Book Image

မခံနိုင်အောင် ပေါ့ပါးဘဝနေ့ညများ

ဒီနိုဗို

စာအုပ်အမည် - The Unbearable Lightness of being

စာရေးသူ - Milan Kundera
ဘာသာပြန် စာအုပ် အမည် - မခံနိုင်အောင် ပေါ့ပါးဘဝနေ့ညများ 
ဘာသာပြန်သူ - ဒီနိုဗို (ပြန်ဆိုသည်) 
ထုတ်ဝေသူ - ကံကော်ဝတ်ရည်
ပထမအကြိမ် ဧပြီလ ၂၀၁၆ 
စာအုပ်တန်ဖိုး - ၃၅၀၀ ကျပ်
စာမျက်နှာ - ၃၃၄ မျက်နှာ 

မခံနိုင်အောင် ပေါ့ပါး ဘဝနေ့ညများဆိုလို့ ပေါ့ပေါ့ပါးပါးပါလို့ ထင်ပြီး ရန်ကုန်ကနေ တောင်ကြီး အပြန်လမ်း ကားပေါ်မှာ ဖတ်ဖို့ ဒီစာအုပ်ကို ရွေးလိုက်မိတယ်။ Milan Kundera ကိုလည်း ဘယ်သူမှန်းမသိ၊ ဒီစာအုပ် အကြောင်းလည်း တစ်စွန်းတစ်မှ မသိပဲနဲ့ပေါ့။ ဖတ်မိတော့လည်း ကြိုက်မိသွားတာပဲ။ အဲဒီတော့မှ Milan Kundera အကြောင်းလိုက်ဖတ် ဒီစာအုပ် အကြောင်းလိုက်ဖတ်မိတယ်။ 

Milan Kundera က ဒီစာအုပ်ကို ချက်လိုစရေးခဲ့ပေမယ့် ပြင်သစ်ဘာသာပြန်ကို အရင်ထုတ်ဝေနိုင်ခဲ့တယ်။ ပထမဆုံး ထုတ်ဝေတဲ့ ခုနှစ်က ၁၉၈၄ခုနှစ်။ ကိုယ်တောင် လူမဖြစ်သေးဘူး။ ဝတ္တုဇာတ်ကြောင်းကို ၁၉၆၀ နောက်ပိုင်းနဲ့ ၁၉၇၀ အစောပိုင်းကာလတွေမှာ အခြေတည်ထားတယ်။ အဓိက ဇာတ်ကောင်က မိန်းမနှစ်ယောက်၊ ယောကျာၤးနှစ်ယောက်၊ ခွေးတစ်ကောင်။ ယောကျာၤးတစ်ယောက်နဲ့ မိန်းမတစ်ယောက်က ခပ်ပွေပွေရှုပ်ရှုပ်၊ ဘဝကို ပေါ့ပေါ့ပါးပါးပဲ တွေးတောဖြတ်သန်းတယ်။ နောက်နှစ်ယောက်ကတော့ ဘဝကို အလေးအနက်ထားသူနှစ်ဦး။ 


အပိုင်းတစ် ပေါ့ပါးခြင်းနဲ့လေးလံခြင်းမှာ တောမတ်နဲ့ သူရဲ့ တစ်ဦးတည်းသော အချစ်စစ် ထရီဇာတို့ကို စတွေ့တယ်။ တောမတ်က အောင်မြင်တဲ့ ခွဲစိတ်ဆရာဝန်၊ ထရီဇာက ချက်မြို့ငယ်လေးက ဟိုတယ်တစ်ခုက စာပွဲထိုးမလေး။ သူတို့နှစ်ယောက် တွေ့ပြီးတာနဲ့ သိပ်မကြာဘူး ချစ်သွားကြတယ်။ တောမတ်က ခပ်ပွေပွေရှုပ်ရှုပ် ယောကျာၤးတစ်ယောက်။ ထရီဇာတစ်ယောက်ထဲကို သူချစ်တယ်လို့ ပြောပေမယ့် စကီပေါင်းစုံနဲ့ သူက ရှုပ်မြဲ ရှုပ်ဆဲပဲ။ မမျှော်လင့် မပြင်ဆင်ပဲ သူ့ဘဝထဲကို ရောက်လာတဲ့ ထရီဇာကို တစ်ယောက်ယောက်က ခြင်းထဲ ထည့်ပြီး မျှော်လိုက်တဲ့ ကလေးငယ်တစ်ယောက် အဖြစ် တောမတ်က တွေးတောပြီး ချစ်ခဲ့တယ်။ 


