တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။
ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။
အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမှာမှာတော့ ဒီဇာတ်ကောင်ကို သူဘာသဘောနဲ့မှ ဖန်တီးခဲ့တာ မဟုတ်ပါဘူးတဲ့။ သူဟာသူ စိတ်တွေညစ်နေတဲ့အချိန် ရေးခဲ့ပြီး သူ့ရဲ့ အစိတ်အပိုင်းတစ်ချို့ ၊ စိတ်ဆန္ဒတစ်ချို့နဲ့ ဖန်တီးမိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ပါတဲ့။ ဆရာမချိုပိန်းနောင်ရဲ့ အမှာမှာတော့ ရိုဆယ်လာဟာ ကင်မလီနဲ့ မေကို သတိရစေတဲ့ ဇာတ်ကောင်တစ်ကောင်၊ သူ့ကိုတောင် ဆွဲဆောင်သွားနိုင်တဲ့ မိန်းမတစ်ယောက် အနေနဲ့ တင်စားသွားတယ်။ ကိုယ်အတွက်တော့ ရိုဆယ်လာဟာ ခေတ်သစ် မီ။ မီနဲ့ ရိုဆယ်လာကွဲပြားချက်က မီက သူ့ဘဝသူ ရေစုန်မေှျာလိုတာကို ထုတ်ပြတယ်။ ရိုဆယ်လာကို ကိုယ်တို့ သိရတာက သူနဲ့ ပတ်သက်တဲ့ ယောကျာင်္းတစ်ယောက်ဆီကပဲ သိရတာ အဲဒါ နှစ်ခုကွာတယ်။
ရိုဆယ်လာကို စွဲလမ်းမိလို့ သူဆီကို သူ့အခန်းကို တစ္ဆေတစ်ကောင်လို ရောက်ရောက် လာတတ်တဲ့ ရိုဆယ်လာကို သူ စိတ်ဆိုးလို့မရဘူး။ ရိုဆယ်လာဟာ ပေါ်လာချင်တဲ့အချိန် ပေါ်လာတယ်။ တစ်လကိုးသီတင်းနေချင်လဲနေတယ်။ တစ်ညနေပြီး ပျောက်ချင်ပျောက်သွားတယ်။ လေး ငါးလလောက်လည်း ပြန်ပေါ်လာချင်မှ ပြန်ပေါ်လာတယ်။ ညနက်သန်းခေါင်လည်း ရောက်ချင်ရောက်လာတယ်တယ်။
ရိုဆယ်လာဟာ ကြောက်ဖို့ကောင်းသလို စွဲမက်ဖွယ်လည်း အတိ၊ ကလေးတစ်ယောက်လိုလည်း ချစ်ဖွယ်ကောင်းပြန်တယ်။ မြင်နေကျ ပုံစံခွက်ထဲက မိန်းခလေးတွေနဲ့ ဆန့်ကျင်နေသူတစ်ဦး။ သူက ရက်စက်ချင်တဲ့အခါ ရက်စက်ပေမယ့် သိမ်မွေ့နူးညံတဲ့အခါမှာတော့လည်း သူမတူအောင်ပဲ။ တစ်ရက် အဖိုးကြီးတစ်ယောက် လမ်းမပေါ်မှာ လဲကျနေတာကို သူက အိမ်အထိရောက်အောင် ပို့ပေးတယ်။ ဒါဏ်ရာတွေကို ဂရုတစိုက်ဆေးထည့်ပေးတယ်။ အဲဒီအိမ်က လိုအပ်တဲ့ အကူအညီတွေလည်း ပေးလိုက်သေးတယ်။
ရိုဆယ်လာဟာ အမေှာင်ခြမ်းနဲ့ အလင်းခြမ်း ပေါင်းစပ်ထားတဲ့ အရာတစ်ခု။ ဒီလိုနဲ့ ရိုဆယ်လာပျောက်သွားတဲ့အခါမှာ သူ့ကိုချစ်မိ၊ စွဲလမ်းမိတဲ့ ကောင်ကလေးဟာ စိတ်ရောဂါကို ရပါရောလား။ ရိုဆယ်လာရဲ့ နောက်ဆုံးတစ်ကြိမ် တံခါးလာခေါက်သံမှာတော့ သူဒီတံခါးကို မဖွင့်ပေးနိုင်တော့ဘူး။ မနက်မိုးလင်းတော့ ဒေါက်ဖိနပ်သံလေးဟာလည်း တစ်ဖြည်းဖြည်း လေှကားအတိုင်း ပြန်ဆင်းပြီး ပျောက်ကွယ်လို့သွားတယ်။ ကိုယ်မှာ နောက်ဆုံးစာမျက်နှာရောက်တော့ တံခါးပဲ ပြေးဖွင့်ရတော့မလို၊ လမ်းတွေမှာ ရိုဆယ်လာကို လိုက်ရှာရတော့မလိုဖြစ်ပြီး ကျန်ခဲ့လို့။
တကယ်လို့များ ဖန်တီးသူ မယ်လွင့်ကို တွေ့ရင် ကိုယ်တောင်းဆိုမှာက Rosella အကြောင်းလေးကို ဒီစာအုပ်ရဲ့ အဆက်အနေနဲ့ ရေးပေးဖို့ တောင်းဆိုမိမှာ။
မယ်ကျွိ
ည ၁၂နာရီ တိတိ
၂၅ရက် မတ်လ ၂၀၁၇