စာအုပ်အမည် - #မြစိမ်းပြာကမာရွတ်
စာရေးသူ - #နုနုရည်အင်းဝ
စာအုပ်တန်ဖိုး - 4000/-ကျပ်
ထုတ်ဝေသူ - စိတ်ကူးချိုချို
တတိယအကြိမ် .. ၂၀၁၇ ခု မတ်လ
နီတာ စာအုပ် တစ်အုပ်အကြောင်း ရေးချင်မိပါသည်။
အဲလိုဆိုပြန်တော့ နွားခြေရာခွက်ထဲက ကိုယ့်အတွေးတွေ သုံးသပ်ချက်တွေကို မြင်မိတဲ့အခါ စာအုပ်စာရေးဆရာ/ဆရာမတို့က မြင်းထိန်းငတာလို နှုတ်ပိတ်ခပေးပြီး လာပိတ်မှာမျိုးနှင့် ကြုံမှာလဲ စိုးမိပါသည်။
မြင်းထိန်းငတာလိုဆိုတာက ယောမင်းကြီး ဦးဖိုးလှိုင်ရေးသား ပြုစုတဲ့ ဝိမုတ္တိရသကျမ်း၊ ကာယနုပဿနာကျမ်း၊ ဥတုဘောဇနကျမ်းတွေကို အဲဒီ မြင်းထိန်းငတာက လူစုလူဝေးရှိတဲ့အရပ်တွေ လူစုစု စုစုရှိတဲ့အရပ်တွေ အလှူတွေ မသာအိမ်တွေမှာ အရမ်းကောင်းကြောင်း ဝေဖန်ပြောဆိုနေတဲ့အကြောင်း ဦးဖိုးလှိုင် သိသွားတဲ့အခါမှာ .. အဲဒီ စာမတတ်တဲ့ မြင်းထိန်းငတာကို ဦးဖိုးလှိုင်က ခေါ်ပြီး နောင်အခါ သူ့စာအုပ်တွေ ကောင်းကြောင်း မပြောဖို့ နှုတ်ပိတ်ပါသတဲ့လေ….
ဒါပေမဲ့လဲ နီတာ လောလောလတ်လတ်ဖတ်ထားသည့် ဆရာမ နုနုရည်(အင်းဝ) ရေးသားထားသည့် “မြစိမ်းပြာကမာရွတ်” အကြောင်း အရမ်း ပြောပြချင်မိပါသည်။ နီတာမသည် ဆရာမကို ပထမဦးဆုံး ဖတ်ဖူးသည့် “ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ဆိုသည့် ဝတၳုနှင့်ပင် လေးစားလာခဲ့သည်။ ချစ်ခင်လာခဲ့သည်။ အဲဒီစာအုပ်က စပြီး ဆရာမ နာမည် ပါသည့် စာတွေ မှန်သမျှ အတိုအရှည်မရွေး ဖတ်ခဲ့သည်။ ဇာတ်လမ်းတိုင်းသည် လူ့လောကတွင် ဖြစ်ပျက်နေသည့် သရုပ်အမှန်များစွာအကြောင်း ဘဝ ဘဝတွေ အကြောင်း ရသကို ပုံဖော်နိုင်လွန်းသည့် ဆရာမကြောင့် ဝတၳုတိုတိုင်းတွင် တနင့်တနဲ ခံစားခဲ့ရသည်။ “ထမီလေး တစ်ထည်” တွင် မိဒိုးအား သနားလွန်း၍ အသံမထွက်စတမ်း ရင်ထဲ စိတ်ထဲတွင် အာခေါင်ခြစ်၍ အော်ငိုမိသည်။ နောက်တစ်ထည် အပိုမပေးထားသည့် ဆရာမကို စိတ်နာမိသည်။ နီတာ ပြောချင်သည့် မြစိမ်းပြာကမာရွတ်ထံ မရောက်မည်စိုး၍ မြစိမ်းပြာကမာရွတ်အကြောင်း ဆက်ပြောချင်ပါသည်။
၁၉၉၃ ခုနှစ်ကတည်းကရေးသားခဲ့ပြီး အမျိုးသားစာပေ ဝတၳုရှည်ဆု ရခဲ့တဲ့ စာအုပ်၊ အစိုးရက သူပုန်စာရင်းဝင်စာအုပ်အဖြစ် သတ်မှတ်ပြီး စောင့်ကြည့်ခံခဲ့ရတယ်လို့ ဆရာမရဲ့ စာညွှန်းမှာ ဖတ်ရ မှတ်ရပါတယ်။
