ဒီစာအုပ်ကို ဝယ်ဖတ်မိရတဲ့ အကြောင်းက အကြောင်းပြချက် ၃ ခုရှိပါတယ်။
ပထမအချက်က ရေးတဲ့သူက စာရေးဆရာရေအေး ဖြစ်လို့ပါပဲ။ သူက ဒီစာအုပ်ထဲမှာ "... ငါချစ်တဲ့ စာရေးဆရာက ရေးတာ.. အစရှိတဲ့ ကြိုတင်စွဲတွေရှိနေတာက မလွတ်လပ်ခြင်း တစ်မျိုးပါပဲ။..."တဲ့။ ဒါပေမဲ့ ကျွန်တော်က သူရေးတဲ့ စာအုပ်တွေ သဘောကျလို့ ဒီစာအုပ်ကို ဖတ်ဖြစ်တာပါ။ (ချစ်တဲ့စာရေးဆရာ မဟုတ်လို့ တော်သေးတာပေါ့????) တခြား မသိတဲ့သူရေးထားရင် ဘာကောင်မို့ ဒီလို လာပြီး ဆရာကြီး လုပ်နေတာလဲ ဆိုပြီး ကျော်သွားမှာပါ။ သူ့စာအုပ်တွေထဲမှာ ဝတ္ထုတိုတွေကြိုက်ပြီး လူကြောင်ကိုတော့ ဒီလောက် မကြိုက်ပါဘူး။ ဒါပေမဲ့ သူ့ကို သတိစထားမိတာ အရေးအသားကိုမို့ လူကြောင်က ကိုယ့်အကြိုက်မဟုတ်ပေမဲ့ ပြောစရာတော့ မရှိပါဘူး။
ဒုတိယအချက်က စာအုပ်နာမည်ပါ။ အဘဆရာမြင့်သန်းပေးခဲ့တဲ့ ရေမွန်ကာဗာရဲ့ ဘာသာပြန်ဝတ္ထုနာမည် "တို့များအချစ်အကြောင်း ပြောကြတဲ့အခါ တို့များပြောကြတာတွေက" နဲ့ဆင်လို့ သဘောကျပြီး ဖတ်ဖြစ်သွားတာပါ။ ဒီနာမည်က နေရာအမျိုးမျိုးမှာ သုံးနေကြတော့ ကိုယ်စိတ်မဝင်စားတဲ့ အပြေးအကြောင်းတောင် ဖတ်မိတဲ့ အထိပါပဲ။
တတိယအချက်ကတော့ အရေးအကြီးဆုံး အချက်ပါပဲ။ ဒီအချက်ကြောင့် ဝယ်ဖြစ်သွားတာပါ။ အဲဒါကတော့ ကံကော်ဝတ်ရည်မှာ ၅၀% လျှော့ဈေးနဲ့ ရခဲ့လို့ပါပဲ။ ၂၀၀၀ ပေးရတဲ့ စာအုပ်ကို ၁၀၀၀ နဲ့ ရခဲ့ပါတယ်။ ဒီတော့ ဝယ်ဖြစ်တယ်ပေါ့လေ။
ဒီစာအုပ်ကို ဘယ်လို လူတွေ ဖတ်သင့်လဲဆိုတော့ ကျွန်တော်တို့လို တောင်မရောက် မြောက်မရောက် စာရေးတဲ့သူတွေနဲ့ စာပဲဖတ်ပြီး စာမရေးဘူးဆိုတဲ့သူတွေ ဖတ်သင့်ပါတယ်။ စာရေးမယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေကတော့ ဖတ်မနေပါနဲ့တော့။ ဖတ်ရင် ငါ ဟိုအချက်နဲ့ မညီ၊ ဒီအချက်နဲ့ မကိုက် ဆိုတာတွေးပြီး စာရေးတဲ့ဆီ မရောက်မှာစိုးလို့ပါ။
စာအုပ်ရဲ့ အစပိုင်းကတော့ နည်းနည်းလေးပါတယ်။ အနုပညာဆိုတာကို ရှင်းပြထားတာပါ။ အာရုံမစိုက်နိုင်ရင် ကျော်ချလိုက်ပါ။ စာမျက်နှာ ၂၀ က စပြီး ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းလာပါလိမ့်မယ်။
၁ က စကားချီးပါ။ စာရေးဆရာတွေ စကားဝိုင်းမှာ စာအုပ်အကြောင်းမပြောကြလို့ ဒီစာအုပ်ရေးဖြစ်တဲ့ အကြောင်းပေါ့။ ဒါကလည်း... ထားပါ။ သူပြောသလို ဟုတ်မှာပါ။
