စာအုပ်အမည် = ပရက်ရှပ်စ်မန်မို
စာအုပ်အပြင်အဆင်လေးကကြည့်လိုက်တာနဲ့ဖွင့်ဖတ်ချင်စရာ။ ပြီးတော့ဒီစာအုပ်လေးကအရောင်းရဆုံးစာရင်းထဲဝင်ခဲ့သေးတယ်။ ဆရာမ ချိုပိန်းနောင် ကို စသိတာက သမီး ဆိုတဲ့ ဝတ္ထုတိုလေးနဲ့။
အဲဒီဝတ္ထုတိုလေး ဖတ်လိုက်ရကတည်းက ဆရာမရဲ့အရေးအသား
တွေကို နှစ်ခြိုက်မိခဲ့တယ်။အရင်ကလဲ ဆရာမ စာအုပ်တွေ ထွက်ခဲ့ဖူးပေမယ့် ဒီစာအုပ်ကိုပဲ ပထမဆုံး ဖတ်ဖူးခြင်းပါ။ တစ်အုပ်ဆိုလည်း ဆိုသလောက်ပါပဲ။ ဆွဲခေါ်သွားလိုက်တာများဗျာ။ ဖတ်နေရင်းနဲ့ ပြုံးလာတဲ့အထိ ကြည်နူးဖို့ကောင်းတာတွေ၊ အံ့ဩတုန်လှုပ် မိတာ တွေ၊ နှလုံးသားကိုခပ်ကြမ်းကြမ်းဖျစ်ညစ်လိုက်သလို နာကျင်ခံစားရတာတွေ၊ ကျောချမ်းမိစရာ အကြောင်းတွေ၊
ရုတ်တရက် မျက်ရည်ဝဲမိတာတွေ ရသတွေ အများအပြားပါပဲ။
ဆရာမနဲ့ နီးစပ်ပတ်သက်ရာ မိဘဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်း
တွေ၊ သွားခဲ့ဖူးတဲ့ခရီးတွေအကြောင်းနဲ့ ဆရာမရဲ့ ဘဝဖြတ်သန်းခဲ့မှု တစ်စွန်းတစ်စ တွေကို ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ဒီစာအုပ်ကို ဖတ်နေရင်း စဉ်းစားမိနေတာက ဆရာမ ဘယ်လို ခွန်အားတွေနဲ့ ဒီနေ့အထိ ရှင်သန်ရပ်တည် ခဲ့သလဲ ဆိုတာကိုပါပဲ။
မိဘဆွေမျိုး ဆိုတဲ့ အနီးကပ်ဆုံး သူတွေရဲ့ လျစ်လျူရှု ဥပေက္ခာ တွေကြား၊ စိတ်ညစ်ညူးစရာတွေကြား၊ ကျွန်တော်တို့ မတွေးမိတဲ့ အပြုအမူတွေကြား မထင်ထားရလောက်တဲ့ ဝေဒနာဒဏ်ချက်တွေ အကြောင်း မွန်းကျပ်ဖို့ကောင်းအောင် ဖတ်ရပါလိမ့်မယ်။ ဒါဟာ ဖြစ်ရပ်အမှန်တွေပါ။ ရင်ဘတ်ထဲ အထိခိုက်ရဆုံးက သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း နှစ်ယောက် အကြောင်းတွေပါ။ ရှားရှားပါးပါး ရခဲ့တဲ့ ဘဝတူ သူငယ်ချင်းတွေ ရုတ်တရက် အဝေးဆုံးတွေ ထွက်သွားကြတဲ့အချိန် ဘယ်လိုတွေများ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲဆိုတာ စိတ်ဝင်စားမိတယ်။ ဖတ်နေရင်းနဲ့ ဆရာမ ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝကို ရင်မောခဲ့ရတယ်။
