စာအုပ်အမည် - City Of Glass
စာရေးသူ အမည် - ပေါ၊လ်၊အော်စတာ
ဘာသာပြန်စာအုပ် အမည် - မှန်သားမြို့တော်
ဘာသာပြန်ဆိုသူ - ဒီနိုဗို
စာအုပ်တိုက် - ရေသောက်မြစ်။
ပထမအကြိမ်၊ ဇန်နဝါရီလ ၂၀၁၃ ခုနှစ်။
စာအုပ် တန်ဖိုး - ၃၅၀၀ ကျပ်
စာမျက်နှာ - ၂၅၁ မျက်နှာ
မှန်သားမြို့တော်၊ တစ္ဆေ၊ ပိတ်ထားတဲ့ အခန်း သုံးအုပ်ဟာ ပေါ၊လ်၊အော်စတာရဲ့ ထင်ရှားတဲ့ သုံးအုပ်တွဲ စာအုပ်တွေဖြစ်တယ်။ ပိုစ့်မော်ဒန် စုံထောက်ဝတ္တုစမ်းသပ်အရေးအသားတွေဖြစ်ပြီး စာပေဆုတွေလည်း အများကြီးရထားတဲ့ စာအုပ်တွေလို့ ဆိုပါတယ်။ တစ္ဆေနဲ့ ပိတ်ထားတဲ့အခန်းကို ကိုယ်ဝယ်ထားတာ တော်တော်ကြာပြီ။ ဒါပေမယ့် မှန်သားမြို့တော်ကတော့ ဈေးကွက်ထဲမှာ ကုန်နေတဲ့ စာအုပ်ဖြစ်တာမို့ မှန်သားမြို့တော်ရဲ့ အဆက် နှစ်အုပ်ကို စာအုပ်စင်ပေါ်တင်ထားပေမယ့် မဖတ်ဖြစ်ခဲ့ဘူး။
မနေ့ကတော့ မောင်နှမလိုလည်းဖြစ်၊ သူငယ်ချင်းလိုလည်း ဖြစ်နေတဲ့ သစ်မင်းစံက မှန်သားနန်းတော်ရတယ်၊ ကျွန်တော် ဝယ်ထားလိုက်ရမလား အစ်မလို့ လှမ်းမေးလာတယ်။ သိပ်ပျော်တာပေါ့။ ယူမယ်ယူမယ်ဆိုပြီး ညနေခင်းမှာ ချက်ခြင်း သူ့အလုပ်ရှိရာ မြို့ထဲကို သွားယူလိုက်တယ်။ အိမ်ပြန်ရောက် စဖတ်၊ မနက်မိုးလင်း ဆက်ဖတ်လိုက်တာ အရေးအသားနဲ့ ဇာတ်လမ်းက ဆွဲလွန်းလို့ ပြီးတဲ့အထိကို ရောက်ရောပဲ။
မိန်းမနဲ့ သားသေဆုံးပြီး တစ်ကိုယ်တည်း အထီးကျန်နေတဲ့ အရင်က စာရေးဆရာအဖြစ် အသက်မွေးခဲ့ပြီး နောက်ပိုင်း အလုပ်မလုပ်ပဲနေနေတဲ့ ကွင်းဆီကို မှားဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုကနေ ဒီဇာတ်လမ်းစလာခဲ့တယ်။ ညတစ်ညမှာ ကွင်းဆီကို ဖုန်းဝင်လာပြီး ပေါလ်အော်စတာလားလို့ မေးခဲ့တယ်။ ဖုန်းမှားဝင်တာဟာ တစ်ကြိမ်တစ်ခါထဲမဟုတ်ပဲ သုံးကြိမ်မြောက်အထိ။
အဲဒီအခါမှာ ဖုန်းလက်ခံ စကားပြောတော့ အလွတ်စုံထောက် ပေါလ်အော်စတာကို အသံရှင်ကရှာနေပြီး သူ့ကို လာသတ်မယ့် လူသတ်သမားရန်က ကာကွယ်ဖို့ အကူအညီ တောင်းခံတာဖြစ်တယ်။ ကွင်းဟာ အလွတ်စုံထောက်လည်း မဟုတ်ဘူး ပေါလ်အော်စတာလည်း မဟုတ်ဘူး။
