Book Image

သူတို့ဘာလို့ စာမဖတ်ကြတာလဲ

လူသာမန်

ဒီစာအုပ်ဟာ ' ငါတို့ ဘာလို့စာဖတ်ကြတာလဲ ' နဲ့ ' လူတစ်သန်းကိုတွေးခေါ်စေတဲ့ မင်တစ်စက် ' စာအုပ်တို့လို စာဖတ်ခြင်းဆိုင်ရာ ဆောင်းပါးတွေကို စုစည်းထားတဲ့ တတိယမြောက်စာအုပ်ပါ။


ငါတို့ ဘာလို့စာဖတ်ကြတာလဲဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးနှစ်ပုဒ် ရေးပြီးတဲ့အခါ သူတို့ ဘာလို့စာမဖတ်ကြတာလဲဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်လောက်ရေးဖို့ စိတ်ဆန္ဒရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ဘာလို့ စာဖတ်တာလဲဆိုတာကို စာဖတ်သမားတစ်ယောက်အနေနဲ့ ချဉ်းကပ်ရှုမြင်ရတာ အဆင်ပြေလှတယ်လို့ ထင်မိပြီး ဘာလို့ စာမဖတ်တာလဲဆိုတာကို ချဉ်းကပ်ရှုမြင်ဖို့ကျ မွန်းကြပ်သလိုတောင် ခံစားမိပါတယ်။ သို့သော်ငြားလည်း အလုပ်ပြီးမြောက်ဖို့ရာ အားထုတ်ရပါတော့မယ်။


၁။ အထင်မြင်မှားစေသော စာအုပ်အဖုံး

တချို့သော စာအုပ်အဖုံးတွေက စာအုပ်ပါ အကြောင်းအရာကို လွယ်ကူရိုးရှင်းစွာ သိမြင်စေနိုင်ပေမယ့် တချို့စာအုပ်အဖုံးတွေကတော့ ဆင်ခြင်ရ နက်နဲလှပါတယ်။ အပေါစားစာအုပ်အဖုံးတွေလည်း မနည်းလှပါဘူး။ စာအုပ်ပါအကြောင်းအရာနဲ့ လုံးဝ မအပ်စပ်ဘူးလို့တောင် ဆိုနိုင်လောက်တဲ့ စာအုပ်အဖုံးတွေလည်း ရှိပါသေးတယ်။ (မရရအောင် ဆက်စပ်တွေးခေါ်ယူရင်တော့ ရနိုင်တာပေါ့လေ။) ပန်းချီဆရာ ဒါမှမဟုတ် စာအုပ်အဖုံးကို ရေးဆွဲဖန်တီးသူကြောင့် လက်ရာဆင်တူပုံစံဖြစ်နေတဲ့ စာအုပ်အဖုံးတွေကိုလည်း စာဖတ်သူ တွေ့ရှိဖူးမှာပါ။

စာအုပ်အဖုံးဟာ စာဖတ်သူတွေကို ပထမဦးဆုံး ဆွဲဆောင်တဲ့အရာပါ။ စာရေးဆရာ ဘယ်သူလဲ၊ စာအုပ်နာမည် ဘာလဲ၊ ဘာစာပေအမျိုးအစားလဲ၊ စာအုပ်နောက်ကျောမှာ စာအုပ်ပါအကြောင်းအရာတွေထဲက ကောက်နုတ်ဖော်ပြထားတာတွေ ရှိသလား စသဖြင့် စူးစမ်းမယ်။ နောက်တော့ မာတိကာ ဖတ်ကြည့်မယ်။ စာအုပ်တန်ဖိုး ကြည့်မယ်။ ထုတ်ဝေတဲ့ကာလ ကြည့်မယ်။ ဒါ အကြမ်းဖျဉ်း ပြောကြည့်တာပါ။ ရှေ့နောက် အစီအစဉ်တွေ လွဲကောင်းလွဲနိုင်ပါလိမ့်မယ်။ ဒီအချက်တွေကို ကျော်ဖြတ်ပြီးမှ စာဖတ်သူက စာအုပ်အရောင်းဆိုင်မှာဆိုရင် ဒီစာအုပ်ကို ဝယ်မလား မဝယ်ဘူးလားဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။ စာအုပ်အငှားဆိုင်မှာ ရောက်နေတာဆိုရင်လည်း ငှားမလား မငှားဘူးလားဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။

