။
'' လူငယ်များအတွက်ပဲလား။ ငယ်စဉ်က သမိုင်း အပြည့် အဝ မသင်ခဲ့ရသော လူကြီးများလည်း Glimpses ကို ဖတ်ရှုရန် နှောင်းသည်မရှိပါ။ မအားသည့်ကြားမှ အခါ အားလျော်စွာ အချိန်နည်းနည်းချင်းပေးပြီး ဖတ်မည်ဆို လျှင် အကျိုးများမည်ဧကန်ပါဟု ဆိုချင်ပါသည်။ လူကြီးများက ကိုယ်တိုင်ဖတ်ရန် ကြိုးပမ်းသင့်သည့် အပြင် အထူးအားဖြင့် Glimpses ကို သား၊သမီး၊ တူ၊ တူမ၊ မြေးတို့ ဖတ်ရှုအောင် အားပေးတိုက်တွန်းကြရန် ပို၍အရေးကြီးကြောင်းထပ်လောင်း၍လည်း တိုက်တွန်း ပါသည်'' ( စာမျက်နှာ ၁၉ မှ ) ဟု '' ဘာသာပြန်သူ ၏ မိတ်ဆက်''တွင် ဆရာဘိုးလှိုင်ကဖော်ပြထားပါကြောင်း။
မိုးမင်းသိမ်း
၃၀ ဇန်နဝါရီ ၂၀၂၀