Book Image

အမှောင်ရိပ်ရဲ့အလွန်မှာ

သစ်စိုး

စာအုပ်အမည်  - အမှောင်ရိပ်ရဲ့အလွန်မှာ 

ဘာသာပြန်  - သစ်စိုး
စာရေးသူ - Haruki Murarkami
မူရင်းစာအုပ် အမည် - After Dark
ထုတ်ဝေသူ  - နွယ်နီစာပေ 
စာအုပ်တန်ဖိုး  - ၂၅၀၀ ကျပ်
ပထမအကြိမ် အောက်တိုဘာလ ၂၀၁၆ 
စာမျက်နှာ - ၂၀၃

ကိုယ့်အနေနဲ့တော့ မူရာကာမိရဲ့ စာအုပ်ဆိုရင် ဆရာမိုးသက်ဟန်ရဲ့ ဘာသာပြန်လက်ရာနဲ့ အသားကျနေတာမို့ ဆရာသစ်စိုးဘာသာပြန်တဲ့ အမှောင်ရိပ်ရဲ့အလွန်မှာကို ဒီစာအုပ်ရဲ့ အဖွင့်ပိုင်းမှာ ဘဝင်သိပ်မကျလှဘူးလို့ ပြောရမှာပဲ။ ဆရာသစ်စိုးက ဒီစာအုပ်ကို ဘာသာပြန်ရာမှာ အင်္ဂလိပ်ကနေ မြန်မာစာရဲ့ တစ်ချို့  ဂန္ထဝင်ဆန်ဆန် စကားလုံးတွေကို ထည့်သွင်းသုံးစွဲဖို့ ကြိုးစားထားတာကို တွေ့ရပါတယ်။ ဥပမာ လောကဓါတ်၊ အသက်ဓါတ်၊ မူလဘူတ ရုပ်တရား၊ ငါ သူတစ်ပါး ယောကျာၤး မိန်းမ ဟူသော ပညတ်၊ ဝိညာဏရုပ်၊ ဝင်္ကဝုတ္တိနှင့် အတိဿယ ဝုတ္တိ စတဲ့ စကားလုံးတွေကို သုံးထားတယ်။ ခေတ်ပြိုင်စာပေလက်ယာ တစ်ခုမှာ ဒီလိုစာလုံးတွေကို တွေ့ရတဲ့အခါမှာ စာဖတ်တဲ့ ကိုယ့်စိတ်မှာ ကသိကအောင့်ဖြစ်မိတာ အမှန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ဖတ်သွားတဲ့အခါ တစ်ခန်းလောက်ကျော်သွားတော့ ဒီအသုံးအနှုန်းတွေ သိသိသာသာပါးသွားပြီး မူရာကာမိရဲ့ လက်ရာထဲကိုပဲ ကျရောက်သွားတာပါပဲ။ 

ဒါနဲ့ပဲ ကိုယ်လည်း ချောချောမွေ့မွေ့ ဆက်ဖတ်သွားနိုင်တယ်။


ဇာတ်လမ်းကတော့ မူရာကာမိ ထုံးစံအတိုင်း အကွေ့အဝိုက်လေးတွေနဲ့ ရှေ့ဆက်ဘာဖြစ်လဲဆိုတဲ့ သိလိုစိတ်ကို လှုံဆောနိုင်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းထဲမှာ ညီအစ်မ နှစ်ယောက်ပါပြီး ညီမဖြစ်တဲ့ မေရီက အထီးကျန်ကျန်နဲ့ စာဖတ်ပြီး ငြိမ်နေရရင် ကျေနပ်သူ။ ဆိုရှယ်မကျပဲ တစ်ယောက်ထဲ ကိုယ့်အတွေးထဲမှာပဲ ပျော်ရွင်ရှင်သန်တတ်သူ။ ပတ်ဝင်းကျင်နဲ့ သူ့မိသားစုကပါ သူ့ရဲ ဖြစ်တည်မှုကို သိပ်အသိအမှတ်ပြုတာ မခံရသူ ဖြစ်ပြီး အတွေးအခေါ်တော့ ထူးချွန်သူဖြစ်တယ်။ စာပေမှာလည်း ထူးချွန်တယ်။ ဘာသာစကားမှာလည်း ထူးချွန်တယ်။ 


