A History of Private Life စာအုပ်ဖတ်နေရင်းနဲ့ Private Life ဆိုတာကို ပြန်တွေးမိတယ်။ ကျွန်တော်တို့ငယ်ငယ်က ဂွတ္တလစ်မှာ မိသားစု ငါးယောက်စလုံး ခုတင်တစ်လုံးထဲ အိပ်ခဲ့ကြတာ။ ကျွန်တော် တော်တော် ကြီးတဲ့အထိပဲ။ လက်လုပ်လက်စားရပ်ကွက်ထဲမှာဆိုတော့ ရေချိုးလည်း အိမ်တိုင်း အိမ်ရှေ့ ထွက်ချိုးပဲ။ ကျွန်တော် ကြီးကောင်ဝင်မှ ကျွန်တော်နဲ့ ကျွန်တော့်ညီအလတ် တစ်ခုတင် အိပ်ခွင့်ရတယ်။ ဒါတောင် ကျွန်တော် ရေကူးသင်ပြီး ပွေးတွေ ပေါင်နှစ်ဖက်လုံးအနှံ့ ပေါက်တော့ ကျွန်တော့်ညီခမျာ အချောင် ကူးပါလေရော။ ဆိုးမွေကောင်းမွေကို အတူတူ စံရခံရပုံက ဒီတိုင်းပြည်မယ် ဒီလူတွေရဲ့ကံကြမ္မာတွေ ကူးလူးယှက်နွှယ်နေပုံအတိုင်းပဲ။ (စာမျက်နှာ - ၇)
ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘဝ သာမညောင်ညလေးတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုဖြစ်စဥ် တစ်နည်းအားဖြင့် သမိုင်းနဲ့ ဆက်နွှယ်နေမှန်း တဖြည်းဖြည်း သဘောပေါက်လာတယ်။ (စာမျက်နှာ - ၈)
ကိုယ်ပိုင်ဘဝဆိုတာ လူဖြစ်ရခြင်းထဲ တော်တော် အရသာရှိစေတဲ့ဖြစ်တည်ခြင်းတစ်ခု။ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်စပေ့စ်ကို ၁၄ နှစ်ကျော် သိသိသာသာ ပျောက်ဆုံးခဲ့ဖူးတဲ့ ကျွန်တော့်အတွက် ကိုယ်ပိုင်ဘဝ ပြန်ရတာ တစ်နှစ်ကျော်ပြီ။ တစ်ယောက်တည်း အိပ်စက်ခွင့် ရပြီး တီဗီသံ၊ အော်ဟစ်သံ၊ ဖုန်းမြည်သံ၊ ဆွေမျိုးမိတ်ဆွေတွေ အလည်လာတုန်း ဆူဆူညံညံ ရင်ဖွင့်ဖလှယ်ပြောဆိုသံတွေနဲ့ ဝေးရာ . . . ။
မီးရောင်မြင်တာနဲ့ လန့်နိုးတတ်တဲ့၊ မိသားစုထဲက တစ်ယောက်ယောက် ပိုင်ဆိုင်တဲ့ ဖုန်းစာတို ဝင်လာသံတစ်ခုကြောင့် လန့်နိုးတတ်တဲ့ ကျွန်တော့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပရိုက်ဗိတ်စပေ့စ်ဟာ တော်တော် တန်ဖိုးကြီးတယ်။ အိမ်မှာ ကျွန်တော်က ရေပေါ်ဆီ။ မီးဖိုချောင် ဝင်ရမှာ ကြောက်သူ၊ ရေမချိုးဘဲ အပြင်ထွက်ရမှာ ကြောက်သူ၊ အခမဲ့ရုပ်သံလိုင်းတွေက ပတ်ကေ့လိုက် စျေးပေါပေါနဲ့ ဝယ်ယူပြသနေတဲ့ ကိုရီးယားပေါကား၊ အိန္ဒိယပေါကား၊ ဖိလစ်ပင်းပေါကား စသော ပေါကားသံပေါင်းများစွာကို ကြောက်သူ၊ ကျွန်တော်နဲ့ လုံးဝ မသက်ဆိုင်သော အကြောင်းအရာ ဖုန်းပြောဆိုသံတွေ ကြားရမှာကို ကြောက်သူ၊ သီချင်းသံတွေကို ကြောက်သူ . . . ။ အိမ်မှာ ဖြည့်တင်းဖြစ်တည်နေတဲ့ အရာတွေကို ကြောက်ရာကနေ အိမ်ကိုပါ ကျွန်တော် ကြောက်လာတယ်။ အိမ်ထဲမှာ စာရေးလို့ မရတော့ တိုက်လှေကားမှာ ဆင်းထိုင်ပြီး စာရေးတယ်။ အတက်အဆင်း လူ သိပ်မရှိတဲ့တိုက်မို့ လှေကားခွင်ဟာ ကျွန်တော့်ရဲ့ပရိုက်ဗိတ်လိုက်ဖ် ဖြစ်ခဲ့တယ်။
ပရိုက်ဗိတ်လိုက်ဖ် ပျောက်ဆုံးခဲ့ပုံတွေကို ပြန်တွေးကြည့်မိတော့ အခုတောင် ပြန်လည်တုန်လှုပ်လာတယ်။ မင်းသိင်္ခရေးခဲ့တဲ့ ဝတ္ထုတွေထဲကလို စွယ်စုံရ ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်နဲ့ မတွေ့နိုင် မဆုံနိုင်လောက်ပါဘူးဆိုတဲ့ တွေးကြောက်စိတ်ကြောင့်/သတ္တိမဲ့မှုကြောင့် အိမ်က ထွက်မပြေးနိုင်ခဲ့။ ဝင်ငွေအရ မိသားစုဆီကနေ ခွာမထွက်နိုင်ခဲ့။ စာရေးပြီး ရပ်တည်တဲ့လူအပေါ်ကိုမှ ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ စီးပွားရေးသမားတွေနဲ့ ကြုံရဆုံရလို့ ထိုက်သင့်တဲ့ ငွေစက္ကူတွေ မရခဲ့။ စာအုပ်ခိုးထုတ်တာတွေနဲ့ ကြုံခဲ့။ စပေ့စ်ကို ငွေကြေးနဲ့ ယူမှ ရနိုင်တဲ့ မြို့ပြလူနေမှုစနစ်ထဲ အင်မတန် အသက်ရှုကြပ်ခဲ့သော ကာလတွေ။ ပျော့ညံ့ခဲ့မှုတွေ။ အင်ထရိုဗာ့တ်တစ်ယောက်ရဲ့အတွင်းနာတွေ။ အရှင်လတ်လတ် ခန္ဓာကိုယ်ထဲကနေ လောက် တဖွားဖွား ထွက်ကျခဲ့သော ကာလတွေ။
တစ်ယောက်တည်း တစ်လွှာ ရရှိလာတဲ့အခါ ဒီစပေ့စ်ထဲ ကျွန်တော် တဆိမ့်ဆိမ့် ကြည်နူးခံစားရ။ ကျွန်တော် မဖိတ်ခေါ်ဘဲ ကျွန်တော့်အိမ် ရောက်လာသူဟာ ရန်သူ။ ကျွန်တော့်အလုပ်ကို မလေးစားသူ။ ဖြစ်တည်မှုနားရွက်ကို တံတွေး လာဆွတ်သူ။ ဒီလိုတင်းကျပ်စည်းတွေ သတ်ထားပြီးမှ ဘေးပယောဂ မပါဝင်သော၊ တိတ်ဆိတ်သော ပရိုက်ဗိတ်လိုက်ဖ်ကို ကျွန်တော် ရရှိခဲ့တာ။ နာဇီတွေရဲ့လူသတ်ကွင်းထဲကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဂျူးတစ်ယောက်ဟာ အတိတ်က ငရဲခန်းတွေကို