စာအုပ်အမည် _ ဓားစာခံ
စာရေးဆရာ _ ကျော်စွာ (ဆေး-၂)
မူရင်းစာအုပ် _Hostage
မူရင်းကာတွန်းဆရာ _Guy Delisle
ထုတ်သည့်တိုက် _ ငါတို့စာပေ
ထုတ်သည့်နှစ် _ ဇွန်လ ၊ ၂၀၁၈ (ပထမအကြိမ် )
မျက်နှာဖုံးဒီဇိုင်း _ ပိုင်နိုင်အောင်
စာမျက်နှာ _၄၃၃
တန်ဖိုး _ ၆၀၀၀
ဒီစာအုပ် နဲ့ ပက်သက်ပြီး ပြောမယ်ဆို ပြောစရာ နှစ်ခု ရှိပါတယ် ။ ငါတို့စာပေ က ထုတ်တဲ့ Guy Delisle ရဲ့ ရုပ်ပြ တွေကို ဘားမားခရိုနီကယ် (မြေမှုန်လွင် ဘာသာပြန်) ဖတ်မိပြီး ကြိုက်သွားတာက စ ပါတယ် ။ ဘော်ဒါကြီး တစ်ယောက်ရဲ့ စကား ငှါးသုံးရရင် ခေါင်းထဲမှာ ဘတ်သီးတွေ ပွင့်သွားသလိုပဲ ခံစားရတယ် ။ အရင်တုန်းက ကာတွန်း ရုပ်ပြ ဆိုတာ အပျော်ဖတ် လောက်ပဲ ထင်တာကိုး ။
အခုတော့ Guy Delisle ရဲ့ ရုပ်ပြတွေ ဆက်တိုက် ဖတ်ပြီး ဂျေရူဆလင် (အစ္စရေး).၊ ပြုံယန်း (မ/ကိုရီးယား) ၊ ရှန်းဇန့် (တရုပ်ပြည်) တွေကိုပါ အလည်ရောက်သွားတယ် ။ အဲဒါနဲ့ပဲ ငါတို့စာပေ ထုတ်သမျှ Guy Delisle ရုပ်ပြတွေ မလွတ်တမ်း ဝယ်ဖတ်မိတယ်.။ သဘောလဲ ကျမိတယ် ။.(မှတ်ချက်။. ။ ကြော်ငြာခ မရပါ ????????)
နောက်တစ်ချက်က ဆရာ ကျော်စွာ (ဆေး-၂) ဘာသာပြန် "ဓားစာခံ " စာအုပ် ၊ မူရင်း James Patrerson ရေးတဲ့ Hostage ကို မနှစ်က ၂၀၁၇ မေလ မှာ ဖတ်ခဲ့ရတယ် ။ အခု ဒီနှစ် ဇွန်လ ကျတော့ Guy Delisle ရဲ့ Hostage ကို "ဓားစာခံ " ဆိုပြီး ထပ်ဖတ်ရပြန်တယ် ။ စာရေးဆရာကို ဓားစာခံ နာမည် နဲ့ စီးရီးလိုက် စာအုပ်တွေ ထုတ်ပါလား ဆိုပြီး စ နောက် ပြောမိကြတယ် ။ နောက်ထပ် "ဓားစာခံ " နာမည်တွေ နဲ့ ကျော်စွာ(ဆေး-၂) စာအုပ်တွေ ထပ်ထွက်လာခဲ့ရင် မိမိ မြှောက်ပေးတာ မဟုတ်ရပါ ???????? ။
အရင်စာအုပ်တွေ တုန်းက သူ့ ကိုယ်တွေ့တွေ ပဲ ရေးဆွဲလေ့ ရှိတဲ့ Guy Delisle ဟာ ဒီစာအုပ် မှာတော့ ထူးထူးခြားခြား သူတစ်ပါး အကြောင်း ကို ခံစား ရေးဖွဲ့ ထားတာပါ ။
ချေချင်းညာ အနောက်ဘက်က အင်ဂုရှေးတီးယား လို့ ခေါ်တဲ့ ရုရှားသမ္မတနိုင်ငံငယ်လေး ရဲ့ နာဇရန်မြို့မှာ အခြေစိုက်ထားတဲ့ (MSF ) မှာ စီမံဘဏ္ဍာ နဲ့ အုပ်ချုပ်ရေးပိုင်း မှာ တာဝန်ယူထားတဲ့ ခရစ္စတော့ ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။
