စောလူ
အာဆီယံဝတ္ထုတိုများ
ဂလိုဘယ်အလင်း စာပေ၊
ပထမအကြိမ်၊ အောက်တိုဘာ ၂၀၁၈။
မျက်နှာဖုံးပန်းချီ - မောင်မောင်ထွေး။
၁၃ စင်တီမီတာ x ၂၀.၃ စင်တီမီတာ။
စာမျက်နှာ - ၂၉၅ ၊ တန်ဖိုး - ကျပ် ၄၀၀၀။
၁ နိုဝင်ဘာ ၂၀၁၇ ရက်စွဲဖြင့်ရေးသားထားသော
ဆရာစောလူ၏ '' စာရေးသူ အမှာစာ '' ပါရှိသည်။
'' စာအုပ်ပါ ဝတ္ထုတိုစာရေးဆရာများ'' ၏
ကိုယ်ရေးအကျဉ်းကိုလည်း ထည့်သွင်းဖော်ပြထား သည်။
'' အာဆီယံနိုင်ငံအသီးသီး၏ သမိုင်းတွင် များသောအား ဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ တိုက်တိုက်ဆိုင်ဆိုင် တူညီနေသည့် အချက်အချို့ရှိသည်။ ထိုအချက်တို့မှာ တိုင်း တစ်ပါး၏ သြဇာအောက် ရောက်ခဲ့ရသည့်အချက်၊ တိုင်း တစ်ပါးသြဇာမှ ရုန်းထွက်နိုင်အောင် အားထုတ်ခဲ့ရသည့် အချက်၊ ထိုသို့အားထုတ်သည့်အခါ ခွန်အားပေးနိုင်သည့် စာပေကိုထုတ်လုပ်ရာတွင် ပညာရေးဝန်ထမ်း ဆရာ့ဆရာများသည် ရှေ့တန်းက ပါဝင်သည့် အချက်တို့ဖြစ်သည်။ ထိုအချက်တို့ကို ပိုမိုသဘောပေါက်စေခြင်းငှာ အာဆီယံစာပေသမိုင်းကြောင်းကို တစေ့တစောင်း ကြည့်လျှင် ပိုမိုသင့်တော်ပါလိမ့်မည်။ '' ဟု '' စာရေးသူ အမှာစာ '' တွင် ဖော်ပြထားသည်။
ခမာ၊ စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊
မလေး၊ လာအိုနှင့် အင်ဒိုနီးရှား စသည့် အာဆီယံနိုင်ငံ များ၏ စာပေသမိုင်းအကျဉ်းတို့ကို ဖော်ပြထားပြီး ဝတ္ထုတို အပုဒ် ၂၀ ကို ဘာသာပြန်ဆိုထားသည်။
'' သူလိုချင်ပါ့။ အိပ်မက်မက်ပါ့။ စွဲစွဲလမ်းလမ်းရှိပါ့။
ဘိန်းစွဲနေတဲ့ ဘိန်းသမားနဲ့ မခြားပါဘဲ။
အိမ်လှလှကြီးကြီးကြီး တစ်လုံး ရှိချင်တဲ့ဆန္ဒ တေဆွန်း စိတ်ကူးထဲမှာ တစ်စတစ်စကြီးထွားလာလိုက်တာ။ နောက်တော့ အိပ်လည်းဒီစိတ်၊ စားလည်း ဒီစိတ် ဖြစ်လာတော့တာ။ အိမ်တစ်လုံး၊ အိပ်မက်ထဲက အိမ်တစ်လုံး။ ''
( စက္ကူ ၊ စာမျက်နှာ ၄၇ မှ )
