ဝထ္တုစအဖွင့်မှာပင် နတ်ရေကန်ရွာကလေးကို ကွက်ကွက်ကွင်းကွင်းမြင်ရသည်။ ဆည်တော်ချောင်း၊ ရွာဦးကျောင်းနှင့် လယ်ဧကများစွာ၊ လယ်ကွင်းပတ်လည်ဝိုင်းနေသည့် ကြာရေကန်ကြီး။ ဟိုမလှမ်းမကမ်းဆီမှာတော့ ထုံးဖြူစေတီလေး။
" ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်" ဟူသော ဝတ္ထုအမည်ကိုက ရွာဓလေ့ထုံမွှမ်းနေသည်။ မူလတန်းပြဆရာမလေးမပုန်းရည်နှင့် ကြာမိသားစုတို့၏ အဖြူရောင်မေတ္တာ၊ လေးစားထိုက်သည့် ဆရာ ဆရာမများ၏ ဂုဏ်ရည်၊ ရိုးသားဖြူစင်လွန်းသည့် ကလေးငယ်များ၊ ချစ်စရာ ကျေးလက်ဓလေ့တို့ကို ကဗျာ၊ သီချင်းလေးများနှင့် အလွမ်း အမော အသောစုံအောင် ရစ်ပတ်ထားသောအခါ တကယ့်အဖြစ်အပျက်အလား အသက်ဝင်လွန်းနေသည်။
ဦးကြာတံဆိပ်၊ ဒေါ်သိန်းရင်တို့မှ ဆင်းသက်လာသည့် ကြာခွက်၊ ကြာရိုး၊ ကြာစွယ်၊ ကြာဥတို့မောင်နှမတစ်စု။ ထိုကြာမိသားစုနှင့် လှပသလောက် လူစားသည်ဟုနာမည်ကြီးသည့် ကြာကန်ကြီး၏ ပက်သက်ဆက်နွယ်မှုများကို တငြိမ့်ငြိမ့်ခံစားရသည်။
ဆရာမလေး မပုန်းရည်တာဝန်ကျသောကျောင်းကလေး၏ သရုပ်ကိုလည်း ရင်နင့်စရာဖတ်ရပြန်သည်။ ကျောင်းစိမ်းဝတ်စုံဝတ်သူမရှိ။ ကျောင်းတက်မှန်သူရှားသည်။ ကလေးများထဲတွင် ကိုရင်လေးများလည်းပါသည်။ သနပ်ခါးပါးကွက်ကြားလည်းပါသည်။ ကိုယ့်ကိုကိုယ်
" ကျုပ်" ဟုသုံးသော ကလေးလည်းပါသည်။ ဆရာမမပုန်းရည်၏ အမည်ကိုပင် " ဒေါ်ပုန်းမကြည်၊ ဒေါ်ပုန်းညက်" စသည်ဖြင့် မှားခေါ်ကြပုံက ချစ်စရာသနားစရာ ။
ရွာခံကျောင်းဆရာမလေး ဒေါ်မြင့်မြင့်စိန်နှင့် ဆရာမလေးမပုန်းရည်တို့သည် ဘဲတဲများကြား ကလေးကောက်ထွက်ရသည်။ နွမ်းပါးသောကလေးများခမျာ ကျောင်းအတက်စာရင်းသာရှိပြီး ကျောင်းကားမတက်နိုင်။ ဘဲဥကောက်သူကောက်၊ ပုစွန်လုံးနှိုက်သူနှိုက်၍ ငါးဖမ်းသူက ဖမ်းနေရသည်။
ဆရာမလေးတို့၏ တပည့်လေးများမှာ ပညာလိုလားသော်လည်း နွမ်းပါးကြသည်။ ထိုအထဲတွင် စုန်းဟုအစွပ်စွဲခံရသည့်အမေ၏ ကလေးပင်ရှိသည်။
ဆရာမလေးမပုန်းရည်တို့မှာ ဆင်းရဲသလောက်ရိုးသားရှာသည့် ရွာသူရွာသားမိဘများအား ဖျောင့်ဖျရသည်။ ချော့တန်ချော့ခြောက်တန်ခြောက်၍ ကလေးများစာသင်ခန်းထဲရောက်ရေး ကြိုးပမ်းကြရသည်။
ဆရာမလေးတို့၏ ကြိုးပမ်းမှုကိုဝိုင်းဝန်းကူညီကြသော ရွာဦးဆရာတော်၊ လေးပန်းဆီ၊ ဦးခင်ဖေတို့အပြင် ဆရာမလေးအတွက် အိမ်သာသီးသန့်ဆောက်ပေးသည့် လူရိုးကြီး ကိုကြာစွယ်အကြောင်းကလည်း စိတ်ဝင်စားစရာ။ ဆရာမလေးမပုန်းရည်ကို ညီမအရင်းနှင့်မခြားစောင့်ရှောက်သည့် မကြာဥ၊ ရောက်တတ်ရာရာစကားများပြောတတ်သော်လည်း မပုန်းရည်ကိုလေးစားချစ်ခင်သည့် လှအုန်းမယ်တို့ကလည်း သဘောကျစရာ။
