၁ ။ ထွေးနှစ်ဖော်
မြို့ကြီးသူခင်ထွေးနဲ့ တောသားမောင်ထွေးတို့ရဲ့ ခပ်ရိုးရိုး အချစ်ဇာတ်လမ်းလေး... မောင်ထွေးရဲ့စိတ်ထဲမှာ သူက တောသား ဆင်းရဲသား ခင်ထွေးဟာ မြို့သူ ကြွယ်ဝသူ.. အလှမ်းချင်းကွာတော့ အချစ်ပန်းကို လှမ်းမဆွတ်ရဲဘူး.. ခင်ထွေးကလည်း မောင်ထွေးလိုလူကို ချစ်မိရင် ဂုဏ်ကြီးတဲ့ မိဘတွေက ဝိုင်းဖျက်မှာပဲဆိုတာသိတော့ ချစ်ချင်ပေမယ့် အားမရှိကြရှာတဲ့ ထွေးနှစ်ဖော်.. နောက်ဆုံး ပညာရင်သောက်စို့ရာ တက္ကသီလာမှာ အတန်းတစ်တန်းတည်း ပြန်တွေ့ကြတဲ့အထိ ပိုနေမြဲ ကျားနေမြဲ ... မောင်ထွေးကလည်း ချုပ်တည်းသလို ခင်ထွေးကလည်း သိုသိပ်တယ်..ဒီတော့ ထွေးနှစ်ဖော်ကို ဖူးစာရေးနတ်က မျက်နှာသာပေးမှာလားမသိ.... ဒီဝတ္တုတိုလေးဟာ ဒီစုစည်းမှုထဲမှာ အရှည်ဆုံးတစ်ပုဒ်ပါ....
၂ ။ ရှေးခေတ်ဟောင်း
မြဝတ်ရည်ဆိုတဲ့ ကလေးမလေးတစ်ယောက် အရင်အဘိုးအဘွားတွေနေခဲ့တဲ့ အခန်းလေးထဲက ပန်းကန်ခွက်ယောက်တွေ ကျွန်းသေတ္တာကြီးတွေ စောင်းကောက်အိုကြီးတွေကို မြင်ပြီး အရင်က အဘိုးအဘွားတွေရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ပြီး လွမ်းမိ တမ်းတမိ နွမ်းလျမိတဲ့အကြောင်းပါ...ကဗျာဆရာကြီးဖြစ်တဲ့ ဆရာမင်းသုဝဏ်ဟာ စာပိုဒ်တွေရဲ့ အဆုံးသတ်ဝါကျတိုင်းကို ကာရန်ချိတ်ဆက်စကားပြေအရေးအသားနဲ့ ပိတ်ခဲ့တာ တကယ်နှစ်သက်စရာကောင်းပါတယ်..
၃ ။ မောင်နှမ
မိဘတွေ တုပ်ကွေးကပ်ကြောင့် ကွယ်လွန်ပြီးတဲ့နောက်မှာ ညီမငယ်လေး မြဦး ကို စိတ်မချတာနဲ့ မြဦးအိမ်ထောင်ရက်သားကျပြီးမှ သူလည်းတစ်အိုးတစ်အိမ်ထောင်မယ်ဆိုပြီး ညီမငယ်ကို အရိပ်တကြည့်ကြည့် ချစ်တယ် ဂရုစိုက်တယ်.. ညီမငယ်ကလည်း အစ်ကိုကြီးကို ချစ်တယ်..အိမ်မှုကိစ္စတွေမလစ်ဟင်းရအောင် ထိန်းသိမ်းတယ်.. မောင်နှမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ပတ်ဝန်းကျင်ကတောင် စံထားရတဲ့အထိပဲ.. ဒါပေမဲ့ နောက်ဆုံး နှမငယ်က ဟိုယောင်ယောင် ဒီယောင်ယောင် လက်ကြောမတင်းတဲ့ တစ်ရွာသား မောင်ပွနဲ့ ခိုးရာလိုက်သွားတော့ မောင်လှထူးတစ်ယောက် .........
