ဗိုလ်ချုပ်ကြီးတွေ(အင်ဒိုနီးရှား ၀တ္ထုတို)
ရေှးသရောအခါ ဘာဆိုလား သမ္မတနိုင်ငံတော်ကြီးမှာ ဗိုလ်ချုပ်ဖောင်းပွမွုကြီး ကြုံနေရပါတယ်။ ဘယ်သွားသွား ဗိုလ်ချုပ်တွေနဲ့ ပြေးမလွတ်ဘူးလေ။ အငှားကားဆရာ၊ ဘတ်စကားဆရာ၊ နောက်တွဲကားဆရာ၊ ရုပ်ရှင်ရုံဧည့်ကြို။ အားလုံးက ဗိုလ်ချုပ်တွေချည်း။ တက္ကသိုလ်ကထိက ဆိုတာတွေတော့ ထည့်မပြောတော့ဘူး။ ဒီသမ္မတနိုင်ငံကြီးမှာ စစ်မက်မဖြစ်တာ မေ့လောက်အောင် ကြာခဲ့ပါရက် ဘာကြောင့် ဒီလောက်တောင် ဗိုလ်ချုပ်တွေ များနေရလဲဆိုတာ ဘယ်သူမှ မသိပါဘူး။
အစတော့ လူတွေက အမှတ်တမဲ့ပါပဲ။ ဒါပေမယ့် တဖြည်းဖြည်း စိတ်ပျက်လာကြတာပေါ့။ အရပ်သားတွေ ညည်းညူလာကြတာပေါ့။ သူတို့အလုပ်အကိုင်အခွင့်အလမ်းတွေကို ဗိုလ်ချုပ်တွေ ဝင်စီးကြတာကိုး။ ဘတ်စကားစီးခရီးသည်တွေကလည်း နေ့စဉ်စီးနေရတဲ့ ဘတ်စကားပေါ်က ကားဆရာဗိုလ်ချုပ်တွေ လုပ်ပုံကိုင်ပုံအကြောင်း ပြောလာကြပြန်တယ်။
"တကယ်ကို ရိုင်းစိုင်းတာဗျာ။ ကားမောင်းတော့လည်း အကြမ်းပတမ်း"
ခရီးသည်တစ်ယောက်က ပြောတယ်။ ဒီတော့ နောက်တစ်ယောက်က
"ဒါထက်ပိုဆိုးတာ ရှိပါသေးဗျာ။ တစ်ခါတလေ မှတ်တိုင်မှာ လူတွေ တစ်ပုံကြီး။ အဲဒါ ရပ်မတင်ဘူးဗျာ"တဲ့။
အစတော့ ဒေါသပေါ့လေ။ ကြာလာတော့ အမုန်းဖြစ်လာပါရော။ ဒါပေမယ့် ဘာဆိုလားသမ္မတ နိုင်ငံတော်သမ္မတကြီး (သူကိုယ်တိုင်ကလည်း ဗိုလ်ချုပ်ကြီး)က သူ့ဗိုလ်ချုပ်တွေလုပ်သမျှ အရေးမယူပါ ဘူး။ အဲဒီမှာ သမ္မတကြီးကိုပါ ထပ်ဆင့်မုန်းတော့တာပေါ့။ ဗိုလ်ချုပ်တွေလုပ်သမျှ သူ အလိုတူအလိုပါ ဖြစ်ရကောင်းလားလို့။
တစ်နေ့တော့ ဘာဆိုလား သမ္မတနိုင်ငံတော်ကြီးမှာ မယုံနိုင်စရာ အဆန်းတကြယ်တွေ ဖြစ်ကုန်ပါရော။ သွေးတစ်စက်မကျဘဲ စစ်အစိုးရရဲ့အာဏာကို အောင်အောင်မြင်မြင် သိမ်းလိုက်နိုင် ကြတယ်လေ။ ကမန်းကတန်းကိုပဲ ပြည်သူ့အစိုးရဖွဲ့လိုက်ကြတာပေါ့။ သမ္မတအပါအဝင် ဗိုလ်ချုပ်တွေ အကုန်ဖမ်းလိုက်ကြတယ်။ ဒါပေမယ့် လူထုသမ္မတက စစ်အစိုးရဗိုလ်ချုပ်တွေကို ကိုယ့်သဘောနဲ့ကိုယ် အပြစ်မပေးချင်ဘူး။ ဒီမိုကရေစီနည်းကျ ဖြစ်စေချင်တယ်။ ဗိုလ်ချုပ်တွေနဲ့ပတ်သက်လို့ ဘယ်လို ဆောင်ရွက်သင့်တယ် ပြည်သူတွေကို လုံးဝ တာဝန်လွွဲချင်တယ်။
