ဆရာ ဦးဝင်းငြိမ်းနဲ့ ဆရာကြီး ဦးအောင်သင်းတို့ရဲ့ ဒီစာအုပ်ပါ အမေး - အဖြေတွေဟာ ၂၀၁၈ မှာ နှစ် ၄၀ ပြည့်ခဲ့ပါပြီ။
လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်တုန်းက အောင်သင်းဆိုတဲ့ ကျောင်းဆရာ၊ ဝေဖန်ရေးဆရာဟာ ကာရန်မဲ့ပြဿနာ၊ ပုံသဏ္႑ာန်ပြဿနာ၊ စကားပြောသလိုရေးခြင်းပြဿနာ၊ အနုပညာမှာ ပြည်သူ့ဘက်က ရပ်တည်ခြင်းသာ ပဓာနဆိုတဲ့ ပြဿနာ စသဖြင့် ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရတယ်။
အစဉ်အလာသမား၊ ခေတ်ဟောင်းသမား၊ နိုင်ငံရေးခံယူချက်ကင်းမဲ့သူ၊ ပြည်သူကို မျက်ကွယ်ပြုသူ၊ ပုံသဏ္႑ာန်ကိုသာ ပဓာနထားသူ စသဖြင့် တံဆိပ်ကပ်ခံရ၊ တိုက်ခိုက်ခံရတာတွေလည်း သူ ကြုံခဲ့ရတယ်။ ကာတွန်းဆရာတစ်စုနဲ့ဆို တရားတဘောင်ဖြစ်လောက်တဲ့အခြေအနေအထိ ရောက်ခဲ့တယ်။
သူ့ဝေဖန်ချက်တွေကလည်း ပြင်းထန်တော့ စာပေလောကထဲမှာ သူ့ကို မလိုသူတွေက ' လူကြမ်း ' တစ်ယောက်လို မြင်ကြတယ်။ သူ့စာတွေကြောင့် အကျိုးရှိသွားသူတွေကတော့ သူ့ကို ' မင်းသား ' လို့ မြင်ကြတယ်။ ဒီလိုဆရာတစ်ယောက်ကို ပေဖူးလွှာရဲ့တွေ့ဆုံပေးခြင်းကဏ္႑မှာ မေးမြန်းဖော်ပြဖို့ ဖြစ်လာတော့ ဦးဝင်းငြိမ်းက ' စာပေလူကြမ်းမင်းသားနှင့် တွေ့ဆုံပေးခြင်း ' လို့ ခေါင်းစဉ်တပ်လိုက်တယ်။ အဖြေတွေ ရှည်လျားလို့ ပေဖူးလွှာမှာ ငါးလဆက်တိုက် ဖော်ပြခဲ့ရတယ်။ ဆရာကြီး ဦးအောင်သင်းလည်း ' စာပေလူကြမ်းမင်းသား ' ဆိုတဲ့အမည် တွင်သွားခဲ့တယ်။
သူ ဝေဖန်ရေးဆရာဖြစ်လာတာကလည်း သိပ်တော့ မဆန်းကြယ်။ တက္ကသိုလ်မှာ စာသင်တော့ ခေတ်သစ်မြန်မာစာနဲ့ပတ်သက်တဲ့ ဝေဖန်ရေး၊ ဝတၳုဝေဖန်ရေး၊ ကဗျာဝေဖန်ရေး စသဖြင့် ဝေဖန်ရေးတွေကို သူ သင်တာ။ စာရေးဖြစ်တော့လည်း အဲဒါတွေကိုပဲ သူ ရေးဖြစ်ခဲ့တာ။ သူ့ကို တံဆိပ်ကပ်ကြတာတွေကို ချေပချင်လို့ အပြင်ထွက်ပြီး စာရေးရာက စာရေးဆရာဖြစ်လာသူမို့ သူ့ကိုယ်သူ ' ကျောင်းဆရာကနေ မတော်တဆ စာရေးဆရာဖြစ်လာခဲ့သူ ' လို့ ဆိုတယ်။
