Book Image

ဝေဖန်ရေးနဲ့_ကျွန်တော် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး

#ဝေဖန်ရေးနဲ့_ကျွန်တော် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
၂၀၁၈၊ ဇန်နဝါရီ၊ ပထမအကြိမ်
အုပ်ရေ - ၅၀၀
၂၅၀၀ ကျပ်
စိတ်ကူးချိုချိုစာပေ
01 546845, 01 548208


" ငါတို့တိုင်းပြည်မှာ စာပေဝေဖန်ရေးသမား ဟုတ်တိပတ်တိ မရှိသေးဘူး၊ အဲဒါ မင်းတို့ထဲက တစ်ယောက်ယောက် ကြိုးစားဖို့ ကောင်းတယ် " 


လို့ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ လူထုဒေါ်အမာ ပြောသတဲ့။ အဲဒါမှာပဲ ဒီတာဝန်ကို ထမ်းဆောင်သင့်သူက မောင်စွမ်းရည်လို့ မောင်သာနိုးက အကြံပြုတဲ့အတွက် အဲဒီအချိန်က စလို့ မောင်စွမ်းရည်ဟာ လူထုသတင်းစာထဲမှာ စာပေဝေဖန်ရေးဆောင်းပါးတွေ ဇောက်ချရေးပါလေရောတဲ့။

' ဝေဖန်ရေးနဲ့ ကျွန်တော် ' ဆိုတဲ့ဆောင်းပါးထဲမှာ ဆရာ မောင်သာနိုး ရေးသားထားတာကို ဖော်ပြတာပါ။ သူကိုယ်တိုင် ဝေဖန်ရေးစခဲ့တာကတော့ ၁၉၇၃ ခုနှစ်မှာ ဆရာ မြသန်းတင့်ရဲ့ ' ဓားတောင် ' ကို ဝေဖန်ခဲ့ရာက စတယ်လို့ ဆိုပါတယ်။ သူ့ဝေဖန်ချက် အနည်းငယ်ကို မြည်းကြည့်ပါဦး။

" ဓားတောင်ဝတ္ထုထဲမှာက သံချောင်းဟာ အလုပ်သမားလူတန်းစားကို ကိုယ်စားပြုတယ်ဆိုရင် ဦးဘရန်က အမျိုးသားအရင်းရှင်ကို ကိုယ်စားပြုတယ်။ သူတို့ မဟာမိတ်ဖွဲ့ရမယ်။ လူလတ်တန်းစား ကိုနန္ဒာနဲ့လည်း မဟာမိတ်ဖွဲ့ရမှာပဲ။ အဲသလို မဟာမိတ်ဖွဲ့ပြီး တော်လှန်ရေးကို ဆင်နွွဲရမှာ ဖြစ်တယ်။ ခုတော့ သံချောင်းတို့က ဦးဘရန်ကို ရန်သူကြီးလို သဘောထားပြီး တိုက်ခိုက်ကြတာဟာ နိုင်ငံရေးအရ မှားတယ်။ အရင်းရှင်မှန်သမျှ တိုက်ဆိုတဲ့ ကလေးကလား ဆိုရှယ်လစ်အယူအဆ ဖြစ်နေတယ်။ "

' တတ်ယောင်ကားများနဲ့ ကျွန်တော် ' ဆောင်းပါးထဲမှာကျ စာပေဒေါက်တာရမ်းတုတ်တွေကို ဝေဖန်ထားတာ တွေ့ရတယ်။ ရန်ကုန်ဘဆွေ ရေးခဲ့တဲ့ ' မြန်မာသဒ္ဒါ ဘယ်လဲ ' ဆောင်းပါးထဲက အလွဲတွေကို ထောက်ပြထားတာ စိတ်ဝင်စားစရာကောင်းလှတယ်။ တခြားဆောင်းပါးတွေထဲမှာလည်း စာပေတတ်ယောင်ကားတွေ၊ စာပေငဖြီးတွေ၊ ပညာရပ်တစ်ခုကို ခြေခြေမြစ်မြစ် မလေ့လာဘဲ ဆရာလုပ်ချင်သူတွေနဲ့ အတွေးခေါင်လွန်းသူတွေကို ဆော်ထားနှက်ထားတာတွေ ဖတ်ရတယ်။ စာစုံအောင် မဖတ်ဘဲ အာကျယ်ချင်သူတွေကို နှက်ထားတာမျိုးပေါ့။

