ဂျပန်ခေတ်နောက်ခံဝတၳုတွေနဲ့ ဂနၳဝင် စံတင်ခဲ့တဲ့ ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့သွေး ဝတၳုဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် အရေးပါတဲ့ နေရာမှာ ပါဝင်တဲ့အထိ ကလောင်စွမ်းထက်တဲ့ ဝတၳုတစ်ပုဒ် ဖြစ်ပါတယ်။
ယုမိစံဆိုတဲ့ ဂျပန်မကလေးဟာ သူ့ဖခင် ဂျပန်ကြီး မြန်မာပြည်မှာ တာဝန်ထမ်းဆောင်စဉ်က မွေးခဲ့တဲ့ သူ့ရဲ့ မောင်အရင်း၊ သွေးသားအစစ် မောင်မောင်ကို လိုက်လံရှာဖွေဖို့ မြန်မာပြည်ကို လာခဲ့ပါတယ်။ ဆရာမကြီး ဂျာနယ်ကျော်မမလေး ရဲ့အရေးအသားနဲ့ ဒီဇာတ်လမ်းရဲ့ဆွဲဆောင်နိုင်စွမ်းကြောင့် ခေတ်အဆက်ဆက်က လက်ခံခဲ့ကြပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရသည် အထိ အောင်မြင်ခဲ့ပါတယ်။
ဒီ ဝတၳုကို အိုဆာကာမြို့ ယဉ်ကျေးမှု့တက္ကသိုလ်မှ ပါမောက္ခ မစ္စတာပာာရာဒါ က ဂျပန်ဘာသာသို့ပြန်ဆိုပြီး မိုင်နိချီသတင်းစာတိုက်မှ
ထုတ်ေ၀ခဲ့ကာ ဂျပန်နိုင်ငံနိုင်ငံတကာ ဘာသာပြန်စာပေပြိုင်ပွဲတွင်ပထမဆု ရခဲ့တယ်လို့လည်း သိရပါတယ်။
ဒီစာအုပ်ကို မဖတ်ခင်က ဂျပန်နဲ့ နွွယ်တယ်ဆိုတာကိုလည်း သိတယ်။ ဆရာမဂျာနယ်ကျော်မမလေးက ရေးမယ်လို့ကြေငြာထားပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့တဲ့ဝတ္ထုမှန်းလည်း သိတယ်။ ဒွိဟဖြစ်တာက "သွေး"ဆိုတဲ့ နာမည်ပဲ။ ဒါက မိန်းကလေးတစ်ယောက်ရဲ့ အမည်နာမလား။ သွေးသားရင်းချာကို ဆိုလိုသလား။ အသွေးအသားဆိုတာမျိုးကို ပြောချင်တာလားပေါ့။
ကိုယ်ခန့်မှန်းတဲ့ထဲက တစ်ခုတိုးတယ်ပဲပြောရမယ်။ ဆရာမက သွေးဆိုတာကို သွေးသားရင်းချာကိုဆိုလိုပြီး နာမည်တွင်စေခဲ့တယ်။ လူ့သဘာဝလူ့လောကအကြောင်းတွေကို စာပေတွေနဲ့ သရုပ်ဖော်တဲ့အခါ မရှိတဲ့ဘဝကိုစိတ်ကူးပြီးဖော်ကျူးထားတဲ့စာပေမျိူး မတွေ့ဖူးဘူး။
ချစ်ခြင်းမေတ္တာဟာ မိုင်တွေဝေးလွန်းတဲ့အကွာအဝေးကို ချုံ့ပစ်နိုင်တဲ့ အစွမ်းသတ္တိတွေရှိစေသူပါ။ ဒီချစ်ခြင်းဟာ ၅၂၈ပဲ ဖြစ်ဖြစ်၊ ၁၅၀၀ပဲ ဖြစ်ဖြစ်ပေါ့။ ဒီအချစ်တစ်ခုတည်းကို ပိုက်ပြီး ဂျပန်ပြည်မှာ မြန်မာစာအဓိကယူလေ့လာခဲ့တဲ့ ယုမိစံ။ ဒီအချစ်တစ်ခုတည်းကို ပိုက်ပြီး အဖေ့ဓာတ်ပုံလေးတစ်ပုံရယ်၊ အဖေပြောခဲ့တဲ့ရွာနာမည်၊ လူနာမည်တွေရယ်နဲ့ သွေးသားရင်းချာကို ရှာပုံတော်ဖွင့်ခဲဲ့တဲ့ ယုမိစံ။
ယုမိစံရဲ့ဖေဖေက ဂျပန်လူမျိုး။ ဂျပန်ခေတ်က မြန်မာနိုင်ငံကို လာရင်း မြန်မာမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးလေးတစ်ေ။က်ရှိခဲ့တယ်။ ယုမိစံကတော့ သူမွေးပြီးပြီးချင်းမှာပဲ သူ့အမေဆုံးတယ်။ မိတဆိုးကလေး ယုမိစံကို မြန်မာနိုင်ငံကနေ ဓာတ်ပုံပို့လိုက်၊ ကဗျာလေးစာလေးတွေရေးပို့လိုက်နဲ့ပဲ အလွမ်းဖြေရတယ်။ စစ်ကြီးပြီးပြီးချင်းမှာလည်း ဒီသမီးလေးဆီ ပြန်လာလို့မရခဲ့ဘူး။ ပြန်ရောက်လာတဲ့အခါမှာလည်း ကျန်းမာရေးကတော်တော် ချူချာနေပြီရယ်။ ယုမိစံကို ကလေးလေးတစ်ယောက်ရှိခဲ့ဖူးကြောင်း ပြောပြတဲ့အခါ မောင်နှမမက်ရှာတဲ့ ယုမိစံက မြန်မာပြည်မှာ ကျန်ခဲ့တဲ့မောင်လေးကို တွေးပြီး ပျော်ရတယ်။ ဒါကပဲ ယုမိစံကို မြန်မာစာအထူးပြုယူစေခဲ့ပြီး မြန်မာနိုင်ငံကို ရောက်လာစေခဲ့တယ်။