သူရဲ့ အစ်မကတော့ သူလို့မဟုတ်ပဲ အရမ်းကို ထွန်းလင်းတောက်ပတဲ့သူ။ ပတ်ဝင်းကျင်ရဲ့ ဂရုစိုက်မှုတွေ အကုန်လုံးကို ရရှိထားတဲ့သူ။ ကြယ်တစ်ပွင့်လို ထွန်းလင်းတောက်ပမှုကို ပိုင်ဆိုင်ထားတဲ့သူ။ ထပ်ပြောရရင် ပုံပြင်တွေထဲက နတ်သမီးလို လှပတဲ့ မိန်းကလေးတစ်ယောက်။ ဆန့်ကျင်ဖက် ညီအစ်မနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အားကျကြတယ်။ ဒါပေမယ့် စရိုက် ပုံစံဟာ ကွဲပြားနေတာမို့ သူတို့ နှစ်ယောက်ဟာ ဘယ်တော့မှ မနီးစပ်ခဲ့ မရင်းနှီးခဲ့ဘူး။ 

ဇာတ်လမ်းရဲ့ အဖွင့်ကို ည ၁၁ နာရီ ၅၆ မိနစ်မှာ စဖွင့်ထားတယ်။ မေရီက မိုးအလင်းဖွင့်တဲ့ ဆိုင်တစ်ဆိုင်မှာ စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။ အဲဒီဆိုင်က မိန်းခလေးတစ်ယောက်ထဲနေရင် အန္တရာယ်မကင်းလှတဲ့ ရပ်ကွက်တစ်ခုထဲမှာ ရှိတာ။ အဲဒီအချိန်မှာ ထရွမ်းဘိုးန်းသမား ကောင်လေးတစ်ယောက်က သူ့ဘေးနားရောက်လာတယ်။ သူတို့က တွေ့ဖူးပြီးသား။ မေရီရဲ့ အစ်မ အေရီကို ကောင်လေးတစ်ယောက်က ရေကူးကန်တစ်ခုမှာ ချိန်တဲ့အချိန်မှာ သူတို့နှစ်ယောက်က အဖော်အဖြစ် လိုက်ပါဖူးခဲ့တယ်။ 

သူတို့တွေစကားပြော ကောင်လေးက တီးဝိုင်းနဲ့ လေ့ကျင့်ဖို့ ထွက်သွား။ … မေရီကျန်ခဲ့.. 
ခဏနေတော့ မေရီဆီကို ထောင်ထောင်မောင်းမောင်း မိန်းမတစ်ယောက် ရောက်လာ။ ကောင်လေးက လွတ်လိုက်တယ်ဆိုပြီး မိတ်ဆက်။ မင်း တရုတ်လိုပြောတတ်တယ် မလားလို့ မေး။ တရုတ်လိုပြောနိုင်ရင် သူတာဝန်ယူထားတဲ့ အချစ်ဟိုတယ်မှာ မူခင်းတစ်ခုဖြစ်လို့ ဘာသာပြန်ပေးဖို့လိုက်ကူညီပေးဖို့ အကူအညီတောင်း။ 

ဖြစ်တာက တရုတ်ပြည်ကလာပြီး ဂျပန်လို မီးကျိုးမောင်းပျက်လောက်တောင် မပြောတတ်တဲ့ ပြည့်တန်ဆာမလေးကို ဖောက်သည်တစ်ယောက်က ခေါ်လာပြီးမှာ သူတို့ကိစ္စဖြစ်ခါနီးမှ ပြည့်တန်ဆာမလေးက ဓမ္မတာလာ။ ဖောက်သည်က စိတ်ဆိုးပြီး ရိုက်နက်ပြီး ပိုက်ဆံအိတ်၊ ဖုန်း၊ အဝတ်အစားတွေ အကုန်လုံးယူသွား။ ဟိုတယ်က တာဝန်ခံတွေကလည်း စကားမပေါက်တော့ ကောင်မလေးကို ဘယ်လိုကူညီရမယ်မှန်းမသိ။ ဒါနဲ့ အမှုက မေရီဆီရောက်လာတာ။ 