ဒီစာအုပ်ထဲက ဆောင်းပါးအများစုကို ၂၀၀၄/၀၅ ကာလတွေကတည်းက ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းထဲမှာ ကျွန်တော် ဖတ်ရွုခဲ့ဖူးပြီးသားပါ။ (ဒီစာအုပ်ထဲမှာတော့ ဖော်ပြခဲ့တဲ့မဂ္ဂဇင်းနာမည်တွေ မထည့်ထားဘူး။) တချို့ဆောင်းပါးဟောင်းတွေ ပြန်ဖတ်ရလို့ ဝမ်းသာရပေမယ့် ' ပရိသတ်ဆီက စာတစ်စောင် ' ဆောင်းပါးလို မှတ်သားစရာမပါတဲ့ ကလေးကလား ဆောင်းပါး ဖတ်ရတာတော့ စိတ်ပျက်မိတယ်။ facebook မှာ တချို့သော ပွဲဆာပွဲငတ် စာဖတ်သမားတွေက စာရေးဆရာတွေကို ပွဲသွင်းဖို့ ကြိုးစားနေကြသလိုမျိုး အရေးအသားလို့သာ ကျွန်တော် ယူဆမိတယ်။

ဒီစာအုပ်ထဲမှာ - 

ထုတ်ဝေသူတွေ လူပါးဝလို့ စာရေးသူတွေ ခံရပုံ ရေးထားတဲ့ဆောင်းပါး၊ သမိုင်းဝတ္ထုဖတ်ပြီးရင် ပါသမျှ အကုန်မယုံဖို့ ထောက်ပြထားတဲ့ဆောင်းပါး၊ စာပေမှာ အသစ်ထွင်ချင်သူတွေဟာ အဟောင်းကိုလည်း ကောင်းကောင်းသိဖို့လိုတဲ့အကြောင်း ရေးထားတဲ့ ဆောင်းပါး သုံးပုဒ် စသဖြင့် အမှန်အကန် မှတ်သားဖွယ်ဆောင်းပါးတွေကို စာဖတ်သူတို့ ဖတ်ရွုရပါလိမ့်မယ်။ ဆောင်းပါး စုစုပေါင်းက ၂ရ ပုဒ်ဗျ။

ဒီစာအုပ်ကို စိတ်ကူးချိုချိုက ထုတ်ဝေပေးတာ အင်မတန် ကျေးဇူးတင်မိတယ်။ ဟိုစာအုပ်တိုက်ကသာ ထွက်ရင် ၂၅၀၀ ကျပ်မဟုတ်ဘဲ ၆၀၀၀ ကျပ်လောက် ဖြစ်နေမှာ။

#လူသာမန်
3.6.2018; 9:09 pm


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ကျွန်တော့် ဆရာများ၊ ကျွန်တော့်ရေးဖော်များနှင့် သူတို့စာအုပ်များ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

မြန်မာ့ရိုးရာ ကျေးလက် မြန်မာမှု ဓလေ့များ အတွဲ (၁+၂)

. ဆင်ဖြူကျွန်းအောင်သိန်း
Book Review Image

ဟော့ဂ်ဝပ်မှော်ကျောင်းတော်၏ စာကြည့်တိုက်မှတ်တမ်း

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

လိုင်​း​နောင်​နာဂပုံပြင်​များ

လူထုဦးလှ
Book Review Image

ပွဲဦးထွက်စာပေဆောင်းပါးများ

အောင်သင်း
Book Review Image

ဆယ့်နှစ်လရာသီ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

ကျောင်းဆရာ မှတ်တမ်း

တင်ညွှန့်
Book Review Image

နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ၊

ဝင်းငြိမ်း
Book Review Image

ဘာသာစကားစစ်တမ်း

​မောင်​ထင်​
Book Review Image

စည်းနဲ့ကမ်းနဲ့မြန်မာစာ

ဒေါက်တာထွန်းတင့်
Book Review Image

စာစီစာကုံး ရေးရအောင် (သို့) စာစီစာကုံးစာအုပ်ထက် ပိုသော စာအုပ်တစ်အုပ်

မြန်မာစာပြဆရာမတစ်ဦး