Book Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်
အောင်ခင်မြင့်
၂၀၂၁၊ ဇန်နဝါရီ၊ ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
၂၀၀၀ ကျပ်
ကျော်မွှေးစာပေ
09 505 7791 


" စစ်သားတွေအတွက်တော့ စစ်ပွဲက ရတဲ့ ဆုတွေထဲမှာ လှပတဲ့အမျိုးသမီးတွေက ထိပ်ဆုံးက ပါတယ်။ ဧကရာဇ်ကြီး ချင်းဂစ်ခန်းအတွက်တော့ မိန်းမပျိုလေးတွေကို ခြေတော်တင်ပြီးတာနဲ့ သူ့စစ်သူကြီးတွေကို ဆုလဒ်အဖြစ် ပေးခဲ့လိမ့်မယ်။ သူရဲ့အင်ပါယာသက်တမ်း အနှစ်လေးဆယ်ကျော်မှာ ချင်းဂစ်ခန်းဟာ အင်ပါယာရဲ့နေရာအနှံ့က မိန်းမပျိုပေါင်း ရာနဲ့ချီပြီး နှိပ်စက်အိပ်စက်ခဲ့နိုင်တယ်လို့ ဂျွန်မန်း (John Man) ရဲ့ ချင်းဂစ်ခန်း (Ginghis Khan, 2004) စာအုပ်က ပြောတယ်။ " 


ဆရာ အောင်ခင်မြင့်ရဲ့ ဒီကဗျာစာအုပ်နာမည်နဲ့ပတ်သက်ပြီး ဆရာ ကိုကိုသက် ရေးပေးထားတဲ့ ' ခက်ခဲတဲ့ကဗျာတွေရဲ့ ကျူးကျော်သိမ်းပိုက်မှု ' ခန့်မှန်းချက်စကားထဲက စာတစ်ပိုဒ်ပါ။ 

" အာရှနဲ့ ဥရောပတလွှား နေထိုင်ကြတဲ့ မတူညီတဲ့ လူစုတွေထဲက ယောက်ျားလေး လူဦးရေ အနည်းဆုံး ၁၆ သန်းလောက်ဟာ ၁၃ ရာစုက ယောက်ျားတစ်ယောက်ထဲက ဆင်းသက်လာကြတယ်။ အဲဒီယောက်ျားတိုင်းရဲ့ ဝိုင်ခရိုမိုစုန်း (Y-chromosome) မှာ ပါတဲ့ သင်္ကေတက လွန်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်မှာ ရှင်သန်ခဲ့တဲ့ လူတစ်ယောက်တည်းဆီက ရတာလို့ ဆိုတယ်။ သိပ္ပံပညာရှင်တွေက အဲဒီလူ ၁၆ သန်းလောက်ရဲ့ လက်ရှိနေရပ်တွေကို ၁၃ ရာစု ချင်းဂစ်ခန်းအင်ပါယာမြေပုံနဲ့ ဆက်စပ်ကြည့်တော့ သူတို့တွေအားလုံးမှာ ချင်းဂစ်ခန်းသွေး ပါလာတာ၊ ချင်းဂစ်ခန်းကနေ ဆင်းသက်လာတာလို့ အတည်ပြုခဲ့ကြတယ်။ " 

ဒီစာပိုဒ်ဟာလည်း ဆရာ ကိုကိုသက်ရဲ့ခန့်မှန်းစာထဲက စာတစ်ပိုဒ်ပါ။ (ဆရာ ကိုကိုသက်က ချင်းဂစ်ခန်းလို့ အသံယူပြီး ဆရာ အောင်ခင်မြင့်က ဂျင်ဂျစ်ခန်လို့ အသံယူထားပါတယ်။) 

ဒီစာတွေရဲ့ဆိုလိုချက်က ခင်ဗျားရော ကျွန်တော်ပါ ' ဂျင်ဂျစ်ခန်သွေး ' ပါတဲ့လူတစ်ယောက် ဖြစ်နိုင်တယ်ဆိုတာပဲ။ ဒီကဗျာစာအုပ်ထဲကနေ ကောက်နုတ်ကဗျာ လေးပုဒ်ကို ရွေးချယ်ပြချင်ရဲ့။ 