ခဏခဏ အိပ်မက်မက်တတ်သလိုမျိုး ကျွန်တော်လည်း ဖြစ်တယ်။ အိပ်မက် မက်နေတုန်း ငရဲခန်းပေမယ့် လန့်နိုးလာတဲ့အခါ တကယ် မဟုတ်ဘူးဆိုတဲ့စိတ်နဲ့ သက်သာရာရတယ်။ အသက်ရှင်နေတဲ့ ဂျူးတစ်ယောက်က သေသွားတဲ့ ဂျူးတွေအတွက် မသိုးမသန့် ခံစားရသလိုမျိုး ကျွန်တော်လည်း ပရိုက်ဗိတ်လိုက်ဖ်မဲ့နေတဲ့ နောက်ထပ်မိသားစုဝင်တွေအပေါ်မှာ မသိုးမသန့် ခံစားရ။
မိသားစုဆိုတာ တိုင်းပြည်တစ်ခု။ တိုင်းပြည်ဆိုတာ မိသားစုတစ်စု။ မိသားစုတွေကြား အကွာအဝေး စပေ့စ်ကို အချိန်အခါအလိုက် သင့်တင့်အောင် နေပေးတတ်မှ အသက်ရှုကြပ်သေရတဲ့မိသားစုဝင်တွေ ရှိမလာမှာ။ မိသားစုဝင်အချင်းချင်း ပြန်သတ်မှ ပိုရမယ့်စပေ့စ်မျိုးမှာ ဘယ်လိုမိသားစုဝင်က လိပ်ပြာသန့်သန့် အိပ်စက်နိုင်မလဲ။
ဒီနိုင်ငံက အုပ်ချုပ်သူများစွာဟာ တိုင်းပြည်ရဲ့မိသားစုများကို သတ်ဖြတ်ပြီး စပေ့စ်တွေ ခိုးယူခဲ့ကြဖူးတယ်။
????
သူ့မှတ်ဉာဏ်ထဲ ကပ်ပါဖွဲ့စည်းဖြစ်တည်နေတဲ့ အချိန်ဗိသုကာတွေနဲ့ နေရာသူခိုးတွေအကြောင်းကို ဒီအရေးအသားစာအုပ်ထဲ ဖတ်ရတယ်။
တစ်ခါတစ်ခါတော့ သူကိုယ်တိုင်က နေရာသူခိုးဖြစ်နေတာကြောင့် မသိုးမသန့် ခံစားရတာတွေ၊ မရည်ရွယ်ဘဲ သူ ခိုးခဲ့မိတဲ့ဝိညာဥ်တွေရဲ့ တွန်းထိုးရုန်းကန်မှုတွေကြောင့် လန့်နိုးရတဲ့ညတွေ၊ အလင်းနဲ့ အမှောင်ကို တစ်ချိန်တည်း တစ်နေရာတည်း မျက်နှာချင်း ဆိုင်စေချင်တဲ့ ဘုရားသခင်ရဲ့မီတင်ခန်းအတွင်း တစ်ပြိုင်တည်း ဖြစ်ပျက်နေမှုတွေ၊ မှတ်ဉာဏ်ရဲ့လက်ဆောင်ကို တပ်မက်စိတ်နဲ့ ရယူခဲ့ပြီးမှ မှတ်ဉာဏ်ရဲ့ထောင်ချောက်ထဲ ကျခဲ့ရပုံတွေ . . . ဒါတွေ ဖတ်ရတယ်။
သူကိုယ်တိုင်က တစ်စုံတစ်ယောက် ခိုးယူခံရတဲ့ဝိညာဥ် ဖြစ်နေတာကို ပြန်သိလိုက်ရတဲ့ အထိတ်တလန့်ဖြစ်မှုတွေလည်း ပါတာပေါ့။ ဒါကိုက အောင်ခင်မြင့်ထရိတ်မာ့ခ်ကိုး။
(နှစ်မကုန်ခင် ရရှိသော အရေးအသားစုစည်းမှုများအတွက် ကျေးဇူး အထူးပါ ဆရာ။)
#လူသာမန်
22.12.2020; 9:30 pm
Publisher Name: နှစ်ကာလများ
Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈
Publisher Phone Number: 09 254848048