Book Image

အကျဉ်းထောင်ပြည်ပြေးဘဝများနှင့်မြန်မာနိုင်ငံသစ်

ကျော်စွာမိုး

ကျော်စွာမိုး

အကျဉ်းထောင်ပြည်ပြေးဘဝများနှင့်မြန်မာနိုင်ငံသစ် (အမေ့သောကအပြုံးနှင့် ဒီမိုကရေစီခရီးကြမ်းပေါ်က ဘဝဇာတ်ကြောင်းများ)

The Cell,Exile and The New Burma

By Kyaw Swar Moe

ပထမအကြိမ်၊ ၂၀၂၀ စက်တင်ဘာ

စာ ၃၁၆၊ ပုံများ၊ ၁၅.၂၄ စင်တီ x ၂၂.၈၆ စင်တီ

တန်ဖိုး ၇၅၀၀ ကျပ်

New Myanmar Publishing House

မျက်နှာဖုံးပန်းချီ ထိန်လင်း၊ ဒီဇိုင်း နိုင်လင်း

ဧရာဝတီသတင်းဌာနရဲ့အကြီးတန်းအယ်ဒီတာကျော်စွာမိုးရဲ့ ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆုရ The Cell,Exile and The New Burma ကို ဘာသာပြန်ဆိုထားတဲ့စာအုပ်ပါ။ ဆောင်းပါး ၃၈ ပုဒ်ကို အပိုင်းလေးပိုင်း ခွဲခြားဖော်ပြထားပါတယ်။ အမှာကို ဆွီဒင်ဂျာနယ်လစ် ဘာတေးလ်လင့်တ်နာ၊ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးတို့က ရေးသားပေးထားပြီး စာရေးသူအတွေးဆိုတဲ့ ကျော်စွာမိုးရဲ့အမှာလည်း ပါဝင်တာ တွေ့ရပါတယ်။


ဒီမိုကရေစီခရီးကြမ်း


အောင်မြို့

(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၀

" မြန်မာ့ခေတ်သစ်သမိုင်းတစ်လျှောက် မြန်မာ့အကျဉ်းထောင် တိုက်ခန်းများတွင် ဘယ်သောအခါမှ နိုင်ငံရေးအကျဉ်းသား ပြတ်လပ်သည်မရှိပေ "

(ကျော်စွာမိုးရဲ့ အကျဉ်းထောင်၊ ပြည်ပြေးဘဝများနှင့် မြန်မာနိုင်ငံသစ် ဆောင်းပါးများမှ)

ကျော်စွာမိုးဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ အထက်တန်းကျောင်းသားတစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး အိုးဝေဂျာနယ်ကို လျိှု့ဝှက်ထုတ်ဝေမှုအတွက် ၁၉၉၁ မှာ စစ်ခုံရုံးကနေ ထောင်ဒဏ်ဆယ်နှစ် အပြစ်ပေးခံခဲ့ရသူဖြစ်ပါတယ်။ သူ့ရဲ့မိခင်ဖြစ်သူဟာလည်း သားဆီထောင်ဝင်စာတွေ့ဖို့အလာ စီးလာတဲ့ဆိုက်ကားကို လေတပ်ကြို့ပို့ယာဉ်ကဝင်တိုက်မိတာကြောင့် ရုတ်တရက်ကွယ်လွန်ခဲ့ရရှာပါတယ်။ 

အပိုင်း(၁) သံတိုင်များနောက်ကွယ်မှာ ဆောင်းပါး ၉ ပုဒ် ဖော်ပြထားပါတယ်။ စာရေးသူရဲ့ ကိုယ်တွေ့အဖြစ် အပျက်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆိုးဝါးလှတဲ့ ထောင်တွင်းဘဝတွေ၊ စာရေး စာဖတ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရပုံတွေအပြင် အစာငတ်ခံတိုက်ပွဲ အကြောင်း၊ ထောင်ဝင်စာတွေ့ဖို့အရေး သူများမြို့ရွာမှာ ငါးပိရောင်းရင်း ကြိုးစားခဲ့ရတဲ့ မသန္တာလို နောက်တန်းက သူရဲကောင်းတွေအကြောင်းလဲ ဖတ်ရဦးမှာ ဖြစ်ပါတယ်။

ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့် ထောင်တွင်းကွယ်လွန်ခဲ့ရသူတွေ၊ ထောင်သုံးဆေးထိုးအပ်ကတဆင့် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခံရရှာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ထောင်က လွတ်ပြီးတာတောင် မလွတ်လပ်တဲ့နိုင်ကျဉ်းဘဝတွေကို ကိုယ်တွေ့သာမက တခြားနိုင်ငံရေးအကျဉ်းသားတွေကိုပါ တွေ့ဆုံမေးမြန်းပြီး ရေးသား ထားတာ ဖတ်ရမှာပါ။

