Book Image

ဗိုလ်ချုပ်အောင်ဆန်းနှင့်_အနုပညာရှင်များ

တင်နိုင်တိုး

#ဗိုလ်ချုပ်အောင်ဆန်းနှင့်_အနုပညာရှင်များ

တင်နိုင်တိုး
၂၀၁၂၊ နိုဝင်ဘာ၊ ပထမအကြိမ်
အုပ်ရေ - ၅၀၀
၂၀၀၀ ကျပ်
Unity စာပေ
09 51 30977


အခုတစ်ခေါက်မှာတော့ အဖြေတွေကိုပါ တွဲလျက် ဖော်ပြလိုက်ပါတယ်။ 


(၁) ကိုအောင်ဆန်းကို " ကျောင်းထွက်၊ နိုင်ငံရေးလုပ်တော့ကွာ " လို့ ပြောလိုက်တော့ ကိုအောင်ဆန်းတစ်ယောက် ရှိစုမဲ့စုအထုပ်အပိုးတွေယူပြီး တို့ဗမာအစည်းအရုံးကို ရောက်ရှိသွားတော့တယ်။ ဒီစကားပြောခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( သခင်ကိုယ်တော်မှိုင်း )

(၂) " ဓာတ်ပုံတစ်ပုံ လိုချင်တယ်။ ခါတိုင်းတွေ့နေကျ ရှုတည်တည်ပုံမျိုးတော့ မလိုချင်ဘူးဗျာ " ဆိုပြီး ပြောလို့ ဗိုလ်ချုပ်က ပြုံးယောင်ယောင်ပြုနေဟန်ဓာတ်ပုံကို ပေးအပ်ခဲ့ရတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဒဂုန်တာရာ )

(၃) ဖဆပလအဖွဲ့ကြီးကို အဖွဲ့ပေါင်းစုံ၊ အသင်းပေါင်းစုံနဲ့ စုစည်းဖွဲ့တည်ထားပေမယ့် ဦးစောကို ဘယ်နည်းနဲ့မှ ဒီအဖွဲ့ထဲ ထည့်လို့မဖြစ်ကြောင်း ဗိုလ်ချုပ်ကို ပြောကြားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဂျာနယ်ကျော် ဦးချစ်မောင် )

(၄) ၁၉၄၆ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ရွှေတိဂုံစေတီတော် တောင်ဘက်ခြေတော်ရင်း စတုဒိသာဇရပ်ကနေ ကြံတောသုသာန်ကို မပို့ဆောင်ခင် ဗိုလ်ချုပ်ကိုယ်တိုင် လူထုကြီးနဲ့အတူ ခြေကျင်လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ဈာပနဟာ ဘယ်ပုဂ္ဂိုလ်ရဲ့ဈာပနလဲဗျ။ ( ဂျာနယ်ကျော် ဦးချစ်မောင် )

(၅) ဗိုလ်ချုပ် သက်ရှိထင်ရှားရှိနေစဉ် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလမှာ ' အောင်ဆန်းဘာလဲ ' အမည်နဲ့ စာအုပ်တစ်အုပ်ထွက်ရှိခဲ့တယ်။ အုပ်ရေ ၅၀၀၀ ထုတ်ဝေရောင်းချခဲ့တဲ့ အဲဒီစာအုပ်ရေးသားသူက စာမူခ တစ်ပြားမှမယူဘဲ ရဲဘော်စာအုပ်အသင်းကို လှူဒါန်းခဲ့တယ်။ ဒီစာရေးဆရာရဲ့အမည်က ဘာလဲဗျ။ ( မြဒေါင်းညို )

(၆) ၁၉၃၅ ခုနှစ်က ဂနၴလောကမဂ္ဂဇင်းမှာ ကျောင်းသားတွေ တူညီဝတ်စုံဝတ်ဆင်ကြရေးနဲ့စပ်လျဉ်းပြီး တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းနဲ့ အပြန်အလှန် အချေအတင် ချေပရေးသားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဦးသန့် )
( အပြန်အလှန် ရေးသားနေကြတာ သုံးလလောက်ကြာလာတော့ ဒီကိစ္စ ဒီလောက်နဲ့ လုံလောက်ပြီလို့ ဆုံးဖြတ်ပြီး အယ်ဒီတာ ဦးခန့်ကိုယ်တိုင်က ရပ်တန့်ပစ်ခဲ့ရတယ်။ ) 