⚔️ 

#မျောက်တွေအတွက်ကဗျာတစ်ပုဒ် 

တစ်ရက်ကနေ တစ်ရက်ကို ခုန်ကူးတဲ့ကြားထဲ
ဘယ်လိုဖြစ်ပြီး မျောက်တွေ ပြုတ်ပြုတ်ကျနေ
ဒီကောင်တွေဟာ မိရိုးဖလာယုံကြည်မှုအပေါ်
အယုံအကြည် မရှိကြတော့တာလား
ဒါမှမဟုတ် လက်တစ်ဖက်မှာ ဖုန်းတွေပဲ
မလွှတ်တမ်း ကိုင်ထားကြလို့လား
လေထဲမှာ ခုန်ကူးနေရင်းနဲ့များ
ဉာဏ်အလင်းပွင့်မှုတစ်ခု ရသွားတာလား
ကမ္ဘာကြီးတိုးတက်မှု ပြဇာတ်ထဲမှာတော့
ဒီကောင်တွေဟာ ကုတ်အင်္ကျီရှည်တွေနဲ့
ဦးထုပ်ချွတ်ပြီး ပရိသတ်ကို အရိုအသေပေးလို့
ပြီးတော့မှ ဒါဝင်ကို ခုံတစ်လုံးမှာ ကြိုးတုပ်
ပရိသတ်တွေ အားလုံးကြားအောင် 
ဦးစိတ်တိုဆိုတာ ဒါဝင်ရဲ့ရှင်သန်ထမြောက်မှု
ဒါကြောင့် သူ့ငှက်ပျောခြံဟာ သူ့ရဲ့မှားယွင်းတဲ့
အရင်းရှင်စနစ်သာ ဖြစ်ကြောင်း ဝန်ခံခိုင်းတယ်
ဒါဝင်က တစ်လမ်း ဘုရားသခင်က တစ်လမ်း
ဖြစ်နေတော့ ဒီကောင်တွေက အလယ်မှာရှိတဲ့
သစ်ပင်တွေမှာပဲနေတဲ့ အလယ်အလတ်ဝါဒီတွေ
သူတို့ဟာ မှန်ကြည့်တယ် ဆေးလိပ်သောက်တယ်
သန်းရှာတယ် လိင်ဆက်ဆံတယ် မဲပေးတယ်
သူတို့ဟာ ဘုရားမရှိခိုးတဲ့ မွေးရာပါမင်းမဲ့ဝါဒီတွေ
သူတို့ဟာ ခင်ဗျားလက်ထဲက မုန့်ကို လုမယ်
ခင်ဗျားရေးထားတဲ့ ပန်းချီထဲ ခင်ဗျားမသိအောင်
လိုင်းတစ်လိုင်း ဝင်ဆွဲ အစက်တစ်စက် ဝင်ချမယ်
သူတို့ဟာ ခင်ဗျားစားမယ့် မျောက်သားထဲ
တံထွေးထွေးခဲ့မယ် ပြီးမှ မျောက်သွေးနဲ့
ပန်းကန်ပြားပေါ်မှာ အသည်းပုံ ဆွဲပေးခဲ့မယ်
ဒီလိုနဲ့ ခင်ဗျားဆီမှာ သူတို့အမူအကျင့်တွေ
တဖြည်းဖြည်း ကူးစက်ကုန်မှာပဲလေ
ခင်ဗျားရဲ့အားလပ်ရက်တွေကို သူတို့သိတယ်
ခင်ဗျားဖုန်းရဲ့လျှို့ဝှက်နံပါတ်က အစ
ဘယ်အချိန်မှာ ခင်ဗျားလှေကြီးထိုးနေတာအထိ
အကုန်အကုန် သူတို့သိလာမယ်
လူတွေနိုးတဲ့အချိန်ကနေ အိပ်မက်ထဲအထိ
စကြဝဠာသိစိတ်ထုကြီးရဲ့ ကိုင်းခက်တွေပေါ်
သူတို့ရဲ့သားစဉ်မြည်းဆက်အကုန် အုံခဲလို့။ 

(** မြည်းဆက်ဆိုတဲ့ အသုံးဟာ ဆရာက ထွင်သုံးတာလား၊ စာရိုက်အမှားလား မသေချာလို့ ကျွန်တော် မပြင်ထားပါ။ ) 