ခရစ္စတော့ အွန်ဒရေ ဟာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF ) မှာ အလုပ်လုပ်နေတုန်း ပြန်ပေးဆွဲ ခံခဲ့ရပါတယ် ။ ချေချင်း သူပုန်တွေက သူ့ကို ဒေါ်လာ တစ်သန်း နဲ့ ရွေးဖို့ တောင်းဆိုခြင်း ခံရပါတယ် ။
ဇာတ်လမ်း အစ က ..... ၁၉၉၇ ၊ ဇူလိုင်လ ၂ ရက်နေ့ မှာ ဝန်ထမ်းလစာ တွေ ထုတ်ပေးရမှာမို့ စောစော အိပ်ရာဝင်ပြီး အိပ်နေတာ ၊၊ မနက် မိုးမလင်းခင် အချိန်လေးမှာ သူ့ အိပ်ခန်းတံခါး ကို ဝုန်းခနဲ ဖွင့်ဝင်ပြီး "ငါတို့ ရဲတွေ ကွ" ဆိုပြီး အော်ဟစ် ဝင်လာတဲ့ လူတစ်စု ရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ကို ခံလိုက်ရပါတယ် ။
သူ့ကို ဖမ်းထားခါစ တုန်းက သိပ်မကြာခင် ပြန်လွတ်မှာပါ ဆိုတဲ့ အတွေးနဲ့ သူ့ရဲ့ ဒုက္ခတွေကို သည်းခံ နေတဲ့ ခရစ္စတော့ ဟာ တစ်လ နေလဲ မလွတ် နှစ်လ နေလဲ မလွတ်သေးတဲ့ အခါ စိတ်ဓာတ်တွေကျ ၊ မျှော်လင့်ချက်တွေ ပျက်စီးလုနီးပါး ဖြစ်ရတယ် ။ သူ့ ရဲ့ အချိန်တွေ အလဟာသ ကုန်ဆုံးနေတာ ကို မေ့နိုင်ဖို့ သူကြိုက်ခဲ့တဲ့ စစ်ပွဲတွေ အကြောင်း ၊ စစ်ဗိုလ်ချုပ် တွေ အကြောင်း ပြန်လည် စဉ်းစားရင်း သူ့စိတ်ကို အပန်းဖြေရတယ် ။ နေ့စွဲတွေ ကိုလဲ မလွတ်ရအောင် သူ အမြဲ မှတ်သားနေရတယ် ။
သူ့ရဲ့ လက်တစ်ဖက် ကို အပူပေးစက် နဲ့ တွဲပြီး လက်ထိပ်ခတ်ထားတယ် ။ အစားအသောက် လာပေးချိန် ကလွဲပြီး သူ့အခန်း မှာ တစ်ယောက်တည်းပဲ ။ ပြတင်းပေါက် က ဝင်လာတဲ့ နေရောင်ခြည် ရွေ့နေတာ ကြည့်ပြီး အချိန်တွေ ကုန်ဆုံးသွားတာကို ကာတွန်းဆရာ ဆွဲထားတာ ခံစားလို့ ရလိုက်တယ် ။ မီးသီး လင်းသွားတာ ၊ မှိတ်သွားတာ ၊ နံရံ ပေါ်မှာ နေရဲ့ အရိပ် ရွေ့လျားသွားတာတွေ နဲ့ ခရစ္စတော့ ရဲ့ အချိန်တွေ ကုန်ဆုံးသွားတာကို သိလိုက်ရတယ် ။
ဒီစာအုပ် ဖတ်နေစဉ် အတွင်းမှာ ခရစ္စတော့ နဲ့ အတူ လိုက်ပြီး အထီးကျန်ခြင်းတွေ ၊ မျှော်လင့်ချက်မဲ့ခြင်းတွေ ၊ စိတ်အားတက်ကြွ လာတာတွေ ၊ ပြန်လည် ကျဆင်းသွားတဲ့ စိတ်အခြေအနေ တွေကို လိုက်ခံစားရင်း အဆုံးသတ် အထိ ရောက်သွားတယ် ။
၁၉၉၇ ဇူလိုင်လ ၂ ရက်နေ့ ကနေ အောက်တိုဘာ ၂၀ ရက်နေ့ အထိ အဖမ်းခံ နေရတဲ့ ခရစ္စတော့ ပြန်လည် လွတ်မြောက်လာပုံ က စိတ်ဝင်စား စရာပါပဲ ။
kyaw kyaw lwin(5:00,pm,18.6.2018)
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543