အခုတစ်လော ဝတၳုတိုစာအုပ်တွေကိုမှ ရွေးပြီး ဓာတ်ကျနေသည်။ အရှည်တွေဖတ်ဖို့ အချိန်မပေးနိုင်သေးတာကြောင့်လည်း ပါသည်။ ဒီတစ်ခါ ဖတ်ဖြစ်သည်က ချောင်းဟန့်သံ ဝတၳုတိုဖြင့် ကျွန်တော်အကြိုက်တွေ့ထားသော ဆရာဂျိုဇော်၏ စာအုပ်။ ယခုစာအုပ်တွင် ဝတၳုတိုစုစုပေါင်း ၁၅ ပုဒ်ပါသည်။ တစ်ပုဒ်ချင်းစီအတွက် ရောင်စုံအတွင်းသရုပ်ဖော်ပုံများလည်း ပါ၏။ အပုဒ်တိုင်းလိုလိုပင် နှစ်သက်စရာတွေချည်း။ အကြိုက်နည်းတာနှင့်များတာသာ ကွာပါလိမ့်မည်။ တချို့ဝတၳုတွေက ကြိုသိနေသလိုရှိသည့်တိုင် အဆုံးသတ်မှာ ကျွန်တော်မထင်ထားသည့်ဘက်က လှည့်ထွက်သွားတာလည်း ရှိသည်။ တချို့ဝတၳုတွေက စာမျက်နှာပေါ်တွင် အဆုံးသတ်သွားသော်ငြား ခံစားသူ၏သဏ္ဌာန်၌ ငြိတွယ်ကျန်ရစ်သည်။ ဖတ်နေရင်း ဆက်မဖတ်နိုင်၍ စာအုပ်ခဏချပြီး အတွေးဆန့်ရသည်တို့လည်း ပါသည်။
စာအုပ်အမည် - #ရွှေဖနောင့်_ဝတၳုတိုများ
စာရေးသူ - #ဂျိုဇော်
စာအုပ်တိုက် - #လင်းလွန်းခင်
ပုံနှိပ်မှတ်တမ်း - ၂၀၁၃၊ စက်တင်ဘာ (ပထမအကြိမ်)
တန်ဖိုး - ၂၅၀၀ ကျပ်
စာမျက်နှာ - ၁၉၅
မျက်နှာဖုံးဒီဇိုင်း - #မောင်ဒီ
အတွင်းသရုပ်ဖော် - #မောင်နိုး #အောက်တိုဘာအောင်ကြီး #ဝင်းမြင့်
#ညကဖူးငုံ_ကြာပဒုမ်
မြို့မနီးပြမနီး ခရီးဝေးသည့်အရပ်က အညာရွာလေးတစ်ရွာကို အခြေတည်ပြီး ရေးဖွဲ့ထားသည်။ ထိုရွာကလေး၌ အမျိုးတွေ ရှိနေသဖြင့် အလည်ရောက်သွားရှာသော လူငယ်ကလေးတစ်ယောက်။ နေမကောင်းဖြစ်နေသော ကြီးတော်ကို အကဲခတ်တော့ ဒရစ်ပုလင်းချိတ်ထားတာ သူတွေ့သည်။ ကြီးတော်မျက်နှာက အစ်အစ်၊ ခြေထောက်တွေက မို့ဖောင်းလို့နေသည်။ ဒီလိုလူမျိုး ဒရစ်ချိတ်လျှင် သတိထားရသည်ဟု သူသိထားသဖြင့် ကြီးတော်ကို ဘယ်သူကုပေးနေသလဲဟု သူစပ်စုကြည့်သည်။ ထိုနယ်တစ်ခွင် နာမည်ကြီးနေသူက ဆရာဝန်လည်းမဟုတ်၊ ကျန်းမာရေးမှူးလည်းမဟုတ်။ လူသတ်လိုင်စင်ကိုင်ထားသည့် ရမ်းကုတစ်ယောက် ဖြစ်နေ၏။ သူ့ကြီးတော်ကို ကုနေသူကား ရမ်းကုပါကလား။ သူထိတ်လန့်သွား၏။