'' မှောင်မည်းနေတဲ့ လမ်းကြားက အမှိုက်တွေနဲ့ ညစ်ပတ်နေလိုက်တာ။ ပုလင်းခွံတွေ၊ သံချေးတက်နေတဲ့ ဘူးခွံတွေ၊ ကတ်ပုံးအစုတ်တွေ၊ တာယာအဟောင်းတွေ၊ ပတ္တာအကျိုး အပဲ့တွေ၊ အပျက်အစီးမျိုးစုံပါပဲ။ ကြွက်တွေ၊ ကြောင်တွေ၊ ခွေးတွေကတော့ ဒီလမ်းကြား မှာပဲ အစာရှာလိုက် မိတ်လိုက်လိုက်နဲ့။ ဘေးမှာက ဖရိုဖရဲ လုပ်ငန်းအဆောက်အအုံတန်းနဲ့။ လမ်းကထွက်လိုက်တော့ လင်းလို့ကျင်းလို့။ ယာဉ်တွေဆိုတာ ရှုပ်လို့။ လမ်းကြားထဲတော့ နေရောင်က ဘယ်တော့မှ မဖြာပေါင်။ မော့ကြည့်လိုက်ရင် ပိန်ရှုံ့တွနေတဲ့ သွပ်မိုးချင်း က ထိလို့စပ်လို့။ မိုးရွာရွာ နေပူပူ ဒီလမ်းကြားက မထူး ပါဘူး။ အမြဲဗွက်ထူနေတော့တာပါပဲ။ သေးစော်၊ ကြွက်ပုပ်စော် ဟောင်လို့။ ရေဆိုးရေပုပ်တွေပေါ်မှာက
ယင်တလောင်းလောင်းနဲ့။ ''
( မာမွတ်ဇာဖရာ၊ စာမျက်နှာ ၁၁၅ မှ )
'' ရှေးသရောအခါ ဘာဆိုလားသမ္မတနိုင်ငံတော်ကြီးမှာ
ဗိုလ်ချုပ်ဖောင်းပွမှုကြီး ကြုံနေရပါတယ်။
ဘယ်သွားသွား ဗိုလ်ချုပ်တွေနဲ့ ပြေးမလွတ်ဘူးလေ။ အငှားကားဆရာ၊ ဘတ်စ်ကားဆရာ၊ နောက်တွဲကား ဆရာ၊ ရုပ်ရှင်ရုံ ဧည့်ကြို၊အားလုံးက ဗိုလ်ချုပ်တွေချည်း။ တက္ကသိုလ်ကထိက ဆိုတာတွေ ထည့်မပြောတော့ဘူး။ ဒီသမ္မတနိုင်ငံကြီးမှာ စစ်မက်မဖြစ်တာ မေ့လောက်အောင် ကြာခဲ့ပါရက် ဘာကြောင့် ဒီလောက်တောင် ဗိုလ်ချုပ်တွေ များနေရတာလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ '' ( ဗိုလ်ချုပ်ကြီးတွေ၊ စာမျက်နှာ ၂၉၁ မှ )
ဖတ်ရှုခဲ့ဖူးသည့် ဝတ္ထုတိုတို့ကို အကြောင်းအပေါင်း တိုက်ဆိုင်လေတိုင်း ကျွန်တော်တို့ သတိတရဖြစ်မိကြ မြဲဖြစ်သည်။ ယခု အာဆီယံဝတ္ထုတိုများသည်လည်း
ချစ်မက်စရာကောင်းလှသည့် ဝတ္ထုတိုများဖြစ်သည်။ ဒေသတွင်းရှိ ဝတ္ထုတိုအရေး အသားများဖြစ်ရာ
ရွှေပြည်ကြီးနှင့် ခံစားမှုချင်းနီးစပ်နေသည်။
ဝတ္ထုတိုနှစ်သက်မြတ်နိုးသူတို့ အကြိုက်တွေ့မည့်
အရေးအသားများဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၂၆ မေ ၂၀၂၀
Publisher Name: ဂလိုဘယ်အလင်းစာပေ
Publisher Address: အမှတ်(၂၉၇)၊အနော်ရထာလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။ ဖုန်း - 01212300,098537549
Publisher Phone Number: 01212300,098537549