ထရီဇာကတော့ တောမတ်ကို ပထမဆုံး စတွေ့တာဟာ တစ်စုံတစ်ရာ၊ မသိနိုင်တဲ့ စွမ်းအားတစ်ခုက သူ့ဆီကို တောမတ်ကို ပို့လိုက်တယ်လို့ ယုံကြည်ပြီး ချစ်ခဲ့တယ်။ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာ သူ့ကို ထိကပါးရိကပါးလုပ်တဲ့ ဖောက်သည်တွေချည်းပဲ၊ နေတဲ့ အိမ်ကလည်း သာသာယာယာ အိမ်မဟုတ်ခဲ့ဘူး။ အမေဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ခံရတဲ့၊ အချုပ်အနှောင်ခံရတဲ့ ထရီဇာက သူ့ရဲ့ လွတ်မြောက်မှုကို စာအုပ်တွေထဲမှာပဲ ရှာဖွေခဲ့တယ်။ ဘယ်အချိန်မှာ ဖြစ်ဖြစ် သူဘာလုပ်လုပ် စာအုပ်တစ်အုပ်ကို သူဖတ်နေတယ်။ တောမတ်ကို တွေ့တွေ့ချင်းမှာ တောမတ်က ဟိုတယ် ကော်ဖီဆိုင်က စားပွဲတစ်ခုမှာ ထိုင်နေပြီး စာအုပ်တစ်အုပ်ကိ ဖတ်နေခဲ့တယ်။ အဲဒီမှာ ထရီဇာက တောမတ်ကို သတိထားမိခဲ့တယ်။ ဒါနဲ့ တောမတ်ထိုင်တဲ့ စားပွဲကို သူသွားတယ်။ အဲအချိန်မှာ ရေဒီယိုက လာနေတဲ့ ဂီတသံက ဘီသိုဗင်.. 
“တောမတ်အတွက် ကော့ညက်ကို လက်ကကိုင်ကာ ကောင်တာကို ပတ်လျှောက်ရင်း ကံကြမ္မာ၏ သတင်းစကားကို ကြိုးစားဖတ်ရှုနေမိသည်။ သူမ စိတ်ဝင်စားမိသော လူစိမ်းတစ်ယောက်အတွက် ကော့ညက်ယူလာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဘီသိုဗင်ကို ကြားလိုက်ရတာဟာ ဖြစ်နိုင်ပါ့မလား။ 
မလွဲှမရှောင်သာ ကိစ္စများသည် မှော်နည်းလမ်းတွေ ဘာတွေလားမသိ။ အားလုံးကို ကြုံကြိုက်မှုရဲ့ လက်ထဲသာ ပုံအေပ်လိုက်တော့သည်။ အကယ်၍ အချစ်ဟာ မေ့ဖျောက်မရတဲ့အရာသာ ဖြစ်ခဲ့လျှင် Francis of Assisi ရဲ့ ပခုံးမှာ လားနားတဲ့ ငှက်တွေလို ကံကြမ္မာကလည်း ချက်ချင်းပင် တဖွဲဖွဲ သက်ဆင်းစေပါလိမ့်မည်။” 
စာမျက်နှာ ၅၅

ထရီဇာက သူတို့ရဲ့ တွေ့ဆုံမှုကို မှော်ဆန်တယ်လို့ ယူဆသလို တောမတ်ကလည်း ထရီဇာ သူ့ဘဝထဲ ဝင်လာတဲ့ကိစ္စာ မလွဲမရှောင်သာ ဖြစ်လာမယ့် ကိစ္စလို့ ယူဆတယ်။ ဘီသိုဗင်ရဲ့ တွေးသွား (Es muss sein)ဆိုတဲ့ တေးသွားကို သတိရမိတယ်တဲ့။ 
စာမျက်နှာ ၄၃ 
ကျွန်တော်တို့အားလုံး ဘဝမှာ ကြုံရတဲ့ အချစ်ကို လေးချင်လေးမည်၊ ပေါ့ချင်လည်း ပေါ့မည်လို့ ပြောတာကို လက်မခံနိုင်ကြ။ အချစ်ဆိုတာ မလွဲမသွေ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စ။ အချစ်မရှိဘဲနဲ့ ကျွန်တော်တို့ ဘဝတွေဟာ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော်တို့ ယူဆထားကြသည်။ ဘီသိုဗင်ကိုယ်တိုင်လည်း ညှိးငယ်စွာ၊ အံ့အားသင့်ဖွယ်ကောင်းစွာ မလွဲမသွေ (Es muss sein) ဆိုတဲ့ တေးသွားကို ကျွန်တော်တို့ရဲ့ မဟာအချစ်အတွက် တီးခတ်နေခဲ့တယ်လို့ ခံစားမိသည်။