(၇) " လူပေါင်းလူသင်း အားနာတတ်၍ အချို့ဝါဒသဘောများ ( ဥပမာ အင်းအိုင်မန္တရားလိုက်စားခြင်း ) တွင် ကျွန်တော်တို့လူငယ်ပိုင်းများက သဘောမတူနိုင်သော်လည်း အချောင်သမားလည်းမဟုတ်၊ သာယာစီးလည်းမဟုတ်၊ စေ့စပ်ရေးသမားလည်းမဟုတ်၊ မဖောက်ပြန်ခဲ့သော ရေမရောသည့် ဝံသာနုတစ်ဦးဖြစ်ကြောင်း " လို့ ဗိုလ်ချုပ်က ဖော်ညွှန်းရေးသားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဒီးဒုတ်ဦးဘချို )

(၈) " ခင်ဗျားထမင်းကျေွးတာ ကျေးဇူးတင်စရာ မလိုဘူးနော်။ ကျေွးဖို့က ခင်ဗျားဝတ္တရား၊ ကျွန်တော်က နိုင်ငံရေးလုပ်နေတာ။ တိုင်းပြည်အတွက် ထမ်းဆောင်နေတာ " လို့ ရန်ကုန် ဆန်းကဖေးမှာ ဗိုလ်ချုပ်က ပြောပစ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( လူထုဦးလှ )

(၉) ဒဂုန်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ်နဲ့ တခြားစာရေးဆရာတွေကိုဆိုရင် ဆောင်းပါးတစ်ပုဒ်အတွက် အများဆုံး ၂၀ ကျပ်သာပေးခဲ့ပေမယ့် သခင်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ လေးစားမှုကြောင့် စာမူခ ၃၀ ကျပ်အထိ ပေးအပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ရွှေညာမောင် )

(၁၀) ဗိုလ်ချုပ်ရေးသားပေးခဲ့တဲ့အမှာစာတွေထဲက အရှည်ဆုံးဖြစ်တဲ့အမှာစာကို ဂျပန်ခေတ် သေနင်္ဂဗျူဟာ စစ်သမိုင်းစာအုပ်မှာ တွေ့ရှိရပါတယ်။ ဒီစာအုပ်ကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်က ဘယ်သူလဲဗျ။ ( မောင်သုတ/ ဗိုလ်မှူးဘသောင်း )

(၁၁) ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့ရဲ့ မင်္ဂလာဆောင်အတွက် အမှတ်တရမင်္ဂလာဆောင်ပန်းချီကားကြီး ရေးဆွဲပေးခဲ့တဲ့ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးငွေကိုင် )

(၁၂) ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးနောက် ဝါသနာအရ ဗိုလ်ချုပ်ပုံသဏ္႑ာန်ကို ဖယောင်းနဲ့ ထုလုပ်ခဲ့တဲ့ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးဘကြည် )
( ဂျာနယ်ကျော် အတွဲသစ် ၉၊ အမှတ် ၁၀ (၂၃ ဩဂုတ် ၁၉၄၇) မှာ ' ဗိုလ်ချုပ်နှင့် ရုပ်လုံး ' ဆိုတဲ့ဆောင်းပါးကိုလည်း သူကိုယ်တိုင်ရေးသားခဲ့ဖူးတယ်။ ) 

(၁၃) ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှာ ဖဆပလညီလာခံကျင်းပနေတုန်းက ဗိုလ်ချုပ်အောင်ဆန်းဟောပြောနေတဲ့ပုံကို sketch ထိုင်ဆွဲခဲ့တဲ့ ( ဓာတ်ပုံကို ပန်းချီပြန်လည်ရေးဆွဲတာမျိုးကို မနှစ်သက်တဲ့ ) ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးအုန်းလွင် )

(၁၄) ၁၉၄၂ ခုနှစ် ဧပြီလ ၅ ရက်က ရွှေတောင်ကြားလမ်း အမှတ် ၅၆ မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကြီးမှူးကျင်းပပေးပြီး စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သီချင်းသီဆိုပေးခဲ့တဲ့မင်္ဂလာဆောင်အခမ်းအနားဟာ ဘယ်ပုဂ္ဂိုလ်ရဲ့မင်္ဂလာဆောင်အခမ်းအနားဖြစ်ပါသလဲ။ ( ကိုလှမောင် - ယိုးဒယားသံအမတ်ကြီး )
( စန္ဒရားတီးပေးသူက ဒဂုန်တာရာပါ။ )