ပရိသတ် အခိုင်အမာရရှိပြီးသား စာရေးဆရာရဲ့စာအုပ်အဖုံးကတော့ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားစရာ သိပ်မလိုပါ။ ဒါပေမဲ့လည်း စာအုပ်အဖုံးကြောင့် စာအုပ်က ပိုမိုဆွဲဆောင်မှုရှိနေတာ ပိုကောင်းတဲ့ကိစ္စပါ။ အဖုံးကြောင့် ဂုဏ်မပျက်ဘဲ အဖုံးကြောင့် ဂုဏ်တက်ဖို့ လိုပါတယ်။ (စာအုပ်ပါ အဓိကအကြောင်းအရာမဟုတ်တာကို ဖော်ပြလိမ်လည်ဆွဲဆောင်တာမျိုးလည်း မလုပ်ကောင်းပါဘူး။ အင်တာနက်မှာ အလွယ်တကူ ရနိုင်တဲ့ပုံတွေနဲ့ ဖြစ်ကတက်ဆန်း ဒီဇိုင်းဖွဲ့တာမျိုးကလည်း လုံးဝ မကောင်းပါဘူး။)


၂။ ရွေးချယ်စရာ ကင်းမဲ့ခြင်း

ကမ္ဘာကြီးမှာ တစ်ရက်ကို စာအုပ်ပေါင်း ၁, ၂၃၈, ၄၅၉ အုပ် ထုတ်ဝေဖြစ်နေပါသတဲ့။ ဒါပေမဲ့ စာအုပ်အများကြီးထုတ်ဝေတာနဲ့ပဲ ရွေးချယ်စရာ အများကြီးရှိတယ်ဆိုတဲ့သဘောတော့ မဟုတ်ပါဘူး။

အသက်အရွယ်နဲ့ စိတ်ပါဝင်စားမှုအရ ရွေးချယ်စရာ စာအုပ်အမျိုးအစားတွေ နည်းသွားပါလိမ့်မယ်။ လုပ်ကိုင်နေရတဲ့ အသက်မွေးဝမ်းကျောင်းမှုအရ ရွေးချယ်စရာ စာအုပ်အမျိုးအစားတွေ နည်းသွားပါလိမ့်မယ်။ သင်ယူလေ့လာနေတဲ့ ဘာသာရပ်တွေကြောင့် ရွေးချယ်စရာ စာအုပ်တွေ နည်းသွားပါလိမ့်မယ်။ စာအုပ်အရောင်းဆိုင်တွေနဲ့ စာအုပ်အငှားဆိုင်တွေရဲ့ အနေအထားအရ ရွေးချယ်စရာ စာအုပ်တွေ နည်းသွားပါလိမ့်မယ်။

ကိုယ်နှစ်သက်တဲ့အကြောင်းအရာကို ရေးသားထားတာဖြစ်ပေမယ့် ကိုယ်မနှစ်သက်တဲ့စာရေးဆရာဖြစ်နေရင်၊ ကိုယ်နှစ်သက်တဲ့စာရေးဆရာပေမယ့် ကိုယ်စိတ်မဝင်စားတဲ့အကြောင်းအရာဖြစ်နေရင်၊ ကိုယ်နှစ်သက်တဲ့စာရေးဆရာနဲ့ ကိုယ်မနှစ်သက်တဲ့စာရေးဆရာ တွဲဖက်ထုတ်ဝေထားရင်၊ နှစ်သက်တဲ့စာအုပ်ပေမယ့်လို့ ဈေးနှုန်း မတန်တဆဖြစ်နေရင် စသဖြင့် ဒီလိုမျိုး အကြောင်းကြောင်းတွေကြောင့် ရွေးချယ်စရာ စာအုပ်တွေ နည်းပါးသွား၊ ကင်းမဲ့သွားနိုင်ပါတယ်။