မြစိမ်းပြာကမာရွတ်.. ဆရာမက ဘာလို့ ဒီလို နာမည် ပေးခဲ့တာလဲ ဆိုသည့် မေးခွန်းကို အခါခါ မေးကြည့်နေမိသည်။ ၁၉၉၃ ခုနှစ်က ကမာရွတ်သည် မြို့ပြဆ“ြန်လွန်းခဲ့၍ ဖြစ်မလားဟု တွေးမိသည်။ ကိုယ်တိုင်ဖတ်နေရင်းနှင့် စာအုပ်ထဲက ဇတ်ကောင်များအကြားတွင် မောဟိုက်ရင်း မွန်းကြပ်ရင်း နစ်မြောရင်း သက်သာရာရရင်းနှင့် စာအုပ်ပြီးသွားမည်ကိုပင် စိုးရိမ်မိသည်အထိ ဖတ်၍ ကောင်းခဲ့သည်။
နီတာသည် ရန်ကုန်ရောက်နေသည့် တောသူမ ဖြစ်သည့်အတွက်လည်းကောင်း၊ ရန်ကုန်လူနေမှုဘဝတို့ကို စူးစမ်းချင်နေမိသူ ဖြစ်သည့်အတွက်လည်းကောင်း၊ မြို့ပြယဉ်ကျေးမှုတို့၏ မွန်းကြပ်ပိတ်လှောင်နေမှုတို့ကို ကြောက်ရွံ့နေမိတတ်သူ ဖြစ်သည့်အတွက်လည်းကောင်း စာရေးဆရာမ ပေးချင်သည့် အကြောင်းအရာကို ရောက်အောင် တွေးရင်း ဖတ်ရင်း ဖြင့် အရသာခံနေမိသည်။
အထပ်မြင့်တိုက်တွေကြားမှာ သွားလာနေထိုင်သူ တစ်ဦး ဖြစ်လာမည့် ကိုယ့် ကိုယ် ကိုယ်လဲ ဘယ်လို ပုံစံ ဖြစ်လာမည်မသိဟူသောစိတ်များနှင့် တိုက်ခန်းကျဉ်းကျဉ်းများတွင် နေထိုင်သည့် ခိုလို လူသားတွေ အကြောင်း အသက်မရှူစတမ်းဖတ်ရင်း တစ်ခန်းချသွားချိန်တွင် ကိုယ်တိုင်လဲ သက်ပြင်းမောအရှည်ကြီးတွေ ချ ချမိတတ်သည်။ နီတာကသာ ဖတ်ရင်း မောနေသည်။ ဖတ်ရင်း အသက်ရှူမဝ ဖြစ်နေသည်။ ဖတ်ရင်း စိတ်မောလာသည်။ ဒါပေမဲ့ ဇာတ်ကောင်များသည် အဲဒီတိုက်ခန်းကျဉ်းကျဉ်းလေးကိုပင် မက်မက်မောမော ဖက်တွယ်ရင်း ရုန်းကန်လှုပ်ရှားနေကြပြန်သည်။
တိုက်ခန်းကျဉ်းကျဉ်းလေး၏ မီးပြဿနာ၊ ရေပြဿနာ၊ ကန်ထရိုက်တာတွေရဲ့ ငွေရလိုမှုနှင့် ပြီးစလွယ် ဆောက်မှုကြောင့်စိတ်ပူနေရတဲ့ တိုက်ခန်းတစ်ခန်းရဲ့ ခိုင်ခံ့မှုပြဿနာတို့ကို နေ့စဉ် နေ့တဓူဝ ရင်ဆိုင်ကြရင်း …. အခန်းရှင် အခန်းငှား မြေပိုင်ရှင် တို့ရဲ့ ဘဝဘဝပုံရိပ်တို့ကို တစ်နေရာတွင် ဆေးရောင်အနုလေးသုံးလိုက် နောက်တစ်နေရာတွင် ခပ်ကြမ်းကြမ်းလေး ရေးခြစ်လိုက်နဲ့ တစ်အုပ်လုံးကို ရောင်စုံရသချယ်မှုန်းသွားနိုင်လွန်းတဲ့ ဆရာမကို နီတာ ပါးစပ်အဟောင်းသားနဲ့ ငေးမော အားကျနေမိခဲ့သည်။
စာအုပ်ထဲက တိုက်ခန်းတစ်ခန်းမှာနေတဲ့ ဖိုးဘတင် ရေရွတ်လိုက်တဲ့ စကားလုံးတွေက တောသူမ နီတာကို သဘောတကျပြုံးမိစေသည်။ ဖိုးဘတင်ပြေသမျှကို ဟုတ်ပါ့ ဟုတ်ပါ့ ဖိုးဘတင်ရေလို့ အသံထွက် ပြန်ပြောမိနေတတ်သည်။