⚔️ 

#ငယ်ရွယ်မှုသို့_ကဗျာတစ်ပုဒ် 

အဲဒီတုန်းက ငါ့ ဟာဝေယံအင်္ကျီအိတ်ကပ်ထဲကနေ အလင်းရောင်တွေ ဖြာထွက်နေတယ် 
မှတ်မိလား နေပူရာက ဗြုန်းဆို
မိုးတွေ သည်းကြီးမည်းကြီး ရွာချတာလေ 
နယူးယောက် ၁၃၂ လမ်းပေါ်မှာ 
ဒီလန်ရပ်နေတဲ့ပုံစံမျိုး ဂျင်းဘောင်းဘီအိတ်ထဲ
လက်နှစ်ဘက်လုံး ထည့်ပြီး ငါ ရပ်နေခဲ့တယ် 
ပြီးတော့ ကားထဲမှာ ကိုယ်တို့နမ်းနေတုန်း မီးပွိုင့်စိမ်းသွားလို့ 
နောက်ကားတွေ အဆက်မပြတ် ဟွန်းတီးကြတာ 
ဘယ်ခေတ်မှာမဆို
အချစ်ကြောင့် သေမလိုဖြစ်ခဲ့ကြတဲ့ လူငယ်တွေ ရှိတယ် 
ကံဆိုးတဲ့အများစုကတော့ တကယ်မသေခဲ့ကြဘူး
ကိုယ်တော့ မသေလို့
အခု နေ့တိုင်း ဝင်လာတဲ့ SMS တွေကို စာပြန်ပြီး 
ဖုန်းဘေလ်ကို ပွားအောင် လုပ်နေမိ 
သေရွာက ပြန်လာတဲ့လူတွေဟာ ဧည့်ခန်းထဲမှာ စီထားတဲ့ 
ဆုတံဆိပ်တွေကို လိုက်ကြည့်နေကြတယ်
ခံစားချက်အဟောင်းတွေဆိုတာ ကိုယ်မသိတဲ့အချိန်
ကိုယ့်အိမ်နံရံမှာ ပေါက်နေတဲ့ အုတ်ကပ်ပန်းတွေပဲ
မနက်စာ ပြင်ပေးရင်း ထောပတ်ပေါ်
မျက်ရည်တစ်စက် နှစ်စက်ကျတတ်တဲ့ အိမ်ရှင်မတွေ ရှိမယ် 
တချို့လည်း စောစောစီးစီး ခုံးထနေတဲ့ ကြောင်တွေကို
ကြမ်းပြင်ပေါ် ခြေဆောင့်ပြီး မောင်းထုတ်လိုက်တယ်
မိုးရေနဲ့စိုနေတဲ့လမ်းပေါ်မှာ
ငါ ကားမောင်းရင်း လေချွန်နေမိပြန်ပြီ 
အသည်းနှလုံးဆိုတာ မူလအတိုင်း
အမွေးအတောင်တစ်ခုမကျန် ပြန်ပြုလုပ်ထားတဲ့ 
အဆာသွပ် မျိုးတုံးငှက်တစ်ကောင်ပဲ။ 

⚔️ 

#အော့ချတ်လမ်းပေါ်က_တစ္ဆေတွေ 

အော့ချတ်လမ်းမကြီးအလယ်မှာ ယူနီကွန်းတစ်ကောင်
မလှုပ်မယှက် ရပ်နေတယ်
ကားတွေဟာ ရှေ့ဆက်သွားလို့ မရတော့ လမ်းသွယ်တွေထဲ ချိုးဝင်ကုန်ကြရဲ့
ဒီမှာက ဟွန်းမတီးရဘူး
ဟွန်းသံတွေဟာ ပြည်သူတွေကို
ထိတ်လန့်စေတယ်မဟုတ်လား
မနက်ဆယ်နာရီပဲ ရှိသေးတယ်
တချို့ဘဝတွေက လမ်းဆုံးနေပြီ
တချို့မျက်လုံးတွေထဲမှာ နာရီလက်တံဟာ
ပြောင်းပြန်လည်နေတယ်
မကြာပါဘူး မြေအောက်ဘူတာအဝနားမှာ
တစ်ပတ်ကို အားရက်တစ်ရက်ရတဲ့
အိမ်ဖော်တွေ လာစုကြတယ်
သူတို့ဟာ လမ်းဘေးမှာ တစ်ယောက်ဆံပင်
တစ်ယောက်ဖြီးသင်ပေးနေရဲ့
သူတို့ဆံပင်တွေကနေ
မွေးရပ်မြေရဲ့ပိုးသတ်ဆေးဝနေတဲ့မြေကြီးနံ့ ထွက်လို့
ဆံပင်ဖြီး မိတ်ကပ်ထပ်ဖို့ပြီးတာနဲ့
သူတို့ဟာ ဗီဒီယို call နဲ့ အော်ကြီးဟစ်ကျယ်တွေ ပြောတော့တာပဲ
ဘယ်သူက အလကားနေရင်း မွေးရပ်မြေကို စွန့်လာမှာလဲ တဲ့ 
ဒီမှာတော့ တစ်တိုင်းပြည်လုံး ဆင်တုပ်ကွေး ဖြစ်နေတယ် တဲ့
ဖုန်းထဲက အသံပြန်ထွက်လာတယ်
ခဏနေတော့ တစ်ယောက်ဟာ
မီးခလုတ်တစ်ခု ပိတ်ဖို့ မေ့လာတာ သတိရသွားတယ်
ဘုရားရေ တစ္ဆေသာဆို ငါ ဒီနေရာကနေ
လက်အရှည်ကြီးနဲ့ မီးလှမ်းပိတ်လိုက်ပြီ
တကယ့်တစ္ဆေတွေဟာ သူ့အရင်ဘဝအိမ်က
ကုန်ခါနီးဖယောင်းတိုင်ကိုတောင်
ဒီဘက်က လှမ်းမှုတ်နိုင်တယ်
မကြာခင် လမ်းအလယ်က ယူနီကွန်းကို
ဖယ်ရှားဖို့ ရဲတွေ ရောက်လာလိမ့်မယ်
အဲဒီယူနီကွန်းတွေဆိုတာလည်း
အလုပ်လုပ်ရင်းမတ်တတ်
သေတဲ့ မြင်းတွေကနေ ဖြစ်လာတဲ့တစ္ဆေတွေပဲ။ 