၃။ လူတတ်ကြီးတွေစကား နားယောင်ခြင်း

တချို့သော ပါးနပ်တဲ့လူတတ်ကြီးတွေက သူတို့ကိုယ်တိုင်လည်း စာမဖတ်ဘူး။ သူတို့နဲ့ပတ်သက်လာတဲ့လူတိုင်းကိုလည်း စာမဖတ်ဘဲ ဘဝကို ဖြတ်သန်းဖို့ ဆွယ်တတ်တယ်။ စာမဖတ်ဘဲနဲ့လည်း ဘဝကို တိုးတက်အောင် ရုန်းကန်နိုင်ကြောင်း၊ စာအုပ်တွေနဲ့ ဝေးဝေးနေပြီးလည်း လောကကြီးအကြောင်းကို အလုံးစုံ သိလာနိုင်ကြောင်း၊ စာပေမှာ ပျင်းရိငြီးငွေ့စရာတွေသာ ရှိကြောင်း စသဖြင့် သာဓကတွေနဲ့ ဆွဲဆောင်သိမ်းသွင်းတတ်ပါတယ်။ စာမဖတ်ဘဲ အရာများစွာမှာ ကောင်းကောင်းမွန်မွန် ကျင်လည်နိုင်သူတွေ ရှိကောင်းရှိနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ လူတိုင်းမစွမ်းတဲ့ကိစ္စမျိုးဆိုတာ သေချာလှပါတယ်။ ဆယ်ကျော်သက်ဘဝမှာများ အဲဒီလိုလူတတ်ကြီးတစ်ယောက်ယောက်နဲ့ ဆုံခဲ့မိရင် စာပေအပေါ် အမြင်စောင်းသွားပြီး စာမဖတ်ချင်သူတွေ ပိုမိုတိုးပွားလာနိုင်ပါတယ်။


၄။ အားထုတ်ရခြင်းပြဿနာ

စာဖတ်ခြင်းကို အသာစီးမှုများစွာနဲ့ အနိုင်ယူထားနိုင်သူတွေကတော့ တီဗီဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေမှာလည်း အားထုတ်တွေးခေါ်ရတဲ့အမျိုးအစားတွေ ရှိပေမယ့် ယေဘုယျအားဖြင့်တော့ စာအုပ်တွေကြောင့် အားထုတ်ရမှုက ပိုပြီးမြားမြောင်ပါတယ်။ ကျောင်းစာတွေနဲ့ လုံးထွေးပြီး ပြန်လာတဲ့၊ အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ ရပြီး ပြန်လာတဲ့၊ မိတ်သင်္ဂဟပြဿနာတွေကြောင့် ပူဆွေးနေရတဲ့ စသဖြင့် ဒီလိုလူတွေက စာအုပ်တွေကို ကောက်ကိုင်ပြီး အားထုတ်ဖတ်ရှုဖို့ဆိုတာ မလွယ်လှတဲ့ကိစ္စပါ။ ဒီတော့ သူတို့ကို အားထုတ်ရမှုနည်းစေတဲ့၊ ရွှင်ပြစေတဲ့၊ သက်သောင့်သက်သာ ခံစားသွားရစေမယ့် ရုပ်ရှင်ကားတွေကိုသာ ရွေးချယ်ကြည့်ရှုတော့မှာပေါ့။ ပေါ့ပါးပျော်ရွှင်စေတဲ့သီချင်းတွေကိုပဲ ရွေးချယ်နားထောင်ကြတော့မှာပေါ့။ ဦးနှောက် ခါးတောင်းကျိုက်ရတဲ့ကိစ္စဆိုတာ လွယ်တာမှမဟုတ်တာပဲလေ။