အပိုင်း(၂) ပြည်ပြေးဘဝများဆိုတဲ့ ခေါင်းစဉ်မှာ ဆောင်းပါး ၉ ပုဒ်ပါဝင်ပြီး ထိုင်းမြန်မာနယ်စပ်က မြန်မာတို့ရဲ့အနှိမ်ခံဘဝ၊ မဲဆောက်မှာနေတဲ့ မြန်မာပြည် ပြေးတွေရဲ့ ရုန်းကန်နေရတဲ့ဘဝမြင်ကွင်းတွေကို တင်ပြထားသလို တရုတ်ပြည် ရွှေလီရောက် မြန်မာတွေရဲ့မူးယစ်ဆေးရောင်းသူဘဝ၊ ပြည့်တန်ဆာဘဝ တွေကို ရင်နင့်စရာဖတ်ရှုရမှာပါ။ ချစ်သူများနေ့မှာလုပ်ကြံခံလိုက်ရတဲ့ KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာအကြောင်း၊ ABSDF မြောက်ပိုင်းလူသတ်မှုနဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့အခြေအနေကိုလည်း တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ခိုလှုံနေရတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည် စခန်းတွေအကြောင်း၊ ရုံသွင်းပြစားတာခံနေရသလို ဖြစ်နေတဲ့ ထိုင်းနိုင်ငံရောက် ကြေးကွင်းစွပ်ပဒေါင်ပျိုဖြူတစ်ဦးရဲ့ သောက၊ မြန်မာကဗျာဆရာကြီးတင်မိုးအကြောင်း လွမ်းဆွတ်သတိရခြင်း ဆောင်းပါးတွေကိုလည်း ဖော်ပြထားပါတယ်။

အပိုင်း(၃) သူတို့နှင့်နိုင်ငံရေး မှာ ဆောင်းပါးဆယ်ပုဒ် ပါဝင်ပြီး ၁၉၉၀ ရွေးကောက်ပွဲအကြောင်း၊ဒေါ်ခင်ကြည်နဲ့ မြန်မာအမျိုးသမီး နိုင်ငံရေးသမားတွေအကြောင်း၊ နာဂစ်မုန်တိုင်းနဲ့ ပြည်တွင်းစစ်ရဲ့အကြောင်းတွေ ကုလသမဂ္ဂရဲ့ကိုယ်စားလှယ်အဖြစ် စေလွှတ်ခံရသူသံတမန်တွေရဲ့အကြောင်း စသဖြင့် သုတေ သနလုပ် ရေးသားထားတဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။

အထူးသဖြင့်ဗိုလ်ချုပ်ခင်ညွန့်ကိုလုပ်ကြံဖို့ ကြိုးစားတဲ့ကိုဗညားအကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပင်လုံကိုကားမောင်းပို့ခဲ့သူ ဦးခန်းအကြောင်းတွေက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အပိုင်း(၄) စိန်ခေါ်မှုအသစ်များနှင့်မြန်မာပြည်မှာတော့ ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုအခြေအနေ၊ မီဒီယာကဏ္ဍနဲ့ လွှတ်တော်အတွင်း အပြောင်းအလဲတွေ၊ ရခိုင်အရေး အပါအဝင် မြန်မာ့နိုင်ငံရေးပြဿနာတွေကို သုံးသပ်တင်ပြထားတဲ့ဆောင်းပါး ၁၀ ပုဒ်ပါဝင်ပါတယ်။ 

ကျော်စွာမိုးရဲ့ဆောင်းပါးတွေမှာ ၁၉၈၈ ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာ့ဒီမိုကရေစီခရီးကြမ်းကို သုံးသပ်လေ့လာနိုင်မှာပါ။ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေ စစ်အစိုးရခေတ်အကြောင်း လေ့လာလိုသူတွေနဲ့ မပြီးသေးတဲ့ဒီမိုကရေစီခရီးကြမ်းအကြောင်း စိတ်ဝင်စားသူတွေ ဖတ်ရမယ့်စာအုပ်တအုပ်ပါ။ New Myanmar Publishing House က ထုတ်ဝေဖြန့်ချိထားတဲ့ စာအုပ်ကောင်းတအုပ်ဖြစ်ပါကြောင်း။ ။

အောင်မြို့

BookReview


Publisher Name: New Myanmar Publishing House


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

နွေတစ်ညမှ အစပြု၍

အောင်ဒင်
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

တင်မောင်မြင့်
Book Review Image

ဓားစာခံ

ကျော်စွာ (ဆေး ၂)
Book Review Image

ဂျွိုင်းလန်း

လင်းခန့်
Book Review Image

နှင်းရည်တစက် အိပ်မက်တသက်

အောင်မိုးဝင်း
Book Review Image

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

ဝင်းတင်
Book Review Image

လျှို့ဝှက်ချက်များနှင့် အာဏာ ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း

ဉာဏ်သစ်
Book Review Image

အင်းစိန်မှတ်တမ်း

ရွှေကူမေနှင်း