ရုပ်ပုံလွှာ ... (ဒဂုန်တာရာ)
ဇော်ဂျီ၏ အမှာ
စာရေးသူ၏ အမှာ
သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ
အောင်ဆန်း (သို့မဟုတ်) အရိုင်း
ကိုဘဟိန်း (သို့မဟုတ်) ကဗျာ
သခင်နု - မုန်တိုင်းထဲက သစ်ရွက်တရွက်
သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်
ကိုဗဆွေ - လျှို့ဝှက်သော အပြုံး
ဂျာနယ်ကျော် မမလေး စာပေဖြန့်ချိရေး
၁၃၆၊ ဘီဂင်ဒက်လမ်း၊ ရန်ကုန်မြို့
ထုတ်ဝေသည့် ခုနှစ် (၁၉၅၅)
နိဒါန်း
ဇော်ဂျီ အမှာရေးသည်
စာဖတ်ပရိသတ်အချို့သည် ဤစာအုပ်၌ပါရှိသော ရုပ်ပုံလွှာဆောင်းပါးများကို (ဝါ) စာတန်းများကို အချို့ ချို့သော ဂျာနယ်မဂ္ဂဇင်းတို့၌ ၁၉၄၆ ခုနှစ်မှစ၍ ထုံ့ပိုင်းထုံ့ပိုင်း ဖတ်ရှုခဲ့ပြီးဖြစ်မည်ဟု ထင်ပါသည်။
ဒဂုန်တာရာသည် ဤစာအုပ်ကို ‘ရုပ်ပုံလွှာ’ ဟု အမည်မှည့်ထားရာ၊ ထိုသို့ပင် အမည်မှည့်ထိုက်သည်ဟု ယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆောင်းပါးများတွင် ဒဂုန်တာရာသည် မိမိ တက္ကသိုလ်ကျောင်းသားဘဝက သိကျွမ်းခင်မင်ခဲ့သော ပုဂ္ဂိုလ်များအကြောင်းကို ထိုပုဂ္ဂိုလ်တို့၏ ကိုယ်၊ နှုတ်၊ နှလုံး အမူအယာများမှ၄င်း၊ တစိတ်တစောင်း အကွက်အကောင်းယူ၍ ရေးစီရင်ထားသောကြောင့် ဖြစ်ပေသည်။
ထိုပုဂ္ဂိုလ်တို့အပေါ်၌ထားရှိခဲ့သော ဒဂုန်တာရာ၏ အချို့အချို့သော အယူအဆ အကြားအမြင်တို့နှင့် စပ်လျဉ်း၍ စာဖတ်ပရိသတ်သည် ဒဂုန်တာရာနှင့် သဘောချင်းတိုက်ဆိုင်ခြင်း ရှိချင်မှရှိပေလိမ့်မည်။ သို့ရာတွင် ဒဂုန်တာရာ၏ စေတနာနှင့် ကလောင်သွေးဆောင်မှုတို့ကိုကား လေးစားကြရမည်သာ ဖြစ်လေသည်။ စင်စစ်မှာ ဒဂုန်တာရာ၏ ဆောင်းပါးများကြောင့် မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုးလာပြီဟုပင် ဆိုနိုင်လေသည်။
စာဆိုဉာဏ်ရှိသူတို့သည် လူ့သဘာဝ၌၎င်း၊ လောကအဖြစ်အပျက်၌၎င်း၊ ဝမ်းမြောက်ဖွယ် အကွက်၊ ကျေကွဲဖွယ် အကွက် စသော အကွက်များကို မြင်တတ်ကြသူများလည်းဖြစ်၍ နှစ်သက်ဖွယ်ဖြစ်အောင် တင်ပြတတ်သူများလည်း ဖြစ်ပေသည်။ ထိုသို့ မြင်တတ်၍ ထိုသို့ တင်ပြတတ်သောသူများ၏ စာပေမျိုးသည် ပြည်သူ လူထု၏ ဉာဏ်ပညာတိုးတက်ရေးတွင် ရှေ့ဆောင်ရှေ့ရွက်သဖွယ်ဖြစ်လေသည်။ ထိုစာပေမျိုးသည် ပတ်ဝန်းကျင်ကို သတိမမူနေတတ်သူတို့အား သတိမူချင်လာအောင် ပြုပေးတတ်လေသည်။ နားမျက်စိကို ဖွင့်ပေးတတ်လေသည်။ စေတနာကို နှိုးဆော်ပေးတတ်လေသည်။