၅။ စာအုပ်တွေကို စီးပွားရေးအမြင်နဲ့ ခွဲခြားသတ်မှတ်ထားခြင်း

ဈေးကွက်ရှာသမားတွေက စာအုပ်တွေကို စာပေအမြင်နဲ့မဟုတ်ဘဲ စီးပွားရေးအမြင်နဲ့ ခွဲခြားသတ်မှတ်ထားလေ့ ရှိပါတယ်။ စာပေအမြင်နဲ့ စီးပွားရေးအမြင်ကြားထဲက ကွာခြားချက်တွေကို လျစ်လျူရှုပြီး ဒီလိုမျိုးခွဲခြားသတ်မှတ်လိုက်တာဟာ အတော်ဆိုးတဲ့ကိစ္စပါ။ စာအုပ်တွေကို ကြော်ငြာရရှိမှုအတွက်နဲ့ ခွဲခြားထားတာမျိုးလည်း ပါပါတယ်။ ကြော်ငြာအရ အမြတ်ရရှိမှု များကောင်းများသွားမှာဖြစ်ပေမယ့် စာအုပ်ရောင်းချရမှုကတော့ သေချာပေါက် နည်းသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိထုတ်ဝေနေတဲ့ မဂ္ဂဇင်းစာအုပ်တွေကိုပဲ လေ့လာကြည့်ပါ။

နောက်တစ်ချက်ကတော့ ကြော်ငြာနဲ့ မဆိုင်ပါဘူး။ စာအုပ်တွေကို စာမျက်နှာအရေအတွက်အလိုက် ဈေးနှုန်းသတ်မှတ်တဲ့ကိစ္စပါ။ စာမျက်နှာ ၁၀၀ ဆို တစ်ထောင်ကျပ်၊ စာမျက်နှာ ၁၅၀ ဆို ၁၅၀၀ ကျပ်၊ စာမျက်နှာ ၂၅၀ ဆို ၂၅၀၀ ကျပ် စသဖြင့် မြန်မာနိုင်ငံစာအုပ်ဈေးကွက်မှာ ဈေးနှုန်းသတ်မှတ်ထားတဲ့ကိစ္စပါ။ တချို့သော ကဗျာစာအုပ်တွေနဲ့ တချို့သော စာရေးဆရာတွေသာ ဒီသတ်မှတ်ချက်ကို ချိုးဖောက်နိုင်ကြပါတယ်။ ဆိုတော့ကာ စာအုပ်ဝယ်ယူသူတွေကို ဉာဏ်ပညာ၊ သိမှု၊ ခံစားမှုကို ရောင်းချလိုတာလား၊ စာမျက်နှာအရေအတွက်ကို ရောင်းချလိုတာလားလို့ မေးစရာ ရှိလာပါတယ်။ စာအုပ်တွေကို စီးပွားရေးအမြင်နဲ့ အဆင့်အတန်းခွဲခြားသတ်မှတ်ထားတာဟာ စာပေကို သေးသိမ်စေပြီး စာမဖတ်သူတွေကို ပိုမိုတိုးပွားလာစေပါတယ်။


၆။ ကိုယ်ပိုင်ဟန်နဲ့ ထိုးဖောက်လာတဲ့စာအုပ်တွေ နည်းပါးခြင်း

ရှိပြီးသားပုံစံတွေ ဇာတ်ကွက်တွေနဲ့ပဲ ရေးသားထားတဲ့စာအုပ်တွေဟာ စာဖတ်သူတွေကို ငြီးငွေ့စေပါတယ်။ စာတွေ ဆက်မဖတ်ဖို့ ဆွဲဆောင်သလို ဖြစ်စေပါတယ်။ ဘာပြီး ဘာဆက်ဖြစ်မယ်၊ ဘယ်လိုဇာတ်သိမ်းမယ် စတဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်တွေက စာဖတ်သူတွေကို စာမဖတ်ချင်တော့တဲ့လူတွေဖြစ်အောင် ပြောင်းလဲစေပါတယ်။

သုတေသနပြုမှု မရှိ၊ ကိုယ်တိုင်စူးစမ်းလေ့လာမှု မပါ၊ ရှေးတုန်းက ဒီအကြောင်းအရာတွေကို ဘယ်လိုရေးသားခဲ့ဖူးသလဲဆိုတာ မရှာဖွေ မဖတ်ရှုဘဲ ပြီးစလွယ် ဖြစ်ကတက်ဆန်းရေးထားတဲ့ ဆောင်းပါးတွေကလည်း စာဖတ်သူတွေကို စာဆက်မဖတ်ဖို့ တိုက်တွန်းတတ်ပါတယ်။