ထရီဇာကို ချစ်တယ်ဆိုပေမယ့်လည်း တောမတ်က သူ့ ချစ်သူ ပန်းချီဆရာမဆာဘီနာ။ သူက တောမတ်ထက် လွတ်လပ်တယ်။ ဘယ်မှာမှ အတည်တကျ မနေချင်သူ။ နေရာတိုင်းကနေ ထွက်ပြေးနေသူ။ အမေအိမ်က ထွက်လာတယ်၊ ပရပ်ကနေ ထွက်လာတယ်၊ ဆွစ်ဇာလန်ကနေ ထွက်ခွါတယ်၊ နောက်ပဲရစ်၊ နောက် အမေရိက။ ဇာတ်ကောင်အားလုံးထဲမှာ ကိုယ်က ဆာဘီနာကို အကြိုက်ဆုံး။ ဆာဘီနာက ခပ်ချောချော၊ ထက်ထက်မြက်မြက်ရှိတယ်။ သူ့ကို စခိုက်မိသွားတာက စာမျက်နျာ ၉၄မှာ သူတွေးတဲ့အတွေး 
“ဆာဘီနာအတွက် မိန်းမတစ်ယောက် ဖြစ်နေမှုမှာ ကံကြမ္မာသက်သက်သာ၊ သူမရွေးချယ်ခဲ့တာ မဟုတ်။ ကိုယ်မရွေးချယ်ခဲ့သည့် ကိစ္စအတွက် တော်ခြင်း၊ ကောင်းခြင်း၊ ကျဆုံးခြင်း ဘာကိုမျှ စဉ်းစားစရာမလို။ ဆာဘီနားအဖို့ သူမ မရွေးချယ်ခဲ့သော ကံကြမ္မာအပေါ် စိတ်ထားတတ်ဖို့ပဲ လိုသည်ဟု ယူဆသည်။ မိန်းမဘဝကို ဆန့်ကျင်ဖို့ပဲ ဖြစ်ဖြစ်၊ ဂုဏ်ယူဝင့်ကြွားဖို့ပဲ ဖြစ်ဖြစ် မိုက်မဲတဲ့ အလုပ်တွေဟု သူမမြင်သည်။” ဒီလိုနဲ့ သူ့ကို ကိုယ်ကြိုက်သွားရော။ 

သူ့ုကိုကြိုက်တာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး ဖရန့်ဆိုတဲ့ ဆရာဝန်တစ်ယောက် ရှိသေးတယ်။ ဆာဘီနားရဲ့ ဆွစ်ဇာလန်က ချစ်သူ။ သူမှာ မိန်းမနဲ့ကလေးရှိပေမယ့် ဆာဘီနားကို ချစ်မိတယ်။ သူ့မိန်းမဟာ သူ့ကို မရရင် သူ့ကိုယ်သူ သတ်သေမယ်ဆိုလို့  ဖရန့်က ယူတာ။ သူယူဖို့ တာဝန်ရှိတယ်လို့လည်း ထင်တယ်။ အိမ်ထောင်သက်၂၃ နှစ်အတွင်း သူအိပ်ခဲ့တာ သူ့မိန်းမဘေးမှာပဲ သူ့ကုတင်နဲ့ သူ့မိန်းမကုတင်ဟာ တစ်ခုထဲပဲ။  ဆာဘီနားနဲ့ တိတ်တခိုးဇာတ်လမ်းတွေ ဖြစ်ပြီး ကိုးလအကြာမှာ သူဟာ သူ့ကိုယ်သူ ဒီလိမ်လည်မှု၊ ဒီပြစ်မှု၊ ဒီဖောက်ပြန်မှု (သူ့ကိုယ်သူ အတင်းယူဆလိုက်တာ)တွေကို သည်းမခံနိုင်တော့ပဲ မိန်းမကို ဖွင့်ပြောပြီး ကွာရှင်းခွင့်တောင်းလိုက်တယ်။ သူကုတင်ပြောင်းအိပ်တော့မယ့် သဘောပေါ့။ ခက်တာက ဆာဘီနားကုတင်မှာ သူအတွက် နေရာမရှိဘူး။ ဖရန့်က သူ့မိန်းမဆီက ထွက်လာတယ်။ ဆာဘီနားက ဆွစ်ဇာလန်ကနေ ထွက်သွားတယ်။ ဖရန့်မှာ အိမ်ထောင်ကွဲတာပဲ အဖတ်တင်ကျန်ခဲ့တယ်။ သူက ဆင်းရဲသား ရပ်ကွက်မှာ အခန်းတစ်ခန်းငှားနေရင်း သူ့ကျောင်းသူတွေနဲ့ ချိန်းတွေ့တော့တယ်။ နောက်ဆုံးတော့ သူချစ်မိသွားတာက မျက်မှန်နဲ့ သူ့ကျောင်းသူမလေး။ 