သူ့ကြီးတော်ကို နားချကြည့်သော်လည်းမရ။ ထိုရမ်းကုက ဒီတစ်ဝိုက်မှာ သြဇာညောင်းလှသည်။ ငွေတိုးလည်း ချေးစားသည်။ ရွာဦးကျောင်းဆောက်ရာလည်း ပါသည်။ စာသင်ကျောင်းခေါင်မိုးလိုလည်း လှူသည်။ သူ့အနားမှာ သူစေလိုရာကိုလုပ်ပေးမည့် တပည့်တပန်းတွေက အပြည့်။ သူစပ်စပ်စုစု လုပ်နေတာကို ပြန်ကြားပြီး သူ့ကြီးတော်ဆီလာကုရင်း သူ့တပည့်လေးတွေ လက်ယဉ်ကြောင်း ရမ်းကုကခြောက်သွားသည်။ အမျိုးတွေက စိတ်ပူပြီး သူ့ကို ရွာမှာ ဆက်မနေစေတော့ဘဲ မန္တလေး ပြန်လွှတ်သည်။ မနိုင်၍ သည်းခံခြင်းမျိုးဖြင့် သူမြို့ပြန်လာရသည်။
နောက်ငါးလကြာတော့ ရွာကလေးသို့ သူ ထပ်ရောက်ရဖို့ ဖြစ်လာသည်။ သူ့ကြီးတော် အသုဘသို့ လာရခြင်း။ ဒီတစ်ကြိမ်တွင် ရမ်းကုကို အနုနည်းနှင့်တိုက်ဖို့ သူ့မှာ လက်နက်တွေပါလာသည်။ သူ့လက်နက်ကား စာအုပ်စာပေများပင်တည်း။ ကျန်းမာရေးနှင့်ပတ်သက်သော စာစောင်အများပင် သူ့မှာပါလာ၏။ သူနှင့် သဘောထားခြင်းတိုက်ဆိုင်သော ကျောင်းဆရာလေးထံ ထိုစာစောင်များကို အပ်သည်။ ရွာကလူတွေ စာဖတ်ပြီး အသိဉာဏ်ပွင့်လင်းလာလျှင် သူ့ကြီးတော်လို အဖြစ်မျိုးမှ လွတ်ကင်းနိုင်ကြမည် မဟုတ်ပါလား။ ရွာသို့ထပ်လာလျှင် စာအုပ်စာစောင်တွေ ယူလာပါဦးမည်ဟု သူ ကတိပေးဖြစ်သည်။
သူ မြို့ပြန်ဖို့လုပ်တော့ ကျောင်းဆရာခေါ်လာသော လူငယ်ကာလသားများနှင့် လက်ဖက်ရည်အတူသောက်ကာ နှုတ်ဆက်ပွဲလုပ်ကြသည်။ နှုတ်ဆက်ပွဲမှာ သူ့ကိုစကားပြောခိုင်းတော့ ရုတ်တရက် သူ ဘာပြောရမည်မသိ။ နောက်တော့ သူ့ဆရာပြောဖူးသည့် စကားလေးကို သူသွားသတိရသည်။ ဒီစကားက ဒီဝတၳု၏အသက်ပဲ ဖြစ်တော့သည် (ဟု ကျွန်တော်ထင်သည်)။
#ဒီလိုနေချင်ရင်_ဒီလိုပဲနေ။ #ဒီလိုမနေချင်ရင်_ဒီလိုမနေနဲ့တဲ့။
ဗြုန်းခနဲဆိုလျှင်တော့ သူ့စကားက ဝေ့လည်လည်နိုင်သည်။ နားလည်ရခက်သည်။ အတွေးဆန့်ကြည့်မည်ဆိုလျှင် ဒီစကားက အတော်တာသွားသည်။ သူတို့ရွာသားတွေ အစဉ်အဆက် လယ်ထွန်ပျိုးနှုတ် လုပ်လာကြသည်။ ဒီလိုပဲဆက်နေချင်လျှင်ဖြင့် ဒီအတိုင်း ဆက်လုပ်ကြဖို့သာရှိသည်။ ဒီလိုမနေချင်ကြတော့လျှင်ဖြင့် သူတို့အနေအထိုင်တွေ ပြောင်းလဲဖို့လိုပေပြီ။ အပြောင်းအလဲကိုလိုလားလျှင် ကိုယ်ကစပြီး ပြောင်းလဲဖို့လိုသည် မဟုတ်ပါလား။
#လပုခက်မှာ_အိပ်စက်ပါ