စာအုပ်ပါးပါးလေးဟာ တကယ့်ကို ခံစားစရာအများအပြားကို ပေးခဲ့တာပါ။ ခရီးသွားမှတ်တမ်းပုံစံ စာစုတွေကလည်း ဖတ်လို့ကောင်းပါတယ်။ ဆရာမ က မွန်းကြပ်စရာ ဇာတ်လမ်းတွေ ကြားထဲ ပြုံးချင်စရာ၊ ကြည်နူးစရာ ဇာတ်ကြောင်းလေးတွေ ကြားညှပ်ထည့်ထားပေးခြင်းနဲ့ စာဖတ်သူတွေကို မွန်းကြပ်လှောင်ပိတ်စေလိုက်၊ ကြည်နူးပြုံးရယ်စေလိုက်ဖြစ်အောင်
ဖန်တီးထားခဲ့ပါတယ်။ ဒီစာအုပ်လေးကို အစကအဆုံးအထိ ဖတ်ပြီးတဲ့အခါမှာ သဘောပေါက်လိုက်တာကတော့
မေတ္တာတရား ရဲ့ အရေးပါ အသုံးဝင်မှု ကိုပါပဲ။ ဆရာမက မေတ္တာတရား ရဲ့ အဖိုးတန်ပုံကို သွယ်ဝိုက်ပြောပြသွားတာလို့ပဲ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။ မဖတ်ရသေးသူတွေ ဝယ်ဖတ်ကြည့်ပါ။ ဝယ်မိလို့ နောင်တရစရာအကြောင်းမရှိတဲ့ စာအုပ်တစ်အုပ်ပါ။
#MoeMyunt Kyaw
-----------------
စ, ဖတ်နေတဲ့စာအုပ်၊ ဖတ်လက်စစာအုပ်တွေကြားထဲ
2019 အတွက် ပထမဆုံးတစ်ထိုင်ထဲဖတ်ရင်းပြီး
သွားတဲ့စာအုပ်ကတော့ စာရေးဆရာမ ချိုပိန်းနောင်ရဲ့
' ပရက်ရှပ်စ်မန်မို ' ဆိုတဲ့စာအုပ်ပါ! နောက်ပိုင်းရေးတဲ့
စာရေးဆရာတွေကိုသိပ်မရင်းနှီး မဖတ်ဖြစ်တဲ့ကိုယ်က
ချိုပိန်းနောင်ကို သူ့ရဲ့ဆူဆိုက်ဒ်ကော်ဖီဆိုင်ဆိုတဲ့
စာအုပ်ကိုစတင်ဖတ်မိရာကနေ အရေးအသားက
ကိုယ်နဲ့ရင်းနှီးသဘောကျပြီးတဲ့သကာလမှာသူက
ကိုယ့်ရဲ့စာအုပ်ထွက်ရင်ဝယ်တယ်ဆိုတဲ့စာရေးဆရာ
စာရင်းထဲပါခဲ့ပါတယ်။ ကိုယ်နဲ့အသက်အရွယ်တူဖြစ်
တာကလည်း ကိုယ့်ကိုသူ့စာအုပ်တွေနဲ့ပိုရင်းနှီးစေ
တာထင်ပါရဲ့!
စာဖတ်သူတစ်ယောက်အနေနဲ့သဘောအကျဆုံး
စာရေးဆရာပုံစံကိုပြောပါဆိုရင် တစ်မျိုးပဲရှိတယ်။
အဲတာကရိုးသားပွင့်လင်းသောရေးဟန်ရှိတဲ့
စာရေးဆရာမျိုးပဲ။ ကိုယ့်ဘဝအကြောင်းကိုအပို
စာသားတွေမပါ၊ ဟန်မလုပ်ပဲပွင့်ပွင့်လင်းလင်းနဲ့
စာဖတ်သူအပေါ်ကိုရိုးသားထားတဲ့ကိုယ်တိုင်ရေး
အတ္တပတ္တိစာအုပ်မျိုးကိုလည်းအရမ်းကြိုက်တယ်။
ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ' ငါပြောချင်သမျှ
ငါ့အကြောင်း ' လိုစာအုပ်မျိုးပေါ့လေ။
စာအုပ်မဖတ်တဲ့သူတွေက ဒီဘဝမှာဘဝတစ်ခုကိုပဲ
ဖြတ်သန်းခွင့်ရပြီး စာအုပ်ဖတ်တဲ့သူတွေကတော့
ဒီဘဝတစ်ခုမှာ ဘဝပေါင်းများစွာကိုဖြတ်သန်းခွင့်ရတဲ့
သူပဲတဲ့!