⚔️ 

#ကိုယ်တို့ခွေးအတွက်ကဗျာ 

ခွေးကို ခြံထောင့်မှာ ကိုယ်တို့ မြေမြှုပ်လိုက်ကြ
မင်းဟာ တကယ်ပဲ တာဝန်ပြီးဆုံးသွားခဲ့ပြီ
ကိုယ်တို့ရဲ့ခွေးလေးရေ လိမ္မာလွန်းတဲ့မျက်ပြူးရေ
ဗမာခွေးပီပီ တကိုယ်လုံး ဝဲတွေနဲ့ ဒဏ်ရာတွေနဲ့
ဒါပေမယ့် ညတိုင်း မင်းဟာ အမှောင်ကို ရှိခိုးခဲ့
မြေအောက်ကမ္ဘာရဲ့ အစည်းအဝေးတွေ တက်ခဲ့
အလင်းကို မယုံကြည်သူတမန်တော်များဂိုဏ်းမှာ
မင်းဟာ အဖွဲ့ဝင်၊ နှိုးဆော်ရေးသမား၊ စာပို့လုလင်
အရင်ကတော့ ကိုယ် အိမ်ပြန်ရောက်တာနဲ့
ကားတာယာလေးလုံးစလုံးမှာ အဝေးက 
တယ်လီပသီဆက်သွယ်ချက်တွေကို ဖတ်ပြီးမှ
တစ်ခုသောတာယာပေါ် မမေ့မလျော့ သေးပန်း
ကိုယ်ခိုးဝှက်သယ်လာတဲ့ တစိမ်းတရံဆန်အနံ့တွေ
ကိုယ့်ခေါင်းပေါ် နေ့စဥ် ဆောင်းပြီး အိမ်ပြန်လာတဲ့ 
တစ်နေ့တာကုန်လွန်မှုရဲ့ သရဖူအစုတ်ကြီး
ဒါတွေကို မင်းမှာ နေ့စဉ် မရိုးနိုင်အောင် ဟောင်ခဲ့
မြေမြှုပ်ပြီးပြီးချင်းပဲ လစ်ဟာမှုဟာ မြေကြီးထဲက
ပြန်ခုန်ထွက်ပြီး သခင်ဟောင်းကို အနံ့ခံလို့
ပြီးတော့ နောက်ဘဝရဲ့ ကမ်းလင့်တဲ့လက်ထဲ
ခုန်တက်သွားပြီး အကောင်အထည်မဲ့မှုထဲမှာ
သခင်သစ်နဲ့ နှစ်ယောက်သား မျက်နှာအပ်လို့
ဒီလိုပါပဲ ဘဝတွေဟာ လဲလှယ်၊ ပူးပေါင်း၊ 
တစ်ခုကိုတစ်ခု ဆပွားချင်ပွား ဒါမှမဟုတ်
တစ်ခုကိုတစ်ခု အပြီးတိုင် ချေမှုန်းပစ်လိုက်ရဲ့
ဥပမာ ခရုခွံတစ်ခုထဲ ခရုနှစ်ကောင် ဝင်နေသလို
ဒါမှမဟုတ် ခရုနှစ်ကောင်ဟာ အချစ်ကြောင့်
အကုန်တစ်စစီ ကြေမွတဲ့အထိ ဖက်ခဲ့ကြသလိုပေါ့
လူဟာ အချိန်မရွေး ခွေးဖြစ်သွားနိုင်တာက စလို့
အသက်ရှင်ခြင်းရဲ့ အနန္တဖြစ်နိုင်ခြေတွေမှာ
ကိုယ့်အိပ်ခန်းနားက သရက်ပင်ပေါ်ကို
မိုးပျံပူဖောင်းတစ်လုံး ရောက်ရှိနေတာမျိုးကနေ
ကက်သလစ်သီလရှင်တွေ သံချွန်မွေ့ရာပေါ်
ယုံကြည်လေးနက်စွာ အိပ်စက်တာအထိ ပါတယ်
ကိုယ်တို့ရဲ့ခွေးလေးရေ ကိုယ်က ဖာသိဖာသာသမား
ကိုယ်ဟာ မင်းအချစ်နဲ့ မတန်တဲ့ လူကျောက်ခဲပါ
မင်း ကိုယ့်နား ကပ်ပေမယ့် ကိုယ် လျစ်လျူရှုခဲ့တယ်
ခုတာ့ မင်းပြောပြောပြတဲ့ ခြံစည်းရိုးတွေကြားက
နာနာဘာဝတွေရဲ့ မျက်လုံးလှလှတွေအကြောင်း
တချိန်လုံးနီးပါး ကိုယ် ထိုင်စဉ်းစားနေမိတယ်။ 