မိုးကတော်တော်သည်းသည်။ တစ်ညလုံးလည်း ရွာလိမ့်ဦးအံ့ထင်သည်။ ညီမဖြစ်သူ၏ ကျန်းမာရေးအတွက် ထိုးနှံရသည့်ဆေးက သူတို့မြို့မှာ မရှိ၍ မန္တလေးသို့ လာခဲ့ရသည်။ လာတိုင်း သူတည်းခိုသည့် ညီဖြစ်သူ၏တိုက်ခန်းမှာ ဒီတစ်ခါတော့ တစ်ကိုယ်တော် စခန်းချရလေပြီ။ ညီဖြစ်သူမှာ အလုပ်ကိစ္စ စီစဉ်ပြီးဖြစ်နေ၍ သူ့ကို တိုက်ခန်းသော့အပ်ကာ ခရီးထွက်သွားရသည်။ မိုးရွာနေသည်မို့ မီးက လာလိုက်ပြတ်လိုက်။ ညီဖြစ်သူမသွားခင် နှစ်ယောက်သား ဝိုင်းဖွဲ့ခဲ့သည့် ဘီယာက တန်ခိုးပြသဖြင့်လည်း ဆယ့်ငါးမိနစ်တစ်ကြိမ် ရေအိမ်ထနေရသည်။
စကားပြောဖော်မရှိလေတော့ ပျင်းပျင်းရိရိဖြင့် အခွေကြည့်ဖို့ သူပြင်သည်။ လူပျိုတစ်ကိုယ်တည်း နေသည့်အခန်းပီပီ VCD အခွေတို့က ဟိုတစ်ချပ်သည်တစ်ချပ် ပြန့်ကျဲလျက်။ တွေ့ရာအခွေ သူကောက်ထိုးပြီးဖွင့်လိုက်သည်။ ဒုကေ္ခာ၊ သဘာဝဝတ်ရုံလွှာကိုသာ ဆင်မြန်းထားသည့်ကားပါကလား။ နောက်တစ်ခွေ သူပြောင်းထည့်သည်။ သရုပ်ဆောင်သာပြောင်း၏။ ဝတ်ပုံစားပုံက ယခင်ကားအတိုင်း။ မိဘနှင့်အတူ နေရသော သူ့အဖို့ ညီဖြစ်သူကဲ့သို့ စိတ်ရှိတိုင်း မကြည့်နိုင်သောအခွေများ။ မထူးတော့ပြီမို့ ထိုအခွေကိုပဲ အသံတိုးပြီး သူဆက်ကြည့်နေလိုက်သည်။ ဘီယာအရှိန် မကုန်သေးသဖြင့် ရေအိမ်သွားချင်လာပြန်၏။ အခွေကို ခဏရပ်ထားပြီး သဘာဝတရားကို သူဖြေရှင်းရသည်။
ရေအိမ်ထဲ သူရောက်နေစဉ် အိမ်ရှေ့မှ တံခါးခေါက်သံ ပေါ်လာ၏။ ရေအိမ်ထဲမှ သူထွက်လာချိန်တွင် မီးပြတ်သွားပြန်သည်။ အင်ဗာတာနှင့် ချိတ်ဆက်ထားသဖြင့် အခန်းမီးကတော့ ပြတ်မသွား။ တံခါးကို သူသွားဖွင့်တော့ နှစ်ဆယ်မပြည့်တတ်ပြည့်တတ် ကောင်မလေးတစ်ယောက်ကို တွေ့ရသည်။ ခေတ်၏သမီးပျိုပီပီ ဝတ်စားလာသော သူမတစ်ကိုယ်လုံး မိုးရေများဖြင့် ရွှဲရွှဲစိုနေ၏။ သူမအဖြစ်မှာလည်း သူ့လိုပင်။ မန္တလေးသို့လာခိုက် တည်းနေကျအိမ်သို့ လာခဲ့ခြင်း။ သို့သော် အခန်းရှင်များက သူ့ညီကို အခန်းရောင်းသွားကြပြီ။ ထိုကောင်မလေးက ဒီကိစ္စကို မသိဘဲ အကြောင်းမကြားဘာမကြား ခါတိုင်းကဲ့သို့ လာတည်းခြင်းဖြစ်၏။
မတတ်နိုင်။ ဒီလိုအခြေအနေမျိုး၌ ကောင်မလေးကို ပြန်လွှတ်၍မတော်။ အခန်းထဲသို့ ဖိတ်ခေါ်ပြီး အဝတ်လဲခိုင်းရသည်။ မီးပြတ်နေလို့တော်သေးသည်။ အင်ဗာတာနှင့် မချိတ်ထားသော တီဗီနှင့် VCD စက်ကို သူ မီးခလုတ်တွေ ပိတ်လိုက်ရသည်။ မတော်လို့ မီးပြန်လာနေလျှင် အခက်မဟုတ်လား။ သူ့ညီအဝတ်များကို ယူပြီး ကောင်မလေး ရေချိုးခန်းဝင်သွားသည်။ ရေကျသံကြားရ၏။ ရေချိုးခန်းဝသို့ သူလျှောက်သွားပြီး မျက်နှာသုတ်ပဝါလိုသေးလားဟု မေးမိသည်။ အလို... သူ့အာခေါင်တွေ ခြောက်နေပါပကော။