၅၂၈မေတ္တာအကြောင်း မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြရင်းက အင်ဂျင်နီယာကိုမျိုးသွင်နှင့်မပုန်းရည်တို့၏ ၁၅၀၀မေတ္တာ ကို ခပ်ပါးပါးလှစ်ပြသွားပုံမှာ ကြည်နူးရမလို လွမ်းရမလို။
ဆရာမလေးမပုန်းရည်ဦးဆောင်၍ ရွာကျောင်းကလေးကိုမွမ်းမံကြပုံ၊ မြို့ပေါ်တက်၍ အစိုးရစစ်စာမေးပွဲဖြေကြပုံ၊ အားကစားအသင်းအဖွဲ့လေးများဖွဲ့ပေးပုံ၊ ကျန်းမာရေးအသိပေးပုံတို့ကိုဖတ်ရင်း ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းရင်း ရပ်ရွာအကျိုးသည်ပိုးနေကြသည့် ဆရာဆရာမများကို အကြိမ်ကြိမ် ဦးညွတ်မိသည်။
ဆရာမလေးမပုန်းရည်သည် ကျောင်းပြောင်းခါနီးအချိန်တွင်ပင် ရွာထဲရှိစာမတတ်သူ ရွာသူရွာသားများကို စာသင်ပေးခဲ့သည်။ ကြီးမှစာသင်ရမည်ကိုရှက်သော်လည်း ဆရာမလေးပြောင်းသွားလျှင် စာပို့ချင်သောကြောင့် ကြိုးစားစာသင်သည့် ကိုကြာစွယ်ကြီးကို ချစ်လည်းချစ်သနားလည်းသနားရသည်။ မပုန်းရည်ကျောင်းပြောင်းရချိန်တွင် ဆရာတော်မှအစ လှည်းသမားအဆုံး ဝမ်းနည်းပက်လက်ဖြစ်ကြပုံ၊ တပည့်ကလေးများနှင့်အပြန်အလှန် မချိတင်ကဲ နှုတ်ဆက်ကြပုံ၊ ကိုကြာစွယ်တစ်ယောက် ဆရာမလေးထံသို့ မရေးတတ်ရေးတတ်နှင့် စာတိုလေးပို့ပုံတို့မှာ မျက်ရည်ဝဲရသည်။
ဆရာမကြီးခင်ခင်ထူးသည် ကိုယ်တိုင်က ဆရာမတစ်ဦးဖြစ်ခဲ့သောကြောင့်လားမသိ ဤဝတ္ထုကို ဖတ်မိတိုင်း ရွှံ့တောထဲတွင် ထမီအစိမ်းလေးမ၊ ဆွဲခြင်းလေးဆွဲရင်း စာလာသင်သည့်ဆရာမလေးများကို ပြေးပြေးမြင်မိသည်။ ဝတ္ထုထဲရှိနတ်ရေကန်ရွာကလေးမှာ တကယ်မရှိသော်လည်း မတ္တရာမြို့နယ်၊ ပေါက်တောရွာအကြောင်းကို အခြေခံ၍ ရေးဖွဲ့ထားသည်။ ဆရာမကြီး ကျောင်းဆရာမဘဝက တာဝန်ကျခဲ့ရာ ရွာကလေးဟုလည်းသိရသည်။
စာမျက်နှာ ၄၃၇မျက်နှာ ရှိသော ဝတ္ထုတွင် စိတ်ဝင်စားစရာမကောင်းသည့်စာတစ်ကြောင်းမျှမရှိ။ ဝတ္ထုထဲရှိ ကဗျာလေးများကိုချစ်လွန်းသဖြင့် လက်ရေးမူနှင့်ပင်ကူးထားမိသည်အထိ။
ကျွန်မစာကို ဆရာမကြီးသာတွေ့လျှင် "ညည်းချီးကျူးမှ ငါ့စာပျက်ပါပြီ" လို့များဆိုမလားမသိ။ ကျွန်မကတော့ မြင်းထိန်းငတာလုပ်လိုက်မိပြီ။ အမှားအယွင်းရှိက ခွင့်လွှတ်ပေးမည်ထင်ပါသည်။
Myat Mon Phyo