…..“ဘယ်လို အသံထွက်တွေလဲ မသိပါဘူး။ ရန်ကုန်လေသံဝဲဝဲနဲ့ ထွက်တဲ့အသံထွက်။ ခေါ်တဲ့ အခေါ်အဝေါ်တွေကို ဖိုးဘတင် တစ်မျိုးကြီးခံစားရတယ်။ မုန့်ကို မုတ်တဲ့၊ မုန့်ကိုလည်း မှုတ်တဲ့၊ မြင့်ကို မြစ်တဲ့၊ စ နဲ့ ဆ ကိုလဲ မကွဲကြဘူး။။ မုန့်စားမယ်ဆို မုတ်ဆားမယ်၊ အချိုမှုန့်ဆို အချိုမှုတ်တဲ့ ကြည့်ပါလား၊ ကြက်သွန်ကို တစ်ဥ၊ နှစ်ဥ မခေါ်ဘူး။ တစ်လုံး၊ နှစ်လုံးတဲ့။။ မုန့်ဟင်းခါးကို စားတယ်တဲ့။ ဖိုးဘတင်က မုန့်ဟင်းခါး သောက်မယ်ပြောတိုင်း သူတို့မယ် ရယ်ရတာ အမော။”
“မတူတာတွေကတော့ အများကြီးပါ။ ဘော့လုံးကို သူတို့က ဘောလုံးတဲ့။ ထိုရကို ပဲပင်ပေါက်တဲ့။ ကြာညို့ကို ပဲငံပြာရည်တဲ့။ ခါကြက်ဥကို မုန်လာဥနီတဲ့။ မုန်လာထုတ်ကို ဂေါ်ဖီထုပ်။ ပန်းမုန်လာကို ပန်းဂေါ်ဖီတဲ့။ လက်ဖက်ရည်ကြမ်းကို ရေနွေးကြမ်းတဲ့”….
စာအုပ်ကို ဆွဲဆောင်သွားတဲ့ အပိုင်း တစ်ပိုင်းပါပဲရယ်။
ရန်ကုန်မြို့ကြီးဆိုတာ ဆရာမရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ လတ်လတ်ပြောနေ တွေးနေသလိုပေါ့ .. “ဟို အိမ်ပွဲစား တစ်ယောက် ကြော်ငြာသလိုပေါ့။ စိန်မရှိရင် နေလို့ရတယ်။ အိမ်မရှိရင် နေလို့မရဘူးဆိုတာလေ။ မှန်တာပေါ့။ သိပ်မှန်တာပေါ့။ ရန်ကုန်မြို့က လူတွေအတွက် ပိုလို့ မှန်တာပေါ့” တဲ့..
၁၉၉၃ ခုနှစ်က စကား ခုထိလဲ မှန်နေတုန်းပဲ ဆရာမရေ လို့ စိတ်ထဲက ပြန်ပြောမိတယ်။ လတ်လတ်ကို ကြည့်ရင်း စက်ရုပ်မလေးလို မြင်မိရင်း ကိုယ်တိုင်လဲ စက်ရုပ်တစ်ရုပ်လိုများ ဖြစ်နေမလား ပြန်ကြည့် .. တော်ပါသေးရဲ့ ဆိုပြီး သက်ပြင်းချရင်း နောက်တစ်ခန်း ကူးမိပြန်တယ်။
နီတာက မိန်းကလေးဆိုတော့ စပ်စုချင်စိတ်ကလဲ အများသားကိုး .. ဆရာမက တိုက်ခန်း ၁၂ ခန်းပါတယ်လို့ ဦးဆုံးမျက်နှာမှာ ရေးထားလို့ .. တိုက်ခန်း ၁၂ ခန်းဆိုတော့ စပ်စုရမှာ အများသားဆိုပြီး တွေးမိသေးတယ်။ ဒါပေမဲ့ တစ်ချို့ အခန်းတွေက အခန်းလွတ်တွေပါ။