(၁၅) ဗိုလ်ချုပ်ရဲ့အပါးတော်မှာ အမြဲလိုလိုရှိပြီး ဗိုလ်ချုပ်အသည်းစွဲဖြစ်တဲ့ (ဘိလပ်ပြန်သန်းသီဆိုခဲ့တဲ့) မြပန်းခွေသီချင်းကို စန္ဒရားနဲ့ ဆိုတီးပြတတ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။ ( ဗိုလ်ထွန်းလှ )
( မြပန်းခွေသီချင်းကိုရေးစပ်သူက ဂီတစာဆို စန်းသော်တာပါ။ )

(၁၆) ကျန်းမာရေးအခြေအနေဆိုးရွားပြီး အိပ်ရာထဲ လဲနေခဲ့ပေမယ့် ဗိုလ်ချုပ်က " တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ့်အကြောင်း " ကို သီချင်းစပ်ပေးပါဆိုလို့ မဆိုင်းမတွထပြီး အနီးကပ်ပြုစုနေတဲ့ တပည့်ဖြစ်သူ စိန်မြမောင်ကို သီချင်းချပေးကာ ဗိုလ်ထွန်းလှက တယောနဲ့ သီချင်းတက်ယူခဲ့ရတဲ့ " တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ်မမေ့အပ်ပေသည်၊ ကြိုးကြိုးစားစား တို့အမျိုးသား စစ်သည်၊ ဇွဲသတ္တိညီ၊ ထူးထူးခြားခြား အင်အားစွမ်းပြသည် ရဲဘော်ဇာနည်၊ တိုင်းပြည် နိုင်ငံကျက်သရေဆောင်ကြပြီ၊ တကယ်မွန်မြတ်တဲ့တပ်မတော် ရှေ့ကိုချီ " သီချင်းကို ရေးစပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဂီတစာဆို ရွှေတိုင်ညွန့် )
( သူ အဆုတ်ရောဂါနဲ့ သေဆုံးသွားတဲ့အခါ ဗိုလ်ချုပ်က အဲဒီဈာပနကို ကိုယ်တိုင်တက်ရောက်ပြီး အသုဘခေါင်းထက်မှာ တော်လှန်ရေးအလံကို ဖုံးအုပ်ဂုဏ်ပြုပေးခဲ့တယ်။ )

(၁၇) စစ်ကြိုခေတ်က အဆိုတော် မကြည်အောင်သီဆိုခဲ့တဲ့ ရာသီတော်ဦး သီချင်းအလိုက်ကို ဂီတသံစဉ်ယူပြီး ဗိုလ်ချုပ်တို့ဇနီးမောင်နှံအတွက် တေးသီချင်းတစ်ပုဒ်ကို အထူးတလည်ရေးဖွဲ့ထားပေးခဲ့တဲ့၊ ဒီကနေ့ခေတ်မှာ ' ဆရာမ ' သီချင်းလို့သိနေကြတဲ့ သီချင်းကို ရေးဖွဲ့ခဲ့တဲ့ ကဗျာသမား၊ စာသမား လူငယ်ရဲဘော်ကလေးဟာ ဘာတိုင်းရင်းသားလဲဗျ။ ( ကရင်တိုင်းရင်းသား )

(၁၈) ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာ မြစ်ဝကျွန်းပေါ်ဒေသ မြောင်းမြဇာတိ၊ ကရင်သွေးပါသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်တဲ့ ဦးဘိုးညှင်းဟာ ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်ပါသလဲ။ ( ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူပါ။ )

(၁၉) ကိုအောင်ဆန်းဟာ ဖြစ်ကတက်ဆန်းနေထိုင်တတ်တယ်။ အဝတ်အစားဆိုပြီးလည်း မယ်မယ်ရရ မရှိ။ တခြားမိတ်ဆွေတွေရဲ့ ပုဆိုးကိုလည်း ယူဝတ်တတ်တယ်။ သူအများဆုံးယူဝတ်တတ်တဲ့ပုဆိုးတွေဟာ ဘယ်သခင်ရဲ့ ပုဆိုးတွေပါလဲ။ ( သခင် သန်းထွန်း )
( အဲဒီသခင်က ဗိုလ်ချုပ်လုပ်ရပ်ကို မနှစ်မြို့ပေမယ့် ဖွင့်ဟ ဟန့်တားတာတော့ မလုပ်ခဲ့ဘူး။ ) 

(၂၀) ဗိုလ်ချုပ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့အမည်က ဘာလဲ။ ( Boycotter )
( ၁၉၃၇ ခုနှစ်က ရန်ကုန်မြို့ အော်လံပီယာရုပ်ရှင်ရုံမှာ ပြသခဲ့တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ဟာ ထင်ရှားကျော်ကြားမှု မရှိသေးဘူး။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးမျှသာ ဖြစ်သေးတယ်။ ) 