၂။ က အနုပညာ၊ အနုပညာဖန်တီးသူနဲ့ ခံစားသူ။ အနုပညာဆိုတာကို ကျော်လိုက်ရင် ကျန်တာ ကျတော့်အတွက် စိတ်ဝင်စားစရာပါ။
၃။ ဝတ္ထုတစ်ပုဒ် ဖန်တီးခြင်းတဲ့။ ဒါကတော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူစိတ်ထဲရှိသလို ပြောသွားတာကို ကျတော်လည်း သက်သောင့်သက်သာပဲ ဖတ်သွားပါတယ်။ ဖန်တီးချင်ကြတဲ့သူတွေအတွက် အကျိုးရှိမှာပါ။ တချို့ အသိလေးတွေက အတွေးတွေကို ဆန်းသစ်ပေးနိုင်ပါတယ်။ အတိုချုပ်လေးတွေရှင်းပြထားတာတွေကို စိတ်ဝင်စားရင် ကိုယ့်ဟာကိုယ်ဆက်လေ့လာလို့ရပါတယ်။ ဒါတွေမသိရင် မဖန်တီးနိုင်ဘူးလာဆိုတော့လည်း မဟုတ်ပါဘူး။ ပိုသိရင် ကိုယ့်ဖန်တီးမှုကို အရောင်တင်နိုင်မှာပါ။ ကိုယ့်ဟာကိုယ်လမ်းဖောက်ပြီးပဲလျှောက်လျှောက်၊ ဆရာသင်တာနောက်ပဲလိုက်လိုက် အကုန်လုံးက ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါ။
၄။ စာပေအနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ရှိသင့်တဲ့ အရည်အချင်းများတဲ့။ သူပြောထားတာလေးကို သဘေကျပါတယ်။ ချပြရဲတဲ့ သတ္တိရှိပြီး လူလက်ခံအောင် စောင့်ဖို့ အချိန်လည်း လိုပါတယ်တဲ့။ ဟုတ်ပါတယ်။ ကိုယ့်ဟာကိုယ် အနုပညာလို့ သတ်မှတ်ပြီး ဖန်တီးရင် လူတွေ လက်ခံချင်မှ လက်ခံမှာပါ။ ဖန်တီးပြီး ၁၀ နှစ်ကြာမှ အသိအမှတ်ပြုချင် ပြုမယ်။ နှစ် ၂၀ ကြာမှ အသိအမှတ်ပြုချင် ပြုမယ်။ ဖန်တီးသူ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာမှ အသိအမှတ်ပြုခံရတာလည်း ရှိကောင်း ရှိနိုင်တာပဲမလား။ ဘာပဲဖြစ်ဖြစ် လုပ်ချင်စိတ် ရှိတယ်ဆို လုပ်သာ လုပ်ပေါ့။
၅။ က နိဂုံး ပါ။
ဖတ်တဲ့ထဲမှာ စိတ်ဝင်စားတာကတော့ အယ်ဒီတာတွေ လိုအပ်တဲ့ အကြောင်းပါ။ တကယ့်ကို အဆင့်မီတဲ့ စာအုပ်တွေ ထွက်ချင်ရင် အဆင့်မီတဲ့ အယ်ဒီတာတွေ လိုပါတယ်။ အဲဒီအဆင့်မီတဲ့ အယ်ဒီတာတွေကိုရော မွေးထုတ်ပေးဖို့ အဆင့်မီတဲ့ စာပေအကယ်ဒမီတွေ လိုပါတယ်။ အကယ်ဒမီတွေမှာသင်ဖို့ အရည်အချင်းရှိတဲ့ ဆရာတွေ လိုပါတယ်။ တွေးရင် လိုအပ်ချက်တွေက အများကြီးပါပဲ။
ဘာပဲဖြစ်ဖြစ် ဒီလိုစာအုပ်လေးတွေမျိုး ထပ်ဖတ်ချင်ပါသေးတယ်။ စာပေလောကရဲ့ လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးတယ်လို့ ကြီးကြီးကျယ်ကျယ်တော့ မပြောတော့ပါဘူး။
နေမင်းဘုန်းခန့်
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137