အပျိုကြီးတွေ အခန်းကို ဝင်ကြည့်မိတော့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို စိတ်ရှုပ်မိတယ်။ နောက် ဒီခေတ်ကြီးက ချေွတာနိုင်မှ စစ်စီနိုင်မှ တော်ရုံကျမယ် ဆိုတဲ့ အပြောနဲ့ အလုပ် တစ်ထပ်ထဲကျအောင် လုပ်နေတဲ့ အန်တီခင်လေးကြောင့်.. နီတာ ပိုပြီး စိတ်တွေရှုပ်မိပြန်တယ်။ နောက် ကြောင်တွေနဲ့ စိတ်ရှုပ်မိပြီး သူတို့အခန်းတံခါးပိတ် အလုပ်သွားမှပဲ တော်ပါသေးရဲ့ လုပ်မိတယ်။ ဒါတောင် အခန်းတံခါးအဖွင့်မှာ ဟိုဘက်ခြမ်းက ဒေါသကြီးတတ်တဲ့ ဆရာနဲ့ ကြုံမှာကို ကြောက်ပြီး တံခါးမဖွင့်ပဲ စောင့်နေလို့ အသဲယားလိုက်ရသေး။ သြော် သူတို့မလဲဆိုပြီး နောက်တစ်ခန်းဆက်သွားဖြစ်တယ်။
နောက်တစ်ခန်းရောက်တော့ ပိုပြီး စိတ်မောရပြန်ပါသည်။ မောရသည်ဆိုသည်က တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေတဲ့သူတို့ မိသားစုဟာ စီးပွားရေးက အဆင်တပြေကြီးရှိလှတယ်ရယ်မဟုတ်ပဲ မိသားစုဝင်ဦးရေတွေက အများကြီး ဖြစ်နေတာကိုပါပဲ။ ဒါပေမဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့သူက ဘယ်လိုအခက်အခဲတွေရှိရှိ ပျော်ပျော်ရွှင်ရွှင်နေတတ်တော့ အိမ်ရဲ့ အပူက လျော့ပါးနေသယောင် ထင်ရသည်။ မိန်းမဖြစ်သူက ဂုဏ်အတွက် သမီး ၂ယောက်ကို ဝင်ကြေးပိုကုန်သည့် ကျောင်းကို သွားထားခြင်းကြောင့် တစ်မျိုး ..ယောကျ်ားဖြစ်သူ အိမ်ထောင်ဦးစီးက မီးဖိုချောင် ဝင်ချက်တာကြောင့်တမျိုး ..တို့ကြောင့် ငွေအပိုတွေ ကုန်နေရတယ်ဆိုပြီး တွေးမိပြီး အဲဒီအိမ်ရဲ့ အသုံးစရိတ်ကို ဝင်ပြီး စီမံခန့်ခွဲပေးနေ မိသေးသည်။
နီတာ စာတွေ ရှည်နေပြီလား မသိ…
ဒီစာအုပ်တွင် နီတာ အကြိုက်ဆုံး ဇာတ်ကောင်ဖြစ်သည့် အညာသားအဖိုးအို ဖိုးဘတင် အကြောင်းမပြောလျှင် မပြီး၍ ဖိုးဘတင်အကြောင်း ပြောပြချင်မိပါသေးသည်။ ဖိုးဘတင်က အညာသား တောသားပီပီ လွတ်လပ်အေးချမ်းစွာ နေထိုင်ခဲ့ရသည့် ပင်ပန်းသော်လည်း အေးချမ်းသည့် အညာ၏ လူမှုဘဝကို ရန်ကုန်က ပူပန်ခြင်းများပေါင်းစုနေသည့် လူမှုဘဝနှင့် နှိုင်းချိန်ပြသည်။ အညာ၏ အစားအစာတို့ကို ရန်ကုန်က သူတို့ခေါ်သည့် စားကောင်းသောက်ဖွယ်များနှင့် ယှဉ်ချပြသည်။ ဖိုးဘတင် ပြောပြောနေသည့် ရွာက ပဲပြုတ်၊ ရွာက သီးစုံချဉ်ရေ၊ ရွာက မလိုင်လုံးတွေရဲ့ အရသာကို ရန်ကုန်သူ/ရန်ကုန်သား သူ့မြေးတွေ သိမည်မထင်။ အုန်းထမင်းချက်အကြောင်းများရောက်တော့ ရွာကို အပြေးသွားပြီး စားလိုက်ချင်မိသေးသည်။ ရန်ကုန်က အကြောင်းအရာတစ်ခုခုတိုင်းကို အညာတောရွာ၏ အကြောင်းများနှင့်ယှဉ်ချ ရေးပြထားချိန်တွင် ဖိုးဘတင်ကို သနားလာသည်။ ဖိုးဘတင်နေရာတွင် ကိုယ်တိုင် အဖွားကြီးတစ်ဦးဖြစ်လာပြီး ဖိုးဘတင်လို နေထိုင်သွားရမည်ကို စိုးရိမ်လာသည်။