အကြင်နိုင်ငံတခုတွင် ပတ်ဝန်းကျင်ကို သတိမမူခြင်း၊ နား၊ မျက်စိ မသုံးခြင်း၊ စေတနာ ထုံထိုင်းခြင်းတို့ ရှိ၏၊။ ထိုနိုင်ငံတွင် တိုးတက်ခြင်းမရှိဖြစ်တတ်သည်။ ရှိစေကာမူ နှေးကွေးတတ်သည်။ ဤသို့ပင်ထင်မိလေသည်။ ဤစာအုပ်တွင် စာခံပုဂ္ဂိုလ်တို့သည် နိုင်ငံကသိသောပုဂ္ဂိုလ်များလည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့၏ အတိတ်ကို ဆောင်ပြထားပုံမှာလည်း နှစ်သက်ဖွယ်ရာဖြစ်လေရာ ဤစာအုပ်သည် စာရေးဆရာလောက၌၎င်း၊ စာဖတ်ပရိသတ်လောက၌၎င်း၊ ပတ်ဝန်းကျင် သတိမမူခြင်း၊ နားမျက်စိ မသုံးခြင်း၊ စေတနာ ထုံထိုင်းခြင်းတို့ကို ဖယ်ရှား၍ ဉာဏ်ပညာကို ပွင့်လန်းအောင်ပြုရာတွင် အားကောင်းတခုဖြစ်မည်ဟု ယူဆပါသတည်း။
ဇော်ဂျီ
၂၂၊ ၅၊ ၅၅
———————————————————————————————————
စာရေးသူ၏ အမှာ
စာရေးသူသည် ၁၉၄၆ က ‘လူကို လေ့လာခြင်း’ ဟု ခေါင်းစဉ်တပ်၍ ‘အောင်ဆန်း သို့မဟုတ် အရိုင်း’ ဟူသော စာတပုဒ် ရေးလိုက်၏။ ထိုအခါက ဖဆပလမှာ အင်အားကောင်းချိန်၊ ဗိုလ်ချုပ်အောင်ဆန်းမှာ တပြည်လုံးက တသက်သက် ကြည်ညိုခြင်းခံနေရသောအချိန်ဖြစ်ရာ၊ အချို့က ‘အရိုင်း’ ဟု ဆိုရပါမည်လောဟူ၍ မကျေနပ်ကြ။ ဗိုလ်ချုပ်အောင်ဆန်းကမူ “ဌေးမြိုင်ကတော့ ကိုယ့်ကို အရိုင်းလို့ ရေးတယ်။ ကိုယ်ဒီလောက် မရိုင်းသေးပါဘူးကွာ” ဟု ပြောသည်ဟု ကြားရ၏။ ဘဟိန်း သို့မဟုတ် ကဗျာ ‘လူကိုလေ့လာခြင်း’ ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “ဘဟိန်းကတော့ ဘဟိန်း သို့မဟုတ် Romance လို့ဆိုရင်ပိုမှန်မယ်” ဟု ပြုံးရယ်ကာ ပြောလေသည်။
စာရေးသူကား ဗိုလ်ချုပ်အောင်ဆန်းကို အရိုင်းဟူ၍ ပုတ်ခတ်မည်၊ ဘာမည်၊ ညာမည် စသည့် စေတနာထား၍ရေးခြင်း မဟုတ်။ သူ၏စိတ်၌ ရေးချင်စိတ်ပေါ်လာ၍ ရေးလိုက်ခြင်းသာဖြစ်သည်။ ကိုဘဟိန်း ကွယ်လွန်သောအခါ စိတ်၌ထိခိုက်၍ ရေးလိုက်မိသည်။ ကွန်မြူနစ်များ တောခိုစက သခင်သန်းထွန်းကို ရေးသည်။ ကိုဗဆွေနှင့် ပြည်သူ့စာပေတိုက်၌တွေ့ပြီး ပြန်လာသောအခါ လျှို့ဝှက်သောအပြုံးရှင် အကြောင်းရေးလေသည်။
စာရေးသူသည် စီကာစဉ်ကာ ဇာတ်အိမ်ဖွဲ့ဆင် ကြံစည်၍ရေးသည် မဟုတ်။ သူ၏စိတ်၌ သတိရပေါ်ပေါက်လာသည်ကို စာလုံးများဖြင့် ကုံးသီလိုက်သည်သာဖြစ်၏။ ကိုဗဆွေကိုရေးမည်ဟု စားပွဲ၌ထိုင်လိုက်သောအခါ အတိတ်မှ အခင်းအကွက်လေးများသည် မှတ်ဉာဏ်မှ ဖြတ်ခနဲ ဖြတ်ခနဲ ထွက်ကာ စာပေစိတ်ကူး တံခါးဝသို့ ဝင်လာကြလေ၏။ သူသည် ထိုဝင်လာသမျှကို ဆေးစက်တို့၍ ပုံကားကို ခြယ်သည်။
ထိုသို့ ခြယ်ရေးရာ၌ အဝေးကား၊ အနီးကား ဟူ၍ကား ရှိပေမည်။ နီး၍ မမြင်တာလည်း ရှိမည်။ ဝေး၍ပိုမြင်တာလည်း ရှိချင်ရှိမည်။ သူသည် သူ့စိတ်စေတနာ၌ လာ၍တိုးမိတိုက်မိသောအခါမှသာ ရေးလိုက်သည်ကား ဖြစ်သည်။ ထို့ကြောင့် ခေတ်အခါနှင့် စိတ်အခြေအနေ၏ အချင်းအရာများလည်း ပါမည်။