ဒီတွေ့ဆုံမေးမြန်းမှုစာအုပ်ထဲမှာတော့ သူ စာရေးဆရာဖြစ်လာပုံ၊ အဟောအပြောကောင်းရခြင်းအကြောင်း၊ ဘဝသရုပ်ဖော်စာပေအကြောင်း၊ သဘင်မဂ္ဂဇင်းမှာ လစဉ် ရေးခဲ့တဲ့ ' ကျွန်တော်အကြိုက်ဆုံးဝတၳုတို ' ကဏ္႑ကို နှစ်နှစ်ကြာ ရေးဖြစ်ခဲ့ရခြင်းအကြောင်း (အဲဒီဝတၳုတိုတစ်ပုဒ်စီနဲ့ သူ့ဝေဖန်ချက်တစ်ခုစီကို တွဲပြီး စာတစ်အုပ် သီးသန့်ထုတ်ဝေပြီးသားရှိ။ ဝတၳုတိုလေ့လာလိုသူ လူငယ်တွေ ဖတ်ရှုသင့်)၊ ရသစာပေအကြောင်း၊ ကာရန်မဲ့ကဗျာနဲ့ပတ်သက်တဲ့ သူ့အမြင် စသဖြင့် စုံစုံလင်လင် ဖတ်ကြရပါလိမ့်မယ်။
မေးမြန်းမှုတွေအဆုံးမှာ နောက်ဆက်တွဲအဖြစ် ထည့်ထားတဲ့အဖြေတွေကိုလည်း ဖတ်ရှုရပါသေးတယ်။ မြန်မာနိုင်ငံရဲ့ အနယ်နယ် အရပ်ရပ်ဆီ ဟောပြောဖို့ သွားတဲ့အခါ သူ့ကို မေးကြမြန်းကြတဲ့မေးခွန်းတွေထဲ သူ့စာဖတ်ပရိသတ်တွေပါ သိသင့်တဲ့မေးခွန်းနဲ့ အဖြေတွေကို ထည့်ထားတဲ့ နောက်ဆက်တွဲပါ။
တခြားအကြောင်းအရာတွေကို ဖယ်လို့ ကဗျာဘက်ကိုပဲ ကြည့်မယ်ဆိုရင် ကာရန်မဲ့ကဗျာဆိုတာနဲ့ပတ်သက်လို့ ဆရာ့အမြင်၊ ဆရာ့ဟောကိန်းတွေ တကယ်ဖြစ်လာသလား၊ နှစ် ၄၀ ကြာပြီးနောက် မြန်မာကဗျာတွေ ဘယ်အခြေအနေ ဆိုက်ရောက်နေပြီလဲဆိုတာတွေကို ဒီစာအုပ်ထဲ လေ့လာစေလိုတယ်။ (ဒါမျိုးကို ဆရာ လူထုစိန်ဝင်းရဲ့စာတစ်အုပ် ညွှန်းတဲ့အခါ ကျွန်တော် ထပ်ပြောပါဦးမယ်။ ' အသစ် ' ကို အသက်အရ မဖမ်းနိုင်/ရဲတဲ့အခါ ဟောကိန်းတွေ ဘယ်လိုဖြစ်သလဲဆိုတာ သင်ခန်းစာယူစရာပါ။)
ကျန်တာတွေတော့ ဘာမှမပြောလိုပါ။ ဆရာကြီးနဲ့ ကာလတစ်ခုကြာ ဆုံခဲ့၊ ချစ်ခဲ့ရသူမို့ (သူချစ်တာပါ ခံခဲ့ရသူမို့) အထက်ပါစကားဟာ စော်ကားလိုစိတ် လုံးဝ မရှိကြောင်း နားလည်စေလိုပါတယ်။
ဒီစာအုပ်ကို ဖုန်ခါပြီး ပြန်ဖတ်ကာ ညွှန်းရခြင်းက ' စာပေမင်းသားကြီး ဦးအောင်သင်းနှင့် စကားပြောခြင်း ' ဆိုတဲ့ ဦးမြတ်ခိုင်ရဲ့စာအုပ် ထွက်ရှိလာတာ တွေ့ရလို့ပါ။ မနက်ဖြန် ညွှန်းပါဦးမယ်။ (ယခုစာအုပ်ကို ရှာဖွေဝယ်ယူဖို့က မလွယ်တော့ပါ။ သို့သော် comment ပါ ဆရာ ဝင်းငြိမ်းရဲ့တွေ့ဆုံမေးမြန်းမှုစာအုပ် နှစ်အုပ်ကို ဝယ်ယူလိုက်ရင် ဆရာကြီး ဦးအောင်သင်း အပါအဝင် တခြားသော စာရေးဆရာများစွာနဲ့ပါ တွေ့ဆုံရပါလိမ့်မယ်။)
#လူသာမန်
6.6.2018; 11:25 pm