(၂၁) ဗိုလ်ချုပ်အောင်ဆန်းကို အထူးကြည်ညိုလေးစားတဲ့ ကျေးလက်တောရွာတစ်ခုနေ လူငယ်လေးတစ်ဦးက ဗိုလ်ချုပ်ကို တွေ့ဖူးချင်လွန်းလို့ ရန်ကုန်မြို့ဆီ တက်လာခဲ့ပုံအကြောင်းကို အကြမ်းအရမ်းနဲ့ ဟာသစွက်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကို ၁၉၄၇ ခုနှစ်က ရုံတင်ပြသခဲ့ဖူးတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားနာမည်က ဘာပါလဲ။ ( ဗိုလ်ချုပ် )
( ဒါရိုက်တာက ဦးအောင်ဇံ၊ မင်းသားက ညွန့်ရွှေ။ )

(၂၂) ' တောင်တန်းဗိုလ် ' ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ခွင့်ပန်ပြီး ပင်လုံစာချုပ် ချုပ်ဆိုနေပုံကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကာ ရုပ်ရှင်ဇာတ်လမ်းထဲမှာ ဆီလျော်အောင် ထည့်သွင်းအသုံးပြုခဲ့တဲ့ ဒါရိုက်တာဟာ ဘယ်သူလဲ။ ( ဒါရိုက်တာ ဆရာခန့် )
( ရုပ်ရှင်ကို ရုံတင်ပြသတဲ့အချိန်မှာတော့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့ကြပြီ ဖြစ်ပါတယ်။ )

(၂၃) တော်လှန်ရေးထဲ ဝင်ရောက်လိုတာကြောင့် ဦးဝိစာရလမ်းရှိ စစ်ရုံးကိုလာပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တွေ့ဆုံစဉ် " ကျွန်တော်တို့ ရန်ကုန်မှာ စစ်သားတစ်ထောင် ထားခဲ့တယ်။ ခင်ဗျားတစ်ယောက်ကတော့ ပြဇာတ်ပေါ်က ဝါဒဖြန့်ပေးတာ ပိုပြီး ခရီးရောက်တယ် " လို့ ဗိုလ်ချုပ်က ပြောကြားခဲ့တဲ့ ရုပ်ရှင်မင်းသားဟာ ဘယ်သူလဲ။ ( ကျော်ဝင်း )
( သူဟာ မြန်မာ့ရုပ်ရှင်လောကမှာ ပထမဆုံး အကယ်ဒမီရရှိခဲ့တဲ့ ရုပ်ရှင်မင်းသားလည်း ဖြစ်ပါတယ်။ )

(၂၄) အငြိမ့်စီစဉ်သူတွေက မင်းသမီး . . . . . . . . အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ကို ဆွဲရဲရင် ဆုတော်ငွေ ၅၀ ကျပ် ဆုချမယ်လို့ ကြိုတင်ပြောပြထားကြတာကြောင့် အငြိမ့်ပွဲစတာနဲ့ ဗိုလ်ချုပ်လက်ကို ဆွဲကိုင်ပြဖို့အရေး ဗိုလ်ချုပ်နား ရစ်သီရစ်သီလုပ်နေပြီး အရှိန်အဝါကြီးမားလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ကို မဆွဲရဲဖြစ်နေတော့တာမို့ ဆွဲဖို့သွားလိုက်၊ နောက်ပြန်ဆုတ်လိုက်နဲ့ ဗျာများနေတဲ့ မင်းသမီး . . . . . . . . . . ကို ရိပ်မိဟန်ရှိတဲ့ ဗိုလ်ချုပ်က 
" မင်းသမီး၊ ကျုပ်ကို ဆွဲလားရမ်းလားလုပ်ဖို့တော့ မကြိုးစားနဲ့၊ ကျုပ်မှာ ကာမပိုင်ရှိတယ်။ မခင်ကြည်ကြားရင် စိတ်ဆိုးသွားလိမ့်မယ်။ မင်းသမီး ဆွဲလားရမ်းလားလုပ်ချင်ရင်တော့ ဟောဟိုကဟာကြီးကိုသာ ဆွဲပေတော့ " လို့ ဘကြီးဘဘေကို လက်ညှိုးထိုးပြထည့်လိုက်လို့ တဝါးဝါး ပွဲကျသွားခဲ့ရဖူးတယ်။ အဲဒီမင်းသမီးဟာ ဘယ်သူလဲ။ ( မင်းသမီး ညိုညိုစိန် )