လူဟာ ငြီးငွေ့မှုကိုကြောက်တဲ့ သတ္တဝါပါ။ အသစ်ကို တပ်မက်တဲ့ သတ္တဝါပါ။ သမားရိုးကျစာအုပ်တွေကြောင့် စာမဖတ်သူတွေ တိုးပွားလာတာကို သတိပြုသင့်ပါတယ်။


၇။ စာသင်ကျောင်းတွေက ပေးတဲ့ နာကျင်မှုနဲ့ အဝိဇ္ဇာ

စာသင်ကျောင်းတွေဟာ စာသင်ကျောင်း ဧကန်ဖြစ်ဖို့ လိုပါတယ်။ စာဝင်ကျောင်းဖြစ်လို့ မရပါ။ စာဝင်ကျောင်းဖြစ်နေရင် စာထွက်ကျောင်းပါ ဖြစ်သွားပါလိမ့်မယ်။ အဝင်အထွက်မသင့်ရင် ဘာမှမကျန်တာဘဲ အဖတ်တင်မှာပါ။ မြန်မာနိုင်ငံက ကျောင်းတွေမှာ ရေးထားတဲ့ ' ကျောင်းနေပျော်၍ စာတော်ရမည် ' ဆိုတာကလည်း တွေးကြည့်ရင် အင်မတန် လေးနက်တဲ့စာသားပါ။ ကျောင်းနေပျော်တဲ့ကလေးတွေ၊ လူငယ်တွေ ဖြစ်လာဖို့က စာသင်တော်တဲ့ ဆရာ၊ ဆရာမတွေ ရှိနေမှ ဖြစ်နိုင်မှာပါ။ သင်ယူတတ်မြောက်မှုမှာ မွေ့လျော်ချင်စိတ်ဝင်နေအောင် ပြုစုပျိုးထောင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ အသင်မမှန်ရင် ကလေးတွေက စာကြောက်သွားတတ်ပါတယ်။ စာပေဖတ်ရှုမှုကို နာကျင်ကြောက်ရွံ့သွားတတ်ပါတယ်။ အလွတ်ကျက်ရတဲ့အလေ့တွေကြောင့် တွေးခေါ်နိုင်စွမ်း မဖွံ့ဖြိုးဘဲ အဝိဇ္ဇာတရားသာ တိုးပွားလာနိုင်ပါတယ်။

စာသင်ကြားရေးစနစ်က ပြင်ပစာပေလေ့လာဖတ်ရှုမှုကို မျက်ကွယ်ပြုထားရင် စာမဖတ်သူတွေသာ ပိုမိုတိုးပွားလာပါမယ်။ ကျောင်းစာကြည့်တိုက်တွေကို အသုံးဝင်မှန်းသိအောင် လမ်းမပြပေးနိုင်ရင် စက်ရုံထုတ် ဆပ်ပြာတောင့်တွေလို လူငယ်တွေသာ ထွက်ပေါ်လာပါလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြင်ပစာပေဖတ်ရှုနှုန်း နိမ့်ကျနေပြီဆိုရင် ကျောင်းပညာရေးစနစ်ကို လေ့လာပြင်ဆင်ရတော့မှာ အသေအချာပါပဲ။