ဂျပန်သွားချင်၍ ပညာမတတ်၊ ရုပ်မလှတဲ့ သူဌေးသမီးကို ဇနီးမယားအဖြစ် လက်ထပ်လိုက်တဲ့ သားအဖြစ်ကို ကြည့်နေရတဲ့ ဖိုးဘတင်ရဲ့သားနဲ့ .. အရာရာကို ပွဲစားဆန်ဆန် ဆုံးဖြတ်လုပ်ကိုင်တဲ့ သူ့ဇနီးကို သြော် … ဆိုပြီးသာ ဖိုးဘတင် မြေးလေး မင်္ဂလာပွဲ တက်လိုက်ရပြန်သေးသည်။ ရန်ကုန်မှာမွေး၊ ရန်ကုန်မှာနေ၊ ရန်ကုန်စရိုက် မြေးမ ၂ ယောက်နှင့် အညာသား အဘိုးဖြစ်သူ ဖိုးဘတင်တို့ကြားက ခေတ်ကွာဟချက်တွေအကြောင်းက မဖော်ပြသော်လည်း ရုပ်လုံးကြွလာသည်။
အောက်ဆုံးထပ်တွင်နေသည့် မြေရှင်သားအမိအကြောင်းတွင်လည်း စိတ်သဘောထားပြည့်ဝပြီး တိုက်တွင် နေထိုင်သည့်သူများအားလုံးကို ကူညီတတ်သည့် နားမကြားသည့် ဆန်နီဘွိုင်းနှင့် သူ့အမေ ဒေါ်မေရီတို့၏ ဇာတ်ကြောင်းကလဲ လူထဲက လူတွေအကြောင်း ပေါ်လွင်လာပြန်သည်။
အဲဒီ အထပ်မြင့် ၁၂ ခန်းတွဲ တိုက်ခန်းတွင် ရန်ကုန်မြို့၏ လူနေမှုဘဝယဉ်ကျေးမှုကို စုံနိုင်သမျှ စုံအောင် ရေးထည့်ထားနိုင်ခြင်းကို အလွန်သဘောကျမိပါသည်။ ဇာတ်ကောင်မျိုးစုံကို တစ်ယောက်နှင့်တစ်ယောက် အကြောင်းခြင်းမထပ်ရအောင်၊ ရသစုံအောင် ရေးသားနိုင်လွန်းသည့်ဆရာမ နုနုရည် (အင်းဝ) ဖြစ်ပါသည်။
သူတို့ကိုကြည့်ရင်း နီတာသည်လည်း အထပ်မြင့်တိုက်ခန်းတွေကြားမှာ နေထိုင်သူတစ်ဦးဖြစ်လာခဲ့လျှင် ဆိုသည့်မေးခွန်းကို မရဲတရဲ ပြန်မေးကြည့်မိသည်။ နီတာသည် တိုက်ခန်းကျဉ်းတွင် အညောင်းမိနေသည့် ခိုလူသားတော့ မဖြစ်ချင်ပါ။ မဖြစ်ချင်လျှင် မည်ကဲ့သို့ ဖြေရှင်းမည်နည်းဆိုသည့် မေးခွန်းကို အခါခါ ပြန်မေးကြည့်သည့်အခါ .. ဒါထက် ပိုကြိုးစားရမှာပေါ့ဆိုသော အဖြေ စကားလုံးနောက်ကွယ်က နက်ရှိုင်းမှုသည် တိုင်းတာ၍ မရနိုင်။ ဒါမှမဟုတ် ရယ်ရွှန်းဖတ်ရွှန်းဖြင့် ထီဆုကြီး ပေါက်ချင်ပါသည်ဟု ဖြေရမည်လား။ ခိုင်ခံ့သော ခိုအိမ်လေးများ ကျယ်ဝန်းလာပါစေ၊ များလာပါစေဟု ဆုတောင်းရမည်လား။ အတွေးများနှင့် ချာချာလည် နေစေခဲ့သည်။
#နီတာ