အခုနကိုယ်ပြောတဲ့စာအုပ်မျိုးကိုဖတ်ခွင့်ရတဲ့အခါမျိုး
တွေမှာပေါ့ ကိုယ်တို့ကသူများတွေရဲ့ဘဝကိုခဏ
အငှားခံစားခွင့်ရသလိုပါပဲ။ ဆူဆိုက်ဒ်ကော်ဖီဆိုင်ကို
ဖတ်ကတည်းက ချိုပိန်းနောင်ရဲ့ဘဝတစ်စွန်းတစ်စ
ကိုရိပ်မိတဲ့ကိုယ်က ယခုစာအုပ်ထဲသူရေးထားသလို
ဒိုင်ယာရီစာအုပ်ဆန်ဆန်၊ semibiography ဆန်ဆန်
ဖြစ်တဲ့ ' ပရက်ရှပ်စ်မန်မို ' ကိုဖတ်ရတဲ့အခါ သူ့ရဲ့ဘဝ
အကြောင်းကိုပိုသိခွင့်ရခဲ့ပါတယ်။ သုတစာအုပ်မဟုတ်
ပဲခံစားမှုရသစာအုပ်ဖြစ်တာကြောင့် ခံစားရတဲ့ရသ
တွေကတော့အများကြီးပါပဲ! ဒါပေမယ့်ဖတ်ရတဲ့ခံစားမှု
အများစုကတော့စာအုပ်ရဲ့ပထမတစ်ဝက်လောက်က
ကိုယ့်ကို အသက်ရှုကြပ်စေတာအမှန်ပါပဲ! ဒုတိယ
တစ်ဝက်လောက်ရောက်မှပဲ နည်းနည်းအသက်ရှုရ
တာအဆင်ပြေပါတော့တယ်။
ကလေးအရွယ်ဘဝ၊ ဆယ်ကျော်သက်အရွယ်ဘဝ
မှာထရော်မာတွေရဖူးတဲ့သူတိုင်းကို ကိုယ်ကိုယ်တိုင်
အများကြီးကိုယ်ချင်းစာပါတယ်။ ဘယ်သူ့ကိုမှလည်း
အဲလိုကလေးဘဝထရော်မာတွေမရှိစေချင်ဘူး၊
ဘာဖြစ်လို့လဲဆိုရင်လူတစ်ယောက်ရဲ့ထရော်မာ
ဆိုတာအဲဒီလူသေသည့်တိုင် မကုစားနိုင်ပဲပါသွားကြ
တာများပါတယ်။ ဆိုတော့ကာဘဝတစ်လျှောက်လုံး
ဒီထက်ပိုရင်သူနဲ့ပတ်သက်သမျှသူတွေ၊ အထူးသဖြင့်
သူကတဆင့်ဖြစ်လာရတဲ့ရင်သွေးတွေဆီကိုပါ
ရိုက်ခတ်နိုင်တာမို့ ကလေးတွေကိုထရော်မာဖြစ်စေ
တဲ့သူမျိုး၊ အထူးသဖြင့်မိဘဆိုတဲ့ဂုဏ်အင်္ဂ ါနဲ့မညီပဲ
မိဘဖြစ်နေတဲ့သူတိုင်းကို ကိုယ်မုန်းပါတယ်။ အကယ်၍
ထရော်မာဆိုတာမျိုးကိုယ့်မှာရှိနေခဲ့မယ်ဆိုရင်လည်း
စနစ်တကျကုစားကြပါလို့သာ အကြံပေးချင်ပါတယ်။
ဒီနေ့ခေတ်မှာတော့စိတ်ပညာဆိုတာကိုဘယ်လိုအသုံး
ချရမလဲ, ဘယ်လောက်အသုံးကျသလဲဆိုတာကိုလဲ
လူတော်တော်များများပိုသိလာတဲ့အတွက်ကပဲ
တော်သေးတယ်လို့ပြောရပါဦးမယ်။
စာအုပ်နဲ့ပတ်သက်လို့ကတော့ အခန်း ၁ ကနေ ၃၂
ထိပါဝင်တဲ့ ခံစားမှုစာတမ်းလေးတွေဖြစ်တဲ့အတွက်