“ကျွန်တော့်နာမည် ပေါလ်အော်စတာပါ၊ ဒါ ကျွန်တော့် နာမည်ရင်းတော့ မဟုတ်” ဆိုတဲ့ စာတမ်းကို စာအုပ်နောက်ကျောမှာ ရေးထားတာတယ်။
အဲဒီအတိုင်းပဲ ကွင်းက အဲဒီအမှုကို ပေါလ်အော်စတာအနေနဲ့ လက်ခံလိုက်ပါရော။ အမှုသည်နဲ့သွားတွေ့တော့ အမှုသည်နာမည်က ပီတာ၊ ငယ်ငယ်က ဖခင်ဖြစ်သူက သူ့ကို နှစ်တွေအကြာကြီး အမှောင်ခန်းထဲမှာ ထည့်ထားပြီး လူတွေနဲ့ စကားပြောဆို ဆက်သွယ်ခြင်းကို တားမြစ်ခဲ့တယ်။ နောက်ဆုံးတော့ အိမ်မီးလောင်ပြီး သူ့အဖေပြုစုနေတဲ့ စာတမ်းတွေလည်း မီးလောင်၊ သူ့အဖေလည်း စိတ်ကျန်းမာရေး ဆေးရုံရောက် ပီတာကိုလည်း ဆေးရုံမှာ ပြုစုစောင့်ရှောက် ကလေးတစ်ယောက်ကို စကားသင်ပေးသလို ပြန်သင်ပေးပြီး နောက်ဆုံးမှာတော့ ဆေးရုံက သူနာပြုဆရာမက ပီတာကို ဆေးရုံက ပြန်လာခွင့်ရအောင် လက်ထပ်လိုက်ပြီးတော့ အိမ်မှာ ပြန်လည် စောင့်ရှောက်ထားတယ်။ လက်ထပ်ထားပေမယ့် ပီတာနဲ့ သူနဲ့ ကြားမှာ လိင်မှုကိစ္စတွေ မရှိခဲ့ဘူး။
ဒီအကြောင်းတွေကို ပေါလ်အော်စတာအဖြစ်နာမည်ခံထားတဲ့ ကွင်းကို ပီတာနဲ့ သူရဲ့ ဇနီး မစ္စ စတေမင်က ပြောပြီးခဲ့တာဖြစ်ပြီး အမှုလက်ခံလိုက်ပြီးချိန်မှာတော့ ကွင်းက သူ့ကိုယ်သူ ပေါလ်အော်စတာအဖြစ်ပဲ အသက်ရှင်နေထိုင်တော့တယ်။ ပီတာနဲ့ စတေမင်တို့ဟာ ပီတာရဲ့ အဖေဖြစ်သူဟာ စိတ်ကျန်းမာရေး ဆေးရုံက ပြန်လာတော့မှာ ဖြစ်ပြီး ပီတာရဲ့ အသက်ကို ရန်ရှာမှာ စိုးရိမ်လို့ ကွင်းထံကို အမှုအပ်တာဖြစ်တယ်။
ကွင်းက ဒီအမှုကို လက်ခံပြီး စာကြည့်တိုက်တွေမှာ ပီတာရဲ့ အဖေဖြစ်တဲ့ ပီတာစတေမင့်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာ မှန်သမျှကို လေ့လာတယ်။ ကလေးတွေကို အခန်းထဲ ပိတ်လှောင်ပြီး လူသားအစစ်ရဲ့ ဘာသာစကားများ ထွက်လာမလားလို့ စောင့်ကြည့်တဲ့ စမ်းသပ်ချက်တွေအကြောင်း၊ သဘောၤပျက်လို့ သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် တောထဲတောင်ထဲ၊ လူသူမဲ့တဲ့ ကျွန်းပေါ်မှာ ရှင်သန်နေထိုင်နေတဲ့ လူသားတွေကို ပြန်တွေ့ချိန်မှာ သူတို့ရဲ့ အမူအကျင့်တွေ ပြောင်းလဲကုန်တဲ့ အကြောင်း၊ ဘုရားသခင်ကို ယှဉ်ပြိုင်ဖို့ သို့မဟုတ် ဘုရားသခင်နဲ့ ဆက်သွယ်ဖို့ မျှော်စင်ကြီး တည်ဆောက်ခဲ့တဲ့ လူသားမျိုးနွယ်တွေ အကြောင်း စုံနေအောင် လေ့လာတယ်။