___________________________________________________

သေသေချာချာ ကိုယ်တိုင်လေ့လာမှုမလုပ်ဘဲ သူများက ဗိုလ်ချုပ်လို့ ပါးစပ်ဖျားကလေးကနေ ဗိုလ်ချုပ်နေတာထက် ပိုမိုလေးနက်မြတ်နိုးစွာ ဗိုလ်ချုပ်လာနိုင်အောင် ဒီစာအုပ်ကို ဒုတိယအကြိမ်မြောက် အသေးစိတ်လိုက်ဖတ်ပြီး မေးခွန်းတွေ ထုတ်ဖြစ်ခဲ့တာပါ။ ( လွန်ခဲ့တဲ့တစ်နှစ်ကတော့ မေးခွန်းတွေချည်းသာ တင်ခဲ့ဖူးတာပါ။ အခုတော့ အဖြေတွေပါ ဖော်ပြလိုက်ပါတယ်။ ) အခုဖော်ပြထားတဲ့အချက်အလက်၊ ဖြစ်စဉ်တွေလိုမျိုးကို စာအုပ်ထဲမှာ များစွာ တွေ့ရပါလိမ့်ဦးမယ်။

စာပေကဏ္႑၊ ပန်းချီကဏ္႑၊ ဂီတကဏ္႑၊ ရုပ်ရှင်ကဏ္႑၊ ပြဇာတ်ကဏ္႑နဲ့ သဘင်ကဏ္႑ဆိုပြီး အခန်း ခြောက်ခန်းခွဲကာ ရေးသားပြုစုထားတဲ့စာအုပ်ပါ။ ကဏ္႑တစ်ခုချင်းစီအလိုက် ဗိုလ်ချုပ်နဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုရပါလိမ့်မယ်။

ဒီစာအုပ်ဟာ ပြတင်းပေါက်တစ်ခုပါ။ ဒါတင်မကသေး၊ ဒီပြတင်းပေါက်ကို ဖွင့်မိလိုက်ရင် နောက်ထပ် ဆက်တိုက် လိုက်လံဖွင့်မိတော့မယ် ပြတင်းပေါက်များစွာကို ထပ်တွေ့ရပါလိမ့်မယ်။ ဒီအချက်က ဒီစာအုပ်ရဲ့အားသာချက်ပါ။ ( ဝါရင့်စာဖတ်သမားကြီးတွေအတွက်တော့ မရည်ရွယ်ပါ။ )

#လူသာမန်
29.7.2015
ပြင်ဆင်တည်းဖြတ်နေ့စွဲ - 10.7.2016; 8:36 pm


Publisher Name: Unity

Publisher Address: အမှတ် ၃၆၊ အပေါ်ဆုံးထပ်၊ဟင်္သာတလမ်း၊စမ်းချောင်း၊ရန်ကုန်မြို့။ ဖုန်း - 095130977

Publisher Phone Number: 095130977


Related Books

Book Review Image

ပေါက်ပေါက်မြောက်မြောက်

မောင်ကိုကို အမရပူရ
Book Review Image

ဘဝမာတိကာ၊နိုင်ငံရေးမာတိကာနှင့် မဟာဗျူဟာမာတိကာများ

ကျော်ဝင်း
Book Review Image

ဗောဓိသတ္တုပ္ပတ္တိကထာ

အာကာမိုးသူ
Book Review Image

စာပေလူကြမ်းမင်းသား_အောင်သင်းနှင့်_တွေ့ဆုံပေးခြင်း

ဝင်းငြိမ်း
Book Review Image

နယူး​ယောက်​ကဦးသန်​့

စိန်၀င်းစိန်
Book Review Image

အနှစ်​ချုပ်​ရုပ်​ပုံလွှာ ( အထင်​ကရပုဂ္ဂိုလ်​တို့၏ ဘဝဖြတ်​ပိုင်​းများ )

စိန်၀င်းစိန်
Book Review Image

ဗိုလ်ချုပ်အောင်ဆန်း

တက္ကသိုလ်နေဝင်း
Book Review Image

ပညာရှင်​များ၏ ၂၁ ရာစု အတွေးသစ်​ အမြင်​သစ်​

​ကျော်​ရင်​မြင့်
Book Review Image

ကမ္ဘာကျော်တို့၏ရုပ်ပုံလွှာများ

တင်မောင်မြင့်