⚔️ 

ဒီကဗျာစာအုပ်ထဲ ဖော်ပြထားတဲ့ ကဗျာ ၂၆ ပုဒ်ထဲမှာ အများစုက တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို ရည်ရွယ်ရေးဖွဲ့တဲ့ ဘွဲ့ကဗျာ (Ode) တွေလို့ ဆရာ ကိုကိုသက်က မှတ်ချက်ပြုထားတယ်။ အောင်ခင်မြင့်ရဲ့ ထုံးစံအတိုင်း လန်းသွားစေ၊ လန့်သွားစေတဲ့ရသ (Sublimity) နဲ့ မတူတဲ့သံစဥ်တွေကို ထပ်ထားတဲ့အရသာ (Polyphonic Texture) တွေ ခံစားရတယ်။ တချို့ကဗျာတွေက ခရီးသွားကဗျာတွေ၊ တချို့အရေးအသားတွေက ' အခွင့်ထူးခံဘဝက ပေးတဲ့ ရွေးစရာများပြားခြင်းကြောင့် အရှက်ရပုံ ' ကို ဘွင်းဘွင်းကြီး ချရေးပြထားတာတွေလို့ ဝေဖန်ထားတယ်။ 

⚔️ 

Facebook မှာ တင်ခဲ့တဲ့ကဗျာတချို့ကို စုစည်းထားတဲ့ ဒီကဗျာစာအုပ်ဟာ ၂၀၂၀ ထုတ်ကုန်တစ်ခုပါ။ ကျွန်တော်ကတော့ ၂၀၂၁ ကို လှလှပပ ရက်ရက်စက်စက် ဖွင့်ပြထားတဲ့ ' မစားစရာ ' လို့ ပိုမြင်မိတယ်။ အများစုက ' စားစရာ ' တွေကိုပဲ စားနေကြတာ၊ ' မစားစရာ ' တွေကို မစားကြည့်ကြ။ မစားဖူးတဲ့အတွက် မစားရဲကြတာလည်း ဖြစ်မယ်။ စားလို့ရ​တဲ့အမြင့်မှာ ရှိမနေတဲ့အတွက် မစားသင့်တဲ့စားစရာလို့ ထင်နေကြတာလည်း ဖြစ်မယ်။ 

မီတဲ့လူ စားပေါ့။ 

စားတဲ့လူ အရသာ သိပေါ့။ 

အရသာသိတဲ့လူတွေ ဆက်စားလိမ့်မပေါ့။ 

#လူသာမန်
21.1.2021; 7:44 pm


Publisher Name: ကျော်မွှေးစာပေ

Publisher Address: အမှတ် ၉၅(၆)လွှာ၊အောင်ဇေယျလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း- 095057791

Publisher Phone Number: 095057791


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