၄ ။ ကွန်ဂဒူး
ဒီတစ်ပုဒ်ကတော့ ပုံပြင် နည်းနည်းဆန်ပါတယ်..လင်သေ သားပျောက်တဲ့ မွန်မလေးတစ်ယောက် ရင်ကွဲဇာတ်သိမ်းပြီး မြစ်ရိုးဘေးမှာ သနားစဖွယ်အော်မြည်နေတတ်တဲ့ ကွန်ဂဒူးငှက်ကလေးဖြစ်လာပါတယ်ဆိုတဲ့အကြောင်းပါ.. သဘောကျမိတာက လူတစ်ယောက်ရဲ့ရင်ထဲက စိတ်ခံစားချက်နဲ့ ပတ်ဝန်းကျင်အနေအထားကို တွဲဖက်သရုပ်ဖော်ရင်း မွန်မလေးရဲ့ သောကထုထည်ကို ပေါ်လွင်ထင်ရှားစေတာပါ...
၅ ။ ဥသြ
ဈေးရောင်းရင်းနဲ့ ဥသြတွန်သံကြားရင် လွမ်းလွမ်းဆွေးဆွေးနဲ့ သီချင်းလိုက်ဆိုတတ်တဲ့ ကုန်စိမ်းသည်မောင်လှ .... အဲ့သီချင်းသံလေးကို စွဲလမ်းမိတာက ရွာသူကြီးသမီး မစိန်သန်း.. ဖူးစာရေးနတ်ကုလာဖန်ထိုးလို့ ချစ်သူဘဝရောက်ခဲ့ပေမယ့် အခြေကြီးတဲ့ ရွှေမင်းသမီးကို ကုန်စိမ်းသည်မောင်လှ မခူးဆွတ်ရက်ပြန်ဘူး...ဒီလိုနဲ့ အချစ်ဇာတ်လမ်းလေးဟာ အလွမ်းနဲ့ ပြည်ဖုံးကားချခဲ့...
၆ ။ ဘကြီးအောင်ညာတယ်
ဒီတစ်ပုဒ်ကတော့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုပါဘူး... ကျနော့်အကြိုက်ဆုံးတစ်ပုဒ်လည်း ဖြစ်ပါတယ်.. ဖတ်မိတိုင်း မောင်ချစ်လေးကို သနားလွန်းလို့ စိတ်ထဲမကောင်းဖြစ်ရမြဲပါ..
၇ ။ သင်္ကြန်တုန်းက
ဒါကတော့ ဝတၳုတိုဆိုတာထက် ဆောင်းပါးဘက်နွယ်တဲ့တစ်ပုဒ်ပါ..
ဆရာကြီးတစ်ယောက် သင်္ကြန်အတက်နေ့မှာ နွားလွှတ်ပွဲလိုက်ဖြစ်ခဲ့တဲ့အကြောင်းလေးပါ..
၈ ။ မောင်ချိုနဲ့ မောင်ညို
လူမောင်ချို နဲ့ နွားမောင်ညိုကြားက သံယောဇဉ်ဇာတ်လမ်းလေး....
နွားမောင်ညိုကို အကြွေးနဲ့ ထိုးဆပ်လိုက်ရတဲ့အခါ မောင်ချိုတစ်ယောက် အိပ်ရာပေါ်လဲထဲအထိ..စာရေးသူဆရာကြီးက မောင်ညိုကြီးကို ပြန်သွားရွေးပေးခဲ့ပေမယ့် မောင်ချိုတစ်ယောက် စိတ်ထောင်းကိုယ်ကြေနှင့်ပြီးနေပြီ.. " မောင်ညိုရေ ငါတော့ မနေရတော့ဘူး.. အဖေ့ကို မင်းပဲလုပ်ကျွေးကျန်ခဲ့တော့ " လို့ မှာသွားတဲ့ပုံလေးက ဖတ်ရင်းနဲ့ ရင်နင့်စေပါတယ်..
စာညွှန်းအရမ်းရှည်မှာစိုးလို့ ဒီ ၈ ပုဒ်ကိုပဲ မိတ်ဆက်ပေးပါရစေ..ကျန်တဲ့ ၁၂ ပုဒ်ကလည်း အလှကိုယ်စီနဲ့မို့ ခံစားကြည့်စေချင်ပါတယ်.... အဲ့ထဲကမှ ကျနော်ထပ်ကြိုက်မိတာက နားသအလှူနဲ့ ရန်ရှင်းပါ..