ဘာသာပြန်ပေးရင်းနဲ့  ပြည်တန်ဆာမလေးရဲ့ ဘဝနောက်ကြောင်းကို သိရတယ်။ ဟိုတယ်တာဝန်ခံ အမျိုးသမီးရဲ့ ဘဝနောက်ကြောင်းလည်း ပါလာတယ်။ အချစ်ဟိုတယ်ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ စုံတွဲကို လက်ခံတဲ့ စီးပွားရေးကိုလည်း သိရတယ်။ 

အဖြစ်အပျက်တွေက တစ်ညတာ အဖြစ်အပျက်တွေ ဖြစ်ပေမယ့် ဘဝတွေ အများကြီး ပါဝင်ပတ်သက်နေတယ်။ တီးဝိုင်းနဲ့လေ့ကျင့်နေတဲ့ ကောင်လေး၊ ပြည့်တန်ဆာ အမျိုးသမီးလေး၊ ပြည့်တန်ဆာ အမျိုးသမီးကို အနိုင်ကျင့်သွားတဲ့ ကွန်ပြူတာပညာရှင်ရဲ့ အကြောင်း၊ မေရီရဲ့ ဘဝနဲ့ သူအစ်မ အေရီရဲ့ ကြေကွဲစရာ အကြောင်းတွေ၊ အေရီက တစ်ညနေမှာ မိသားစုနဲ့ ညစာစားနေရင်း အိပ်ချင်တယ်လို့ ပြောပြီး သူ့အခန်းကို ပြန်သွားအိပ်ခဲ့တယ်။ အဲဒီရက်ကစလို့ သူဟာ လှလှပပလေး အိပ်မြဲအတိုင်း အိပ်နေတော့တာ။ သူပြန်နိုးလာတယ်ရယ်လို့ မရှိတော့ဘူး။ 

ဘဝဟာ မထင်မှတ်တာတွေနဲ့ ဖွဲ့စည်းထားပြီး သံယောဇဉ်တွေဟာလည်း မထင်မှတ်ပဲ ရှိနေတတ်တာမျိုး။ မေရီဟာ သူ့အစ်မက သူ့ကို မချစ်ဘူး။ သူကလည်း သူ့အစ်မကို ချစ်ဘူးလို့ထင်ထားရာက သူ့အစ်မ အိပ်ပြီး ပြန်မနိုးလာတဲ့အခါ အေရီအိပ်နေတဲ့ အခန်းရဲ့ ကပ်ရက်အခန်းမှာ အိပ်တိုင်း သူ့ကိုယ်သူ အပြစ်မကင်းသလို ခံစားရပြီး နောက်ဆုံး တစ်ညလုံး အပြင်ထွက် စာဖတ်နေတဲ့ အဖြစ်တွေ ဖြစ်လာတယ်။ သူ့ဆန္ဒက သူ့အစ်မ အရင်လို ပြန်လည်နိုးထလာနိုင်ဖို့… 

ဒီလို ဒီလို အကြောင်းတွေနဲ့ ဒီစာအုပ်က ကိုယ့်ကို စွဲဆောင်သွားခဲ့တယ်။ စာအုပ်ထဲမှာ ပါတဲ့ ဇာတ်ကောင်တိုင်းကလည်း အတွေးအခေါ်ကိုယ်စီနဲ့။ … 

စာအုပ်ရဲ့ အစပိုင်းမှာ အရေးအသားကြောင့် နည်းနည်းကသိကအောင့်ဖြစ်ရပေမယ့် တဖြည်းဖြည်း ဆွဲဆောင်သွားနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ။ 

မယ်ကျွိ


Publisher Name: နွယ်နီစာပေ


Related Books

Book Review Image

မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး

တက္ကသိုလ်စိန်တင်
Book Review Image

မခံနိုင်အောင် ပေါ့ပါးဘဝနေ့ညများ

ဒီနိုဗို
Book Review Image

အိမ်မက်တောင်ကြား

မောင်ထွန်းသူ
Book Review Image

မှန်သားမြို့တော်

ဒီနိုဗို
Book Review Image

ဘာဖြစ်ဖြစ်

မိုးသက်ဟန်
Book Review Image

သေမင်းခံတွင်းဝက လွတ်ခဲ့သူ

ကျော်စိုးလွင်