ပီတာစတေမင့်ရောက်လာချိန်မှာ အဲဒီအဖိုးကြီးနောက်ကို တစ်ကောက်ကောက်လိုက်၊ မြို့ထဲပတ်ပြီး လမ်းလျှောက် တွေ့တဲ့ ပစ္စည်းအကျိုးအပဲ့၊ အဟောင်းအမြင်းတွေကို လိုက်ကောက် အိတ်တစ်လုံးနဲ့ လိုက်စုဆောင်းနေတဲ့ အဖိုးကြီးရဲ့ လုပ်ရှားမှုတွေကို အသေးစိတ် အနီရောင်စာအုပ်လေးထဲမှာ မှတ်တမ်းတင်တယ်။ ရက်တွေ ကြာလာပေမယ့် အဖိုးကြီးရဲ့ အမူအရာတွေဟာ ထူးခြားတော့ မလာခဲ့ဘူး။ ကွင်းက နောက်ဆုံး အဖိုးကြီးနဲ့ စကားပြောကြည့်တယ်။
အဖိုးကြီးက သူပစ္စည်းအဟောင်းတွေကို ရှာဖွေစုဆောင်းနေတာက အဲဒီပစ္စည်းတွေကို အမည်ပေးနေတာဖြစ်ကြောင်း၊ ဥပမာ ထီးဆိုတဲ့ အရာတစ်ခုဟာ ထီးအဖြစ် ဖွင့်ဆောင်းလို့ မရတော့ရင် ထီးဆိုတဲ့ အမည်ကို ဆက်မသုံးတော့ပဲ အခြားအမည်တစ်ခုကို ပြောင်းသုံးသင့်တာမျိုး၊ ထီးဆိုတာ မိုးဒါဏ်၊ လေဒါဏ်၊ နေဒါဏ်က ကာကွယ်ပေးမှ ထီးဆိုတဲ့ အမည်ရှိသင့်တာမျိုး။ လူတွေကတော့ လွယ်လွယ်ကူကူ ထီးအပျက်၊ ထီးအစုတ်လို့ ခေါ်နေကြပေမယ့် သူက သဘောမတွေ့ဘူး။
ပေါလ်အော်စတာ အမည်ခံ ကွင်းက နာမည်အမျိုးမျိုးပြောင်းပြီး အဖိုးကြီးနဲ့ သွားစကားပြောတယ်။ အဖိုးကြီးက သူ့ကို မမှတ်မိဘူး။ နောက်ဆုံးတော့ သူ့ကိုသူ အဖိုးကြီးရဲ့ သားပီတာပါလို့ သွားစကားပြောတယ်။ အဖိုးကြီးက တကယ်ယုံတယ်။ သို့မဟုတ် ယုံချင်ယောင်ဆောင်တယ်။ နောက်တစ်ရက်မှာတော့ တည်းတဲ့ တည်းခိုခန်းက ပျောက်သွားပါရော။
ဒီအမှုကို ဆက်လိုက်ရမလား မလိုက်ရမလား ကွင်းဝေခဲ့မရဖြစ်တယ်။ ပေါလ်အော်စတာ အစစ်ကို သွားတွေ့တယ်။ သူထင်သလို စုံထောက်မဟုတ်ပဲ စာရေးဆရာဖြစ်နေတယ်။ သူတို့ စကားတွေ အကြာကြီးပြောကြရင် ခင်မင်သွားကြသေးတယ်။
အဲဒီညကစပြီး သူ့ကို ငှားထားတဲ့ အလုပ်ရှင်ဆီကို သူဆက်သွယ်လို့မရတော့ဘူး။ ဖုန်းဆက်တဲ့ အခါတိုင်း ဖုန်းလိုင်းမအားသေးပါလို့ပဲ ဖြေတယ်။ နှစ်လခွဲကျော် အဲဒီတိုက်ခန်းရှေ့မှာ သူသွားစောင့်တယ်။ စောင့်တာမှ တစ်နေ့လုံးစောင့် တစ်ညလုံးစောင့် အိမ်မပြန်ပဲ စောင့်တာ။ စားဖို့ အစားအစာကို ည ၃နာရီနဲ့ လေးနာရီခွဲကြားထဲမှာပဲ သွားဝယ်တယ်။ အစားကို နည်းနည်းပဲစားတယ်။