ထိုညအတွက် ကောင်မလေးကို သူ့ညီအိပ်ခန်း၌ အိပ်ခိုင်းပြီး သူက အပြင်ခန်းမှာ အိပ်ဖြစ်သည်။ ကောင်မလေး ပျင်းနေမလားဟု စာစောင်တွေ ဖတ်ရအောင်သွားပေးတော့ အခန်းတံခါး လော့ချမထားကြောင်း သူသိရ၏။ မတော်တရော် သူ့ညီဝတ်စုံအောက်မှ ကောင်မလေး၏ အလှတရားတို့ကြောင့် သူဗျာများရပြန်သည်။ ထိုအချိန်တွင် ညီမလေးထံမှ ဖုန်းဝင်လာ၏။ ဆေးရမရသိလို၍ လှမ်းဆက်ခြင်း။
ညီမလေးနှင့် ဖုန်းပြောပြီးတော့ အိပ်ခန်းဘက်ဆီ သူ ခြေဦးပြန်လှည့်ဖြစ်သည်။ ဟိုကောင်မလေး အိပ်ပျော်နေပါပကော။ မျက်စိထဲတွင် ညီမလေး၏အသွင်က ထင်ဟပ်လာ၏။ အံကိုတင်းတင်းကြိတ်ပြီး တံခါးလက်ကိုင်ကို သူလှည့်လိုက်သည်။ ထို့နောက် တံခါးကို အတွင်းဘက်မှ လော့ချကာ ပြန်ပိတ်ပေးပြီး တိုက်ခန်းရှေ့ဝရန်တာသို့ သူ ထွက်လာခဲ့သည်။ ကောင်းကင်ကို မော့ကြည့်မိတော့ မိုးသားငြိမ်သွားသည့် အာကာပြင်၌ သော်တာလမင်း ထွန်းလင်းနေ၏။ လမျက်နှာကွေးကွေးမှာ အပြုံးတွေက ရွှန်းစိုနေ၏။
#မြေကြီးကရယ်လိမ့်မယ်
သူအိပ်မက်မမက်တာ ကြာပြီ။ သူ့အိပ်မက်တွေက နှစ်မျိုးပဲရှိသည်။ အဆိုးနှင့်အကောင်း။ မြေကြီးပေါ်မှ ပျံတက်ရသည်ဟု မက်သည့်အကြိမ်တိုင်း သူ့ဘဝမှာ ကောင်းတာတွေ ကြုံတွေ့ရတတ်သလို အိပ်မက်ထဲမှာ ခြေဗလာနှင့် သွားရသည်တို့ ချေးပုံနင်းမိသည်တို့ မက်လျှင်လည်း အဆိုးတွေနှင့် ကြုံရတတ်သည်။ တိုက်ဆိုင်မှုတွေ ရှိထားလေတော့ အိပ်မက်တွေကို သူယုံသည်။ ဒီတစ်ခါ သူမက်သည့်အိပ်မက်က ခါတိုင်းထက်ကောင်းသည်။ သစ်ပင်တွင်ညိနေသော သူ့သား၏စွန်ကို ယူပေးဖို့ ခြေကြွလိုက်စဉ် အလိုလို လေမှာဝဲပြီး သစ်ပင်ထိပ်ဖျားသို့ ရောက်သွားသည်။ စွန်ကိုယူပြီး သူပြန်ဆင်းလာတော့ သားငယ်က သူ့ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေ၏။