သူသည် အတ္ထုပ္ပတ္တိကို ရေးနေခြင်း မဟုတ်။ သူ သတိရသော အခင်း၊ သူ သိသော အကွက်၊ သူ မြင်တွေ့ရသော ပုံပန်းတို့ကို ဖွဲ့စည်း၍သာ ခြယ်ရေးခြင်းဖြစ်သည်။ အတိတ်ရာဇဝင်ကို သူ၏ တွေ့ကြုံရချက်များမှ ကောက်နှုတ်၍ နောက်ကား ခံထားသည်။
သူသည် သူ၏ ‘လူကိုလေ့လာခြင်း’ များကို ပေါင်းချုပ်၍ စာတအုပ် ထုတ်ဝေရကောင်းမှန်း မသိ။ ဇော်ဂျီက စာအုပ်တအုပ်အဖြစ် ပေါင်းချုပ်၍ ထုတ်ဝေအပ်သည်ဟု အကြံပေး၍သာ ယခုကဲ့သို့ ရုပ်ပုံလွှာစာအုပ် ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဇော်ဂျီအား ကျေးဇူးတင်သည်။
‘လူကိုလေ့လာခြင်း’ စာအချို့မှာ တာရာ၊ ရှုမဝ၊ ဂန္တဝင်ဂျာနယ်တို့၌ ပါပြီးသားများဖြစ်၍ အချို့မှာ အသစ်ရေးထားထားသော စာများ ဖြစ်သည်။ ပုံနှိပ်သောအခါ ပုံနှိပ်ပြီးသားစာများတွင် ရေးသည့်ရက်စွဲပါသည်။ ရက်စွဲကိုကြည့်၍ ခေတ်ကာလကို သိရာသည်။ သခင်ကိုယ်တော်မှိုင်းဆိုလျှင် စတာလင်ဆု မရမီက ရေးခြင်းဖြစ်သည်။ ထို့ကြောင့် စာဖတ်သူများသည် ရေးသောခေတ်ကို မမေ့ရန် မှာကြားလိုသည်။
သူ့၌ ရည်ရွယ်ချက် ရှိသေးသည်။ ယနေ့ခေတ်၌ အမျိုးသားညီညွတ်ရေးသည် ကွဲပြိုနေသည်။ အမျိုးသားညီညွတ်ရေး မရှိသဖြင့် ငြိမ်းချမ်းရေး မရှိ။ တခါက အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ၌ ညီညွတ်စုပေါင်းသော တပ်ပေါင်းစုအင်အားဖြင့် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တို့အား လက်တွဲ၍ တိုက်ခဲ့ကြသူများ ဖြစ်ကြသည်။ ဤကား ဖျက်၍မရသောရာဇဝင် ကမ္ပည်းကျောက်စာဖြစ်သည်။ ဤရာဇဝင်ကို သူသည် ပြန်၍ဖော်လိုသည်။
အကယ်၍ ဤစာအုပ်သည် အမျိုးသားညီညွတ်ရေးကို အားဖြည့်ပေးသော အမျှင်တမျှင်မျှ လူတို့၏စေတနာကို သစ်လန်းလာအောင် လှုံ့ဆော်ပေးမည်ဆိုပါက သူ၏ နိုင်ငံရေးရည်ရွယ်ချက်သည် တစိပ်တဒေသ ပြည့်မည်ဟု ကျေနပ်ရပေမည်။ ။
ဒဂုန်တာရာ
၁- ၆- ၅၅
ကိုပေါက် (ကမာပုလဲ) ဖေ့စ်ဘွတ်ခ်မှ ပြန်လည်ကူးယူ ဖော်ပြတာပါ။ သူကိုယ်တိုင်လည်း ဒီလိုလေး မှတ်ချက်ပြုထားလေရဲ့ …။
“ဒီစာအုပ်ကလေးဟာ အကြိုက်ဆုံးစာအုပ်တွေထဲ ပါခဲ့တယ်။ ၂၀၀၀ ခုနှစ်မှာ ကိုခင်လွန်း (အိပ်မက်ဖူး) နဲ့ လွတ်မြောက်နယ်မြေမှာဆုံတော့ ဒီစာအုပ်အကြောင်း ပြောဖြစ်ကြတယ်။ သူက သူနဲ့ပတ်သက်တဲ့ စာကြည့်တိုက်ကနေ နေ့ချင်း ကော်ပီကူးပေးတယ်။ ဘယ်သွားသွား အဲဒီစာအုပ်ကလေး ပါတယ်။ ၂၀၀၈ ခုနှစ်က ဝက်ဆိုဒ်တခုအတွက် ကိုယ်တိုင် ရိုက်တင်ပေးခဲ့တယ်။ ကျားကြီးအထိပဲ ရိုက်ဖြစ်ခဲ့ပါတယ်။ ခု ပြန်တွေ့လို့ တင်ဖြစ်တယ် ... စာအုပ်ကလေးကလည်း မကွဲမကွာ အတူရှိနေတယ်။ ဒီတော့ ဆက်ရိုက်ပြီး ဖေ့စ်ဘွခ်မှာ တင်ဖြစ်မယ် ထင်တာပဲ ...”