ဒီစာအုပ်မှာ ရေးဟန်က ဇာတ်လမ်းကိုလည်း ပြတယ်။ ဇာတ်ကောင်တွေရဲ့ အတွေးကိုလည်း ထဲထဲဝင်ဝင်ရေးတယ်။ အတွေးအခေါ်တွေလည်း အများကြီးပါတယ်။ နစ်ရှေး၊ ဒေကားစသည်ဖြင့်။ နစ်ရှေးက တိရစ္ဆာန်တွေဟာ အသက်ဝိညဉ်ရှိတယ်ဆိုပြီး ဒေကားက မတွေးတတ်တဲ့ တိရစ္ဆာန်တွေဟာ စက်တွေနဲ့ တူတူပဲလို့ ဆိုပြန်တယ်။ ဒီအဆိုတွေကို ကွန်ဒရာက ခွေးတစ်ကောင်ကို သုံးပြီး လိုက်တွေးတယ်။ အဲဒီခွေးနာမည်က ကရီနင်။ ဒီနာမည်က လီရိုတော်စတိုင်းရဲ့ အန်နာကာရီနာ စာအုပ်ထဲက အန်နာရဲ့ ယောကျာၤးနာမည်။ ဒီနာမည်ကို ဘာလို့ ပေးလဲဆိုတော့ အန်နာကာရီနာစာအုပ်ကို ထရီဇာက တောမတ်ရဲ့ အခန်းထဲ ပထမဆုံး စဝင်လာတဲ့အခါမှာ ဝင်ခွင့်လက်မှတ်တစ်ခုလို ကိုင်ပြီး ဝင်လာခဲ့လို့တဲ့။ 

ဒီခွေးလေးက ထရီဇာကို အချိန်ပြည့်အဖော်ပြုပေးခဲ့တယ်။ ဖတ်ရင်းဖတ်ရင်း ကရီနင်ဟာ ခွေးဆိုတာ မေ့တောင် မေ့သွားတဲ့အထိ။ နောက်ဆုံးတော့ သူဟာ ကင်ဆာရောဂါရလာတယ်။ ကုလို့ မရတော့ဘူး။ သူ့ဘဝကို သက်တောင့်သက်သာလေး အဆုံးသတ်ဖို့ ဆေးထိုးပေးလိုက်တယ်။ ခွေးတစ်ကောင်ဆိုပေမယ့် သူ့ရဲ့ ဖြစ်တည်မှုကို ကိုယ်တို့ အလေးထားရမယ်ဆိုတဲ့ အတွေးကို ပေါ်လာစေတာပေါ့။ 

တစိမ့်စိမ့်လေးတွေး၊ တစိမ့်စိမ့်လေး ဖတ်ရမယ့် စာအုပ်တစ်အုပ်ပေါ့။ အခါခါလည်း ပြန်ဖတ်သင့်တဲ့ စာအုပ်လို့ထင်တယ်။ သူထွက်ခဲ့တာ ကိုယ်မမွေးခင်က ဆိုပေမယ့် အတွေးတွေက ခုထိကို အရမ်းထိရှနေဆဲ။ တစ်ချို့အတွေးတွေ လိုက်မတွေးနိုင်ဘူး။ တစ်ချို့အတွေးတွေကျ နှစ်ခါ သုံးခါပြန်ဖတ်နေရတယ်။ ဘာပဲပြောပြော ဒီစာအုပ်ဖတ်မိတာ၊ ဝယ်မိတာ ကိုယ့်အတွက် ဘယ်လိုမှ နောင်တရဖို့တော့ မရှိဘူး။ 

မယ်ကျွိ
၁၁နာရီ ၁၅မိနစ် ည 
၁၅ရက် ဧပြီလ ၂၀၁၇ (သင်္ကြန်အကြတ်နေ့) 
တောင်ကြီး


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး

တက္ကသိုလ်စိန်တင်
Book Review Image

အိမ်မက်တောင်ကြား

မောင်ထွန်းသူ
Book Review Image

မှန်သားမြို့တော်

ဒီနိုဗို
Book Review Image

ဘာဖြစ်ဖြစ်

မိုးသက်ဟန်
Book Review Image

အမှောင်ရိပ်ရဲ့အလွန်မှာ

သစ်စိုး
Book Review Image

သေမင်းခံတွင်းဝက လွတ်ခဲ့သူ

ကျော်စိုးလွင်