ဒီအချိန်မှာ သူနိုးလာခြင်းဖြစ်သည်။ မိုးလင်းတော့ ဇနီးသည်ကို အိပ်မက်အကြောင်း ဖောက်သည်ချဖို့ သူကြိုးစားသည်။ သို့သော် သူ့ဇနီးက နားမထောင်။ သွားစရာရှိသည်ဆိုပြီး ကလေးခေါ်၍ အပြင်ထွက်သွားသည်။ အလုပ်ပိတ်ရက်မို့ အိမ်စောင့်လုပ်ပြီး သူကျန်ရစ်သည်။ ညက အိပ်မက်က သူတို့ခြံထဲမှာပဲဆိုတာ သတိရပြီး ခြံထဲသို့ သူဆင်းလာခဲ့၏။ သစ်ပင်နားရောက်တော့ အိပ်မက်ထဲကလို သူခြေကိုကြွကြည့်သည်။ အလို... သူ လေပေါ်မြောက်လာပါကလား။ အိပ်မက်ထဲကအတိုင်း သစ်ပင်ထိပ်မှာ စွန်ရှိနေသည်။ စွန်ကို သူဖြုတ်ပြီး မြေပေါ်ပြန်ဆင်းကာ အိမ်ထဲ သူဝင်လာခဲ့သည်။ ဒါဖြင့် ဒါ သူ အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့။
သူ ဘယ်လောက်တောင် အတွေးလွန်သွားသည်မသိ။ အိမ်ရှေ့က ဇနီးသည်ခေါ်သံကြားမှ တံခါးပြေးဖွင့်ရသည်။ သူ စွန်ဖြုတ်ပေးထားကြောင်း သားငယ်ကို ဝမ်းသာအားရပြောတော့ ကလေးက သူ စွန်မလွှတ်ကြောင်း ပြန်ပြောသည်။ သူတွေခနဲဖြစ်ပြီး သစ်ပင်ဆီပြေးလာကာ စွန်ကိုကြည့်သည်။ သစ်ပင်ပေါ်တွင်စွန်မရှိ။ အိမ်ထဲမှာများ ထားမိသလားဟု သူလိုက်ရှာသည်။ မတွေ့။ ဇနီးသည်ကိုတော့ ရုံးကစာတစ်စောင် ရှာနေတာဟု သူညာလိုက်သည်။ စွန်ဘယ်ရောက်သွားပါလိမ့်။ ထပ်တူညီအိပ်မက်ကို သူပြန်မက်တာတော့ မဖြစ်နိုင်။ ဒါပေမဲ့ စွန်ကိုလည်း သူရှာမတွေ့။ ထိုညက သူ အိပ်မက်ထပ်မမက်။
မိုးလင်းတော့ ဇနီးသည်က ကလေးကိုခေါ်ပြီး မိဘအိမ်သွားလည်သည်။ ဒီနေ့လည်း ပိတ်ရက်မို့ သူအိမ်စောင့်ကျန်ရစ်သည်။ မနေ့ကလို ခြံထဲဆင်းပြီး သစ်ပင်အောက်သွားကာ စွန်ရှိမရှိရှာသည်။ မတွေ့။ မနေ့ကလို လေပေါ်ပျံလို့ရမရ သူခုန်ကြည့်သည်။ မကြွ။ ဘာဖြစ်လို့ပါလိမ့်။ သို့သော် တစ်ကြိမ်အောင်မြင်ပြီးသားအရာကို ဒီလိုနှင့် လက်လျှော့ရရိုးလား။ သူအတွေးတွေ ပလုံစီကုန်သည်။ ဒီလိုနှင့် နောက်ရက်တွေမှာ အခွင့်ကြုံတိုင်း သူ ခုန်ခုန်နေမိသည်။ ကျန်တဲ့လူတွေ သတိထားမိမမိတော့ မသိ။ သားငယ်ကတော့ ပြောသည်။ အဖေ ခုန်ဆွခုန်ဆွ လုပ်လုပ်မနေနဲ့ဗျာတဲ့။
နောက်ထပ်ပါဝင်သော ဝတၳုများမှာ
#ရွှေဖနောင့်
#ဆောင်းပြန်ပေး
#ကျောက်စာတိုင်ယိုင်နဲ့နဲ့
#ချော်ရည်မြစ်တို့အေးခဲချိန်
#မောင်းနှင့်ခြေထိတ်
#အပြိုင်အဆိုင်အနိုင်လားကွဲ့
#ရွှေမင်းဂံ
#အင်းစောင်းကသျှောင်တစောင်း
#ခေါင်မိုးအောက်မှာ
#ဗိသုကာအလွမ်း
#ပန်းနွယ်ကစိမ်း
#ခင်လွမ်း
တို့ဖြစ်သည်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါသည်။
#ကျော်စွာ
၀၉:၅၆ နာရီ
၂၄.၁၀.၂၀၁၇