အများကြီးကြိုမပြောပြလိုလှပါဘူး။ စာရေးသူရဲ့ငယ်
ဘဝ၊ ဆယ်ကျော်သက်ဘဝ၊ အိမ်ထောင်သည်ဘဝ၊
သမီးလေးအကြောင်း၊ မိသားစုဝင်တွေအကြောင်း၊
ငယ်သူငယ်ချင်းနှစ်ယောက်အကြောင်းနဲ့ စာရေး
ဆရာရဲ့ ဘဝမှာကြုံခဲ့တဲ့အကြောင်းအရာတွေ၊
ခံစားခဲ့ရတဲ့အကြောင်းအရာတွေ၊ တွေးမိတဲ့အရာ
တွေကိုစုထားတဲ့စာတမ်းငယ်လေးတွေမလို့
စာရေးတာလှတဲ့အခြားလူတစ်ယောက်ရဲ့ဘဝကို
မျှဝေခံစားကြည့်ချင်တဲ့သူတိုင်းဖတ်ချင်မယ့်စာအုပ်မျိုးပါ။
စာအုပ်ထဲချိုပိန်းနောင်ရေးထားသလိုပဲပေါ့လေ
နာကျင်စရာတွေများလာတဲ့အခါ ကဗျာဆရာဖြစ်လာတယ်
ဆိုတာမျိုးပဲ သူလည်းသူ့ဘဝမှာကြုံခဲ့တဲ့အရာတွေ
ကိုမမေ့နိုင်ပေမယ့်လို့ သက်သာစေဖို့အတွက်၊
ဆုံခဲ့တဲ့လူတွေကို အစစအရာရာတိုင်းအတွက်
ခွင့်မလွှတ်နိုင်သေးပေမယ့် ဥပေက္ခာပြုနိုင်ဖို့အတွက်
စာရေးဆရာဖြစ်လာတယ်ထင်ပါရဲ့!
ဘာပဲဖြစ်ဖြစ်ပေါ့လေ! စာအုပ်ကတစ်ဆင့်ကိုယ်ခံစား
နားလည်မိတဲ့အရာတွေက သူ့အတွက်မှန်ချင်လဲ
မှန်မယ်၊ မှာချင်းလည်းမှားမှာပါ။
စိတ်ရော၊ လူရောဒဏ်ရာဒဏ်ချက်များလှတဲ့ဘဝ
ထဲကအစိတ်အပိုင်းတွေကိုရေးပြထားတဲ့စာအုပ်ကို
ပရက်ရှပ်စ်မန် (Precious Memo) လို့နာမည်ပေးထား
တာကိုတွေးမိတော့ ကိုယ်ပါလိုက်နာကျင်ရပါတယ်။
ကိုယ်နဲ့သက်တူမိန်းကလေးတစ်ယောက် ဘယ်လို
မဆိုလူသားတစ်ယောက်ရဲ့ precious memo
တွေကဒါမျိုးတွေဖြစ်ရသတဲ့လား! သေချာတာက
တော့ကိုယ်သာ ချိုပိန်းနောင်ဖြစ်ခဲ့မယ်ဆိုရင်လည်း
သမီးငယ်လေးအအိကျန်ရဲ့ precious memo တွေ
ကိုအလှပဆုံးဖြစ်အောင်သူ့လိုပဲကြိုးစားပေးမိမှာပါ!
သမီး အအိကျန်လေးကလည်းသိပ်ကိုချစ်ဖို့ကောင်း
တယ်လေ။ .... ။
ချစ်တဲ့,
#Emerald_Moon_Y
Publisher Name: နှစ်ကာလများ
Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈
Publisher Phone Number: 09 254848048