အပိုင်းနှစ် ဘာသာပြန်ဘက် လှည့်ကြည့်ပါမယ်.. စုစုပေါင်း ၇ ပုဒ်ပါ.. ထိပ်ဆုံးတစ်ပုဒ်နဲ့ နောက်ဆုံးတစ်ပုဒ်ကို မိတ်ဆက်ပေးပါမယ်... ကျနော်လည်း တော်တော်ကြိုက်မိတဲ့နှစ်ပုဒ်ဖြစ်ပါတယ်...
၁ ။ ပေလဂေယ
( Pelageya by Michail Zoshchenko )
စာမတတ်ဘူး.. အရွယ်ရနေတော့ စာလည်းမသင်ချင်တော့ဘူးဆိုတဲ့ ပေလဂေယ.. နောက်ဆုံး သူ့ယောကျာ်းရဲ့အိတ်ထဲက လက်ရေးလှလှ ရေမွှေးနံ့တသင်းသင်းနဲ့ စာကိုတွေ့မှ သဝန်တိုစိတ်ပူပြီး
စာသင်ချင်စိတ်အသည်းအသန်ဖြစ်လာတဲ့အကြောင်း ...
၇ ။ နောက်ဆုံးသင်ခန်းစာ
( The Last Lesson by Alphonse Daudet)
ပြင်သစ်လူမျိုးတွေ ဂျာမန်လက်အောက်ရောက်တော့ ပြင်သစ်စာကို မသင်ရတော့ဘူး..ဂျာမန်စာကိုပဲ သင်ရတော့မယ် ဆိုတဲ့အခါ ဖရန့်တို့အတန်းမှာ ဒီနေ့ ပြင်သစ်စာကို နောက်ဆုံးသင်ရမယ့်နေ့ဖြစ်လာပါတယ်... ဆရာကြီးဟာမ်လ်ရဲ့ အတန်းထဲမှာ ကျောင်းသားတွေနဲ့အတူလာထိုင်နေကြတဲ့ မြို့ဝန်ဟောင်း စာတိုက်ဗိုလ်ဟောင်းနဲ့ အခြားသော သက်ကြီးရွယ်အိုတွေရဲ့ မျက်နှာပေါ်က ကြေကွဲမှုအရိပ်အယောင်တွေက စိတ်မျက်စိ်ထဲကို လာထင်ဟပ်ပါတယ်..ပြင်သစ်နွယ် ပြင်သစ်လူမျိုးဖြစ်ပါရဲ့နဲ့ ပြင်သစ်စာမသင်ရတော့ဘူးဆိုတဲ့ ခံစားချက်ကြီးက သူတို့ရင်ကို ဘယ်လိုတွေများ ထိုးနှက်နေခဲ့မလဲ... မေ့လျော့ပေါ့ဆနေခဲ့တဲ့ ဖရင်တို့ကျောင်းသားငယ်လေးတွေဟာလည်း သူတို့မကျွမ်းကျင်သေးပါဘူးဆိုတဲ့ မိခင်ဘာသာစကားကို မသင်ရတော့ဘူးဆိုမှ ကြိမ်နဲ့ စပ်စပ်အတို့ခံရသလို အလန့်တကြားတွေဖြစ်ကြရော။
ကျန်တဲ့ ၅ ပုဒ်ထဲမှာမှ Oscar Wilde ရဲ့ The Selfish Giant ကို ဘာသာပြန်တဲ့ တစ်ကိုယ်ကောင်းဆန်သောဘီလူးကြီးကတော့ ပုံပြင်နဲနဲဆန်တယ်..ဒါပေမဲ့ ဖတ်လို့ကောင်းတော့ ငယ်တုန်းက ပုံပြင်တွေနဲ့အိပ်ခဲ့ရတဲ့ညတွေကို ပြန်အမှတ်ရစေပါတယ်။
ps:ဈေးနှုန်းမမှတ်မိတော့လို့ပါ။
#ယမင်း
#Savethelibrary
#၀တ္တုတိုဖတ်ညွှန်း