၈။ သဒ္ဒါနဲ့ အသုံးအနှုန်းကိစ္စ

စာပေမှာ စံတင်ရတဲ့စာအုပ်တွေဟာ သဒ္ဒါအရရော အတွေးအခေါ်ပိုင်းအရပါ လှပနက်ရှိုင်းတတ်ပါတယ်။ ဖတ်ရခက်တိုင်း စာအုပ်ကောင်းလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ စာဖတ်တဲ့အဆင့်တွေ တက်လာပြီဆိုတာနဲ့ သဒ္ဒါနဲ့ အသုံးအနှုန်းပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရမှာ အသေအချာပါ။ ဘာသာစကားဆိုတာ အရည်တစ်မျိုးဆိုရင် သဒ္ဒါက ခေးခဲသွားအောင် လုပ်ပစ်နိုင်တဲ့အရာပါ။ သဒ္ဒါဟာ အသေသတ်မှတ်ထားတဲ့စည်းမျဉ်းတွေ ဖြစ်တာကြောင့် ဖတ်သူကို ကျဉ်းစေ ကျုံ့စေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို အကြောက်ကြီးကြောက်နေစရာလည်း မလိုပါဘူး။ သဒ္ဒါက စည်းမျဉ်းတွေ ဖြစ်ပေမယ့်လို့ စိတ်ကူးစိတ်သန်းတွေက စည်းမျဉ်းတွေကို ကျော်လွန်သွားလေ့ ရှိလို့ပါ။


၉။ စာအုပ်တွေနဲ့ အလှမ်းဝေးတဲ့ဝန်းကျင်မှာ နေထိုင်ရခြင်း

ငယ်ငယ်ကတည်းက စာပေနဲ့ဝေးအောင် ထားခံရတဲ့ဝန်းကျင်မှာ ကြီးပြင်းလာရရင် စာပေကို စွဲဖတ်သူဖြစ်ဖို့ အတော်ခဲယဉ်းသွားပါပြီ။ ကျောင်းစာက လွဲပြီး အပြင်စာပေကို လုံးဝ မထိတွေ့ရဘူးလို့ ဆိုဆုံးမတတ်တဲ့ မိဘဘိုးဘွားတွေဟာလည်း ပြဿနာတစ်ရပ်ပါ။ စာအုပ်မရှိတဲ့အိမ်၊ စာအုပ်အရောင်းဆိုင်မရှိတဲ့ဈေး၊ စာအုပ်အငှားဆိုင်မရှိတဲ့ရပ်ကွက်၊ စာကြည့်တိုက်မရှိတဲ့မြို့ စတဲ့ ပတ်ဝန်းကျင်တွေဟာ စာမဖတ်သူတွေကို မွေးဖွားပေးတဲ့နေရာတွေပါ။ စာပေဖတ်ရှုမှုမရှိတဲ့မိဘတွေ၊ ဆရာဆရာမတွေဟာလည်း စာမဖတ်ချင်တဲ့လူငယ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ အတုမြင် အတတ်သင်တတ်တဲ့ ကလေး၊ လူငယ်တွေဟာ အတုယူစရာကောင်းတဲ့ အလေ့အကျင့်တွေကို မြင်ဖူး၊ ကြုံဖူးဖို့ လိုပါတယ်။


