မူရင်းစာအုပ်အမည် - Extension du domain de la lute
မူရင်းစာရေးသူ - Michel Houellebecq
မူရင်းသာသာစကား - ပြင်သစ်
အင်္ဂလိပ် စာအုပ် အမည် - Whatever
ဘာသာပြန် စာအုပ် အမည် - ဘာဖြစ်ဖြစ်
ဘာသာပြန်ဆိုသူ - မိုးသက်ဟန်
ထုတ်ဝေသူ - ငါတို့ စာပေ
ပထမအကြိမ် (သြဂုတ်လ ၂၀၁၇) မျှော်မှန်းထားတာထက် စောပြီး ပြီးသွားပုံရတယ်။ ဇွန်လမကုန်ခင်မှာတင် ဒီစာအုပ်ကို စဖြန့်တယ်။ သို့မဟုတ် ငါတို့စာပေမှာ Time machine ရှိတယ်။
စာအုပ်တန်ဖိုး - ၂၀၀၀ ကျပ်
စာမျက်နှာ - ၁၄၈ မျက်နှာ
ပလက်ဖောင်းနဲ့ လန်ဇာရိုတီကြောင့်မလို့ ကိုမိုးကြီးနဲ့ ကိုဝဲလ်ဘတ်ကို ကိုယ်တို့ သိခဲ့ကြပြီးပါပြီ။ လန်ဇာရိုတီကို ပထမအကြိမ်အဖြစ် ၂၀၁၃ မှာ ထုတ်ဝေခဲ့ပြီး ၂၀၁၆မှာ ဒုတိယအကြိမ် ထွက်ခဲ့ပြီးဖြစ်သလို၊ ပလက်ဖောင်းဟာလည်း ၂၀၁၆မှာ အတိုင်းအတာတစ်ခုအထိ နာမည်ရခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ အခု ၂၀၁၇ နှစ်လည်မှာတော့ ဝဲလ်ဘတ်ရဲ့ ပထမဆုံး လုံးချင်းဝတ္တုကို ကိုမိုးကြီးကပဲ ဘာသာထပ်ပြန်ပြီး ဘာဖြစ်ဖြစ်ဆိုတဲ့ စာအုပ်ကို ဖတ်ခွင့်ရပြန်တယ်။
ဝဲလ်ဘတ်ရဲ့ ဇာတ်ကောင်တွေဟာ ကမူး (Outsider)ရဲ့ မာဆိုး ဝင်စားတဲ့သူလိုပဲ။ အမြဲ သာမန်လူတွေ၊ ရုံးဝန်ထမ်းတွေ၊ မအောင်မြင်သူတွေ၊ ပုံဆိုးပန်းဆိုးလို့ မပြောထားပေမယ့် စောကြည်ဘဲတွေတော့ မဟုတ်ဘူး။ အချုပ်အားဖြင့်ဆိုရရင် ဘဝကို အရမ်းကျေနပ် ပျော်ရွင်နေသူတွေ မဟုတ်ဘူး။ အရမ်းကြီး ဒုက္ခရောက်နေတဲ့ အောက်တန်းစားတွေလည်း မဟုတ်ဘူး။ ရည်မှန်းချက် အကြီးကြီးလည်း မရှိဘူး။
သူ့စာဖတ်ရင်း အဲဒီဇာတ်ကောင်ဟာ ကိုယ်ဖြစ်ဖြစ်သွားတယ်။ ဘဝဟာ အဓိပ္ပါယ်မဲ့တယ်။ တစ်ရက်တစ်ရက် အလုပ်သွားမယ်။ ပြန်လာမယ်။ ခေါက်ဆွဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်စားမယ်။ သောက်မယ်။ အိပ်မယ်။ ဒါပဲ။