ပြည်သူ့ဆန္ဒသိရအောင် စာစီစာကုံးပြိုင်ပွဲကြီးတစ်ခု လူထုအစိုးရက စီစဉ်လိုက်တယ်။ ဗိုလ်ချုပ် မိသားစုတွေကလွဲရင် ဘယ်သူမဆို ဝင်ပြိုင်ခွင့်ရှိတယ်။ စည်းကမ်းချက်တစ်ခုတော့ထားတယ်။ စာစီစာကုံးက ဝါကျတစ်ကြောင်းထက် မပိုစေရဘူးတဲ့။ စာစီစာကုံးခေါင်းစဉ်က "ဗိုလ်ချုပ်တွေကို လူသားဆန်ဆန် ဘယ်လိုဖယ်ရှားသင့်သလဲ" လေ။
လာလိုက်ကြတဲ့ စာစီစာကုံးတွေ ထင်ထားတာထက် ပိုသေးတယ်။ ရွေးချယ်စိစစ်ပြီးတဲ့အခါ ပြည်သူ့အနုပညာကောင်စီက ဆယ်ခု ဆန်ခါတင်ရွေးလိုက်တယ်။ ဘာဆိုလားသမ္မတနိုင်ငံတော် လူထုအစိုးရကြီးက ပွင့်လင်းမြင်သာမွုကို အားပေးချင်တော့ ရွေ:ထားတဲ့ စာစီစာကုံးတွေကို ပြည်သူ့ဆီ ချပြလိုက်တယ်။
ပထမတစ်ယောက်က "မြေသစ်ဖော်ထုတ်နိုင်အောင် ဆိုက်ဘေးရီးယားကို ပို့သင့်သည်" တဲ့။
ဒုတိယတစ်ယောက်က "အင်ဒိုနီးရှားနိုင်ငံမှာ မတီမထွင်ရသေးသည့် တောတွေ အများကြီးရှိသေးရာ ဗိုလ်ချုပ်များကို တောထုတ်သင့်ပါသည်" တဲ့။
တတိယတစ်ယောက်က "ဗီယက်နမ်စစ်ပွဲမှာ တိုက်ဖို့ခိုက်ဖို့ လွွတ်ပါ"တဲ့။
စတုတ္ထတစ်ယောက်က "ကျွန်တော့်သဘောသာဆိုရလျှင် ဆာဟာရသဲကန္တရမှာ မြေယာဖော်ထုတ်ဖို့ လွွတ်သင့်ပါသည်" တဲ့။
ပဥ္စမတစ်ယောက်ကကျ "သူ့အလိုလို အေးခဲသွားအောင် မြောက်ဝန်ရိုးစွန်းကို ပို့သင့်ပါသည်" တဲ့။
ဆဋ္ဌမတစ်ယောက်ကတော့ "ဗိုလ်ချုပ်တွေကို ကမ္ဘာပတ်လမ်းလျေှာက်ခိုင်းလိုက်လျှင် နောက်ဆုံးကျ တစ်ယောက်ပြီးတစ်ယောက် ကိစ္စချောမည်ဖြစ်ရာ ဤကိစ္စမှာလွယ်ပါသည်"တဲ့။
သတ္တမတစ်ယောက်က "သူတို့ကို ဘယ်လိုလုပ်လုပ် မည်သူကမျှ ဂရုစိုက်နေမည် မဟုတ်ပါ" တဲ့။
အဋ္ဌမတစ်ယောက်က "ကျန်ရစ်သည့်မိသားစု ပူဆွေးသောကရောက်မနေရအောင် ကျွန်တော်တို့ ဘာဆိုလားနိုင်ငံတော်ကြီးကနေ ပြည်နှင်ဒဏ်ပေးလိုက်သင့်ပါသည်" တဲ့။
နဝမတစ်ယောက်ကတော့ "ဗိုလ်ချုပ်တွေကို တိုက်ပိတ်ပြီး နေ့တိုင်းပဲပြားကျွေးထားလျှင်ပြီးစီ: နိုင်ရာ ဒုက္ခခံစဉ်းစားနေစရာမလိုပါ" တဲ့။
ဒသမတစ်ယောက်ကတော့ "ဖွံ့ဖြိုးရေးစိတ်ဓာတ်အခြေခံပြီး ပြောရလျှင် လန်ဒန်နှင့် Citeurap မြို့ကို တံတားထိုးခိုင်းဖို့ အကြံပြုချင်ပါသည်" တဲ့။
(ရေး-စောလူ၊ အာဆီယံ၀တ္ထုတိုများစာအုပ်မှ ထုတ်နွုတ်သည်)