ယုမိစံရဲ့မောင်လေးကတော့ ယုမိစံလိုမဟုတ်ခဲ့ဘူး။ သူ့အဖေက ဂျပန်ဆိုတာကိုလည်း အတော်ရှက်ရှာတယ်။ ဂျပန်ရဲ့သားမို့ ဂျပန်ဆိုတဲ့ နာမည်ပဲတွင်တယ်။ ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ဂျပန်တစ်ယောက်ရဲ့သားဖြစ်ရတာကို ရှက်နေခဲ့တယ်။ သူက ရှက်လေ၊ အတူတူနေတဲ့ ဘုန်းကြီးကျောင်းသားတွေက မထတထိ ကာရံနပေတွေနဲ့ လေှာင်လေ။ ရန်မဖြစ်ဖူးတဲ့သူမရှိဘူးဆိုတဲ့စကားတွေက သူ့ငယ်ဘဝအကြောင်းအကုန်ပဲ။ သူ့ကို ဒီအသိုက်အမြုံထဲကနေ ဆွဲထုတ်ပေးတဲ့ ကျေးဇူးရှင်ကို ဂျပန်သိပ်ချစ်တာပဲ။ သူက ဂျပန့်ကို မြန်မာနာမည် မောင်မောင်ဆိုပြီး ပေးတယ်။ ပညာရေး၊နေရေးထိုင်ရေး အစစအရာရာတာဝန်ယူပြီး အစ်ကိုကြီးလို့ ခေါ်စေတယ်။
အဲ့ဒီ မောင်မောင်ရဲ့ကျေးဇူးရှင်က ယုမိစံနဲ့ ချိတ်ဆက်မိသွားတဲ့အခါ ဂျပန်(ခေါ်)မောင်မောင်ရဲ့ အကြောင်းစုံကို သိပြီး အံ့သြခဲ့ရတယ်။ ဝမ်းသာရသလို မောင်မောင့်ရဲ့စိတ်ကို အစအဆူံးသိသူအနေနဲ့ ဝမ်းလည်းနည်းရတယ်။ မျက်နှာပူပြီး ယုမိစံကို သနားရတယ်။ အစ်မအနေနဲ့ ချက်ချင်းမိတ်မဆက်ဖို့ ပြောတဲ့အခါ ယုမိစံဝမ်းနည်းရတယ်။ ခေတ်ပျက်ကြီးထဲက လူမသိ သူမသိ နာကျင်ရတဲ့ သားကောင်ဟာ ယုမိစံတို့ မောင်နှမပါပဲ။
ယုမိစံ ပြန်တောင့်တတဲ့အချစ်မေတ္တာမျိုး ရနိုင်ပါဦးမလား။ ယုမိစံရဲ့ မောင်လေးက ယုမိစံအပေါ် ဂျပန်ဆိုတဲ့အသိနဲ့တင် စိမ်းကားရှာတယ်။ ခပ်စိမ်းစိမ်းနဲ့ပြောဆိုဆက်ဆံတာတောင်မှ ယုမိစံကအချစ်မပျယ်ရှာဘူး။ သူ့မောင်လေးမျက်စိထဲမှာ အဆင်ပြေစေမယ့် မြန်မာမပုံစံမျိုးရအောင် ထဘီကို ကြိုးစားပြီး အဝတ်ကျင့်တယ်။ အစ်မပါလို့ ထုတ်ပြောခွင့်မရလို့ ဝမ်းနည်းရပေမယ့် ကြိုးစားမွုတွေကို မရပ်ပစ်လိုက်ဘူး။ ယုမိစံရဲ့သွေးရင်းချာ မောင်လေးကို အစ်မပါလို့ မိတ်ဆက်ပြီး ပွေ့ဖက်နမ်းရွုတ်ချင်တာတွေကို မနည်းမြိုသိပ်ထားရတယ်။
ယုမိစံရဲ့မျေှာ်လင့်ချက်နဲ့ ချစ်ခြင်းမေတ္တာတွေက ယုမိစံကို မောင်လေးဆီ ခေါ်လာခဲ့ပေမယ့် မောင်လေးဆီက ချစ်ခြင်းမေတ္တာတွေကိုရော တစ်ဖန်ခံစားခွင့်ပေးပါ့မလား။
ခေတ်ပျက်ကြီးကြောင့် ပုံစံအမျိုးမျိုးနဲ့ နာကျင်ရတဲ့ နှလုံးသားနှစ်ခု နီးစပ်မယ့်နေ့တွေရော ရောက်လာပါဦးမလား။
ချစ်ခြင်းမေတ္တာမှာ
အသွားအပြန်တွေ
ရှိရဲ့လား။
သွေး
ရေးသူ-ဂျာနယ်ကျော်မမလေး
တန်ဖိုး-၅၀၀၀ကျပ်
က့ံကော်ဝတ်ရည်စာပေ
ဆဋ္ဌမကြိမ်မြောက်
စာညွွန်းရေးသူ-အိမ့်မှူးခင်
#KKWYBOOKREVIEW