ဘာဖြစ်ဖြစ်မှာတော့ ဇာတ်ကောင်က system အင်ဂျင်နီယာ၊ ဆော့ဝဲလ်တွေ ရေးပြီး ရောင်းစားတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ ဇာတ်လမ်းစတော့ ပါတီပွဲတစ်ခုမှာ၊ ရင်ခုန်စရာတော့ တစ်စက်မှမရှိဘူး။ အရက်သောက်တယ်။ ဆေးလိပ်သောက်တယ်။ ပါတီလာတတ်တဲ့ မိန်းမတွေက တစ်ယောက်မှ မလန်းဘူး။ လန်းတဲ့သူကလည်း သူ့အတွက်မဟုတ်ဘူး။ ပါတီမှာ မူးတယ်။ အိပ်ပျော်သွားတယ်။ အန်တယ်။ အိမ်ပြန်တော့ သူ့ကားသူ ဘယ်နားရပ်ထားမိမှန်း သူမသိတော့ဘူး။ ဒါနဲ့ ကားကို ပျောက်သွားတယ်လို့ တိုင်ချက်ဖွင့်လိုက်တယ်။
နောက်အလုပ်ကိစ္စနဲ့ ခရီးထွက်တယ်။ ဘယ်တော့မှ စောမကြည်တဲ့ ဘဲတစ်ပွေနဲ့ တူတူသွားရတယ်။ မိန်းခလေးတွေမကြည်လို့ ကိုယ့်ကိုယ် ပြည့်တန်ဆာခန်းလည်း မသွားချင်တဲ့ ဘဲ။ အဲဒီတော့ ဒီလူနဲ့ တွဲပြီး ခရီးသွားရတာ ဘယ်လိုမှ ပျော်စရာမကောင်းဘူး။ စောမကြည်တဲ့ ဘဲနှစ်ပွေတူတူခရီးသွားရတယ် ဘယ်နယ်မှ မလန်းနိုင်ဘူး။
အဲဒီခရီးလိုပဲ ဝဲလ်ဘတ်ရဲ့ ဇာတ်လမ်းဟာလည်း စွန့်စားခန်းစာအုပ်၊ အချစ်၊ အလွမ်းတွေက ကင်းလွတ်တယ်။ သူရေးပုံက ကိုယ်တို့လို သာမန်လူတွေ နေ့စဉ်ဘဝမှာ ကြုံနေရတဲ့ အကြောင်းတွေနဲ့ အဲဒီအဖြစ်အပျက်တွေ အပေါ်မှာ ခံစားပုံတွေပဲ။ သူတို့ ၂ယောက်သွားရောင်းတဲ့ ဆော့ဝဲလ်ကို ဌာနကလူတွေက စိတ်ဝင်စားပုံမပြဘူး။ သူတို့ ပြန်သွားရင် ဘီရိုထဲထိုးထည့်ပြီး ချောင်ထိုးထားမယ့် သဘောသာသာပဲ။ ဒါဆို ဘာလို့များ အင်တိုက်အားတိုက် ကြိုးစားဖို့ လိုသေးလဲ။
ညပိုင်းတွေမှာ ဘားတွေသွားပေမယ့် ဘယ်ကောင်မလေးကိုမှ မရဘူး။ စိတ်ဝင်စားစရာ ကောင်မလေး သို့မဟုတ် လူတစ်ယောက်ကိုမှ မတွေ့ရဘူး။ ဇာတ်လမ်းအနေနဲ့ ကြည့်ရင် ဖတ်ဖို့မကောင်းတဲ့ ဇာတ်လမ်းပါ။ ဒီကြားထဲ ဆေးရုံတတ်ရသေးတယ်။ သူ့ကိုယ်သူ သေမယ်ထင်ပေမယ့် မသေဘူး။ ဆိုးဝါးလိုက်တဲ့ အနေအထားက ခရစ်စမတ်နေ့နဲ့ နှစ်သစ်ကူးညတွေမှာ သူတို့ကို ခေါ်မယ့် သူငယ်ချင်းမရှိဘူး မိသားစုမရှိဘူး။
ဒီလိုနဲ့ ခရစ်စမတ်မတိုင်ခင်ညမှာ သူ့လုပ်ဖော်ကိုင်ဘက်နဲ့ ကလပ်သွားရင်း ကောင်မလေး လှလှတစ်ယောက်ကို တွေ့တယ်။ သူတို့ ကြည့်နေတုန်းမှာ လူမည်း သို့မဟုတ် လူမည်းကပြားတစ်ကောင်နဲ့ ကောင်မလေးက ပါသွားတယ်။ ဘယ်လိုဘယ်လို စိတ်ကူးပေါက်တယ် မသိ အဲဒီကောင်မလေးကို ဟိုဘဲလေး ဘာမှမလုပ်နိုင်ခင်မှာ သတ်ပစ်ဖို့ ကြံရွယ်မိတယ်ဆိုပဲ။