၁၀။ ထွင်ဉာဏ်ကင်းမဲ့တဲ့စာရေးဆရာတွေ များပြားနေခြင်း

နံပါတ် - ၆ နဲ့တော့ ဆက်စပ်နေတာပေါ့ဗျာ။ ခေတ်တွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ သာမန် သူလိုကိုယ်လို စာရေးဆရာတစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်ကူလာတာကိုး။ ပုံနှိပ်မီဒီယာမှာမဟုတ်ဘဲ online မှာတင် စာရေးဆရာ၊ ကဗျာဆရာ ဖြစ်စေနိုင်တဲ့ အခွင့်အလမ်းတွေလည်း အများကြီး ရှိနေတယ်လေ။ ဒီလိုအခွင့်အလမ်းတွေ များပြားလာခြင်းကပဲ ကျွန်တော့်လို သာမန်စာရေးဆရာများစွာကို မွေးထုတ်ပေးလာတယ်။ ထူးခြားဆန်းသစ်တဲ့၊ ထွင်ဉာဏ်ထက်တဲ့ စာရေးဆရာတွေကို ရွေးချယ်ရ ခက်လာတယ်။ အတွေ့ရ နည်းလာတယ်။ ထွင်ဉာဏ်ထက်တဲ့ စာရေးဆရာတချို့ကလည်း အရေးမသွက်တော့ ဖတ်ရမယ့်စာအုပ်တွေ နည်းလာတယ်။ ကလောင်သာ သစ်ပြီး အရေးအသား၊ အတွေးအခေါ် မသစ်တာတွေပဲ ကြုံလာရတယ်။ စာဖတ်တာကို စိတ်ပျက်လာတယ်။ နောက်တော့ စာဖတ်နည်းလာကြတော့တယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ၁၀ ချက်အပြင် တခြားသော အကြောင်းအရင်းတွေ ရှိနေနိုင်ပါတယ်။ ဒီ ၁၀ ချက်ကတော့ လတ်တလော ဖတ်မိခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစဉ်ငယ်တွေကိုသာ ဆင့်ပွားတွေးဆ ရေးသားထားခြင်းရယ်ပါ။ ဒီဆောင်းပါး ရေးနေစဉ်တစ်လျှောက်လုံး ကျွန်တော့်ခေါင်းထဲမှာ အမေရိကန် စာရေးဆရာကြီး ရေး ဘရက်ဒ်ဘာရီ(၁၉၂၀ - ၂၀၁၂)ရဲ့ စကားတစ်ခွန်းက ပဲ့တင်ထပ်နေပါတယ်။


" ထုံးတမ်းဓလေ့ယဉ်ကျေးမှုကို ဖျက်ဆီးဖို့အတွက် စာအုပ်တွေကို မီးရှို့ပစ်ဖို့ မလိုပါဘူး။ လူတွေ စာဖတ်တာ ရပ်သွားအောင်သာ လုပ်။ "


ကျွန်တော်တို့မြန်မာနိုင်ငံမှာ စာဖတ်တာရပ်သွားတဲ့လူဦးရေ ဘယ်လောက်တောင် ရှိနေပြီလဲဗျာ။ ရင်မောရပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ဆက်လက်ရုန်းကန်ကြရဦးမှာပါပဲ။


-- 18.12.2015; 12:05 am

Living Color Magazine No. 246, January 2016


Publisher Name: စံပယ်စာအုပ်တိုက်

Publisher Address: အမှတ်(၁၁၀/၁၁၂)-၃B ၄၈လမ်း (အလယ်ဘလောက်)ဗိုလ်တစ်ထောင်မြို့နယ်။ ဖုန်း - 09 5413720

Publisher Phone Number: 09 5413720, 01 398657


Related Books

Book Review Image

မက္ကဇင်ပါပီ

ပါပီယွန်
Book Review Image

အတ္တလန်တစ် ရှာပုံတော်

သင့်လူ
Book Review Image

ပိတ်ထားတဲ့ အခန်း

ဒီနိုဗို
Book Review Image

တစ္ဆေ

ဒီနိုဗို
Book Review Image

ညဖြူဖြူ ၊ သူတော်စင်ရူး ၊ သူခိုးငရိုး

တင်ဦးခက်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

တကွဲတပြား

ဒီနိုဗို
Book Review Image

​နွေကန ္တာ၊မြကတ္တီပါလမ်​းမှသည်​မဟာရံတံတိုင်​းဆီသို့

တင်မောင်မြင့်
Book Review Image

မုသားပေါင်းချုပ်

တော်ကောင်းမင်း
Book Review Image

မိစၦာကျွန်း

ဝေယံဘုန်း
Book Review Image

ဒီကနေ့ညအတွက်_မိုးလေဝသခန့်မှန်းချက်ကတော့_မှောင်ပါမယ်

လူသာမန်
Book Review Image

သိအောင်_စာဖတ်ရတယ် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ဆင်မြူရယ်ဘက်ကက်၏ ပြဇာတ်တို သုံးပုဒ်

မြင့်သန်း
Book Review Image

ညီပုလေး၏ မြေးသူကြီး

ညီပုလေး
Book Review Image

BOOK REVIEW - e book - မင်​း​သေ့

မင်းသေ့
Book Review Image

စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ

လေးကိုတင်
Book Review Image

စာအုပ်အညွှန်း ၁၂ အုပ်

မင်းသေ့