အဲဒီမှာ သူသိလာတဲ့ ဒဿနတစ်ခုက
<<အစားစားခြင်းမှာ အစားအသောက် ပြဿနာကို မဖြေရှင်းနိုင်၊ အစားတစ်နပ်စားလိုက်ခြင်းမှာ နောက်တစ်ခါ မလွဲမသွေ ဆာလာမည့်ရန်ကို ထန်းလက်နဲ့ ကာလိုက်ခြင်းသာဖြစ်သည်။ ဒီထက် ဘာမှ မပို။>> ဒါနဲ့ ကွင်းက အစားကို တတ်နိုင်သမျှ အနည်းဆုံးစားတယ်၊ အိပ်ကိုလည်း တတ်နိုင်သမျှ လျှော့ချတယ်။
ရေကိုလည်း ကြာကြာနေမှ ချိုးတယ်။ ဆံပင်ညှပ်ဖို့၊ မုတ်ဆိတ်ရိတ်ဖို့ဆိုတာ မေ့ကိုမေ့ရော။ ဒီလိုနဲ့ သူယူလာတဲ့ ပိုက်ဆံ ဒေါ်လာ ၃၀၀ ကျော် ကုန်တော့မှ ဒီနေရာက ခွါဖို့ သူသတိရတော့တယ်။ သူ့ကိုယ်သူ မှန်ထဲပြန်မြင်တဲ့အခါ သူ့ကိုယ်သူတောင် မမှတ်မိတော့။ ပေါလ်အော်စတာ အစစ်ကို ဖုန်းလှမ်းဆက်ကြည့်တော့ သူကို အလုပ်အပ်ချိန်က အလုပ်ရှင်ပေးခဲ့တဲ့ ဒေါ်လာ ၅၀၀ တန် ချက်လက်မှတ်က ငွေထုတ်လို့ မရတာကို သိရ။
အိမ်ပြန်တော့ သူ့ပစ္စည်းတွေ မရှိတော့ပဲ အိမ်ရှင်က နောက်ထပ်အိမ်ငှားတစ်ယောက်ကို အိမ်ပေါ်တင်ထားလိုက်ပြီ။ ကွင်းဟာ ဘာမှန်မသိပဲ ပျောက်ဆုံးသွားတဲ့ စာရေးသူတစ်ယောက် ဖြစ်ခဲရတယ်။ သူမှာ နောက်ဆုံးကျန်တာ အနီရောင် မှတ်စုစာအုပ်နဲ့ နားမကြားသူဆီက ဝယ်ထားတဲ့ ဘောပင်တစ်ချောင်း။ ဒါနဲ့ ပီတာနဲ့ မစ္စစတေမင်တို့ နေခဲ့တဲ့ အခန်းဆီကို သူပြန်သွားတယ်။ အခန်းတံခါးသော့ မခပ်ထားဘူး။ အခန်းထဲမှာလည်း ဘာမှ မရှိတော့ဘူး။ ကွင်းက အဲဒီထဲမှာပဲနေတယ်။ အနီရောင် မှတ်စုစာအုပ်မှာ စာရေးတယ်။
စာအုပ်အဆုံးသတ်မှာတော့ အနီရောင် မှတ်စုစာအုပ်လေးပဲ အဲဒီအခန်းမှာ ကျန်ခဲ့ပြီး ပေါလ်အော်စတာခေါ် ကွင်းလည်း အစရှာမရအောင် ပျောက်ဆုံးသွားပြန်တယ်။ တစ္ဆေမှာတော့ ဒီစာအုပ်မှာ မပေးထားတဲ့ အဖြေတစ်ချို့ကို ကိုယ်တို့ တွေ့ရမလားပဲ။
ဒီအရေးအသားတွေမှာ ကိုယ်တို့ လူသားဖြစ်တည်မှုကို မေးခွန်းထုတ်ထားတဲ့ အရေးအသား အတွေးအခေါ်တွေကို တွေ့ရတယ်။ ကိုယ်တို့တွေရဲ့ ဖြစ်တည်မှု တန်ဖိုးထားမှုဟာ ဘာများလဲလို့ တွေးမိတယ်။
ကိုယ်ရော… တစ်ချိန်မှာ မှတ်စုစာအုပ်လေးကလွဲပြီး ကျန်တာ ဘာဆိုဘာမှ မကျန်ခဲ့ပဲ ပျောက်ဆုံးသွားရမှာလား…
မယ်ကျွိ
၂ရက် ဇူလိုင်လ ၂၀၁၇