ဒါနဲ့ သူတို့အတွဲသွားရာ ပင်လယ်ကမ်းစပ်အထိ လိုက်သွားပေမယ့် မသတ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူငယ်ချင်းဖြစ်သူကတော့ အပြန်လမ်းမှာ ကားတိုက်မိလို့ သေသွားတယ်။ အဲဒီနောက်ပိုင်း ဇာတ်ကောင်ကိုယ်တိုင် စိတ်ဓါတ်ကျ ရောဂါရလာတယ်။ လကားနေရင်း ငိုမိလာတယ်။ စိတ်ဆေးရုံမှာ သွားနေရတယ် ဖြစ်လာရော။
ဒီလို ဒီလိုတွေ ဇာတ်လမ်းက လွင့်ပစ်ချင်လောက်အောင် စိတ်ညစ်ဖို့ကောင်းပေမယ့် သူ့အတွေးတွေက စာအုပ်ကို လက်က မချချင်လောက်အောင် စွဲဆောင်တယ်။ ကိုယ်တို့ရှင်သန်နေတဲ့ ဘဝမှာ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ ထင်တယ်။ ကိုယ်က သူများနဲ့ မတူပဲ ထူးခြားတယ်လို့ ထင်တယ်။ ဇာတ်လမ်းတွေကလည်း အဲဒီလို ထူးခြားဖြစ်စဉ်တွေကိုပဲ ရေးတယ်။ ဒီထဲမှာ ကိုယ့်ကိုယ်ကိုယ် သာမန်လူလိုပဲနေတယ်။ ကိုယ့်ကိုယ်ကိုယ် ထူးခြားတယ်လို့ လည်းမထင်ဘူး။ တော်တယ်လို့လည်းမထင်ဘူး။ သနားစရာလို့လည်း မမြင်ဘူး။ အရှိကို အရှိအတိုင်း မြင်တဲ့သူအနေနဲ့ ဇာတ်ကောင်တွေကို ဝဲလ်ဘက်က ဖန်တီးတယ်။
အဲဒီတော့ သူ့ဇာတ်ကောင်က ဟီးရိုးတွေချည်းပဲ ရှိနေတဲ့ ကိုယ်တို့ လောကကြီးထဲမှာ သာမန်လူတစ်ယောက် အနေနဲ့ ထူးခြားလို့နေတယ်။ အရမ်းချမ်းသာတဲ့၊ အရမ်းတော်တဲ့၊ အရမ်းချောတဲ့ ဟီးရိုးတွေက ဘာမှ မထူးခြားတော့ဘူး။ ဝဲလ်ဘတ်ရယ်၊ ကမူးရယ်၊ မာဆိုးရယ်၊ ဘာဖြစ်ဖြစ်ထဲက မထူးခြားလွန်းလို့ နာမည်တောင် ကိုယ်မသိလိုက်တဲ့ ဇတ်ကောင်ရယ်.. ဒီကောင်တွေကို ကိုယ်ကြိုက်တယ်။
သူတို့က သူတို့ ထင်တာကို သူတို့ပြောတယ်။ သူတို့ မြင်တာကို သူတို့ ပြောတယ်။ သူတို့တွေးတာကို တွေးတဲ့ အတိုင်းချပြတယ်။ သူရဲကောင်းဆန်မပြဘူး။ အဲလိုဇာတ်ကောင်တွေကို ကိုယ်ချစ်တယ်။ ဒါပါပဲ။
မယ်ကျွိ
၃ရက် ဇူလိုင်လ ၂၀၁၇
၁၁နာရီ ၂၀မိနစ်။
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543