စာအုပ်အမည် - ပြောလို့မကုန်သောဝတ္ထုများ
စာရေးသူ - သန်းမြင့်အောင်
စာအုပ်တိုက် - ကံ့ကော်ဝတ်ရည်
ပုံနှိပ်မှတ်တမ်း - ၂၀၁၆၊ စက်တင်ဘာ (ပထမအကြိမ်)
စာမျက်နှာ - ၂၀၀ (ဆိုက်ကြီး)
တန်ဖိုး - ၃၀၀၀ ကျပ်
Schizophrenia ခေါ် စိတ်ကစဉ့်ကလျားရောဂါသည် ဇာတ်ကောင်အကြောင်း ရေးထားသော ဆူးပန်းတစ်ပွင့်၏သိပ်သည်းဆ ဝတ္ထုတိုကို ဘွဲ့လွန်အတူတက်နေသည့် သူငယ်ချင်းတစ်ယောက်က ဖတ်လိုသဖြင့် ငှါးဖတ်ပြီး ပြန်ပေးသည့်အချိန်တွင် ကိုယ်ကလည်း မြန်မာဝတ္ထုတိုဘက် ဓာတ်ကျနေသည့်အခိုက်နှင့် ကြုံသဖြင့် ကောက်လှန်မိရာမှ ဝယ်ထားတာကြာပြီဖြစ်သော ဤစာအုပ်ကို ဖတ်မိသွားလေသည်။ သဏ္ဌာန်မဲ့ထုထည်စာအုပ်မှစကာ ဖတ်ဖူးခဲ့သော ဆရာမသန်းမြင့်အောင်၏ အရေးအသားကို နှစ်ပေါင်းများစွာအတွင်း ပြန်လည်ဖတ်ရှုဖြစ်ခြင်းပင်တည်း။
စာအုပ်ထဲမှ ဝတ္ထုတချို့မှာ ခေါင်းစီးပေးထားသည့်အတိုင်း ဝတ္ထုဆုံးသွားသည့်တိုင် ပြီးသွားသည်ဟု မခံစားရ။ ဆက်ရန်ရှိသေးသည်၊ ဆက်ရေး၍ရသေးသည်ဟု ကျွန်တော့်စိတ်ဝယ် ခံစားရလေသည်။ ဤစာအုပ်တွင် ဝတ္ထုတိုစုစုပေါင်း ၉ ပုဒ် ပါဝင်သည်။
ပထမဆုံးအပုဒ်မှာ အကျော်တစောနဲ့ ပြောလို့မကုန်ပေါင်ဟု အမည်ပေးထားပြီး အညာဒေသမှ ဘုန်းကြီးပျံပွဲ ဆင်ယင်ကျင်းပပုံကို နောက်ခံထားကာ ဘုန်းကျော်နှင့်ခင်ထား ဇာတ်ကောင်နှစ်ဦး၏ နှလုံးသားရေးရာကို ဖွဲ့ဆိုသွားပါသည်။ လှော်ကားယိမ်း၊ ဧယင်ကျူး၊ သိုင်းနင်းပြာသာဒ် စသဖြင့် ဘုန်းကြီးပျံပွဲ ခမ်းခမ်းနားနားကျင်းပပုံမှာ ကိုယ်တွေ့မကြုံဖူးသော ကျွန်တော့်အတွက် အသိတစ်မျိုး တိုးရပါသည်။ ဘုန်းကျော်မှာ ကွမ်းတောင်ကိုင်ခင်ထားနှင့် လူငယ်ဘာဝ ချစ်ကြိုးသွယ်မိသော်လည်း ခင်ထားမိဘများက သဘောမတူသဖြင့် ခိုးပြေးဖို့ကြံသည်။ သို့သော် ခင်ထားက သူ့မိဘတွေကို ပစ်ပြီးမလိုက်နိုင်ပါတဲ့။ သို့နှင့် သူ့အားတစ်ဖက်သတ်ချစ်နေသည့် ညိုနွဲ့ကို ဘုန်းကျော်လက်ထပ်ပြီး မြို့သို့ပြောင်းလာခဲ့သည်။ အိမ်ထောင်သက်ငါးနှစ်အရတွင် ညိုနွဲ့သေသည်။ ဘုန်းကျော်လည်း ယစ်ထုပ်ကြီးလုံးလုံး ဖြစ်သွား၏။ ထိုအချိန်တွင် ရွာကျောင်းမှဆရာတော် ကွယ်လွန်သည်။ ကိုယ့်ရွာဘုန်းကြီးပျံမို့ ရပ်ဝေးမှရွာသားများ အရောက်ပြန်ကြသည်တွင် ဘုန်းကျော်နှင့် အတူနေညီမငယ်မြနုလည်း ရွာသို့ပြန်လာသည်။ ခင်ထားမှာ မိဘများဆုံးသွားသော်လည်း ယခုတိုင်အပျိုကြီးလုပ်နေ၏။ ရွာအဝင်တွင် ခင်ထားကိုလှစ်ခနဲမြင်၍ ဘုန်းကျော်ထွက်ပြေးသည်။ နောက်ရက်တွေမှာလည်း ခင်ထားနှင့် တိုးမည်စိုး၍ ဘုန်းကျော်အပြင်မထွက်။ လုံးလုံးမထွက်သည်တော့မဟုတ်။ ထန်းတောသို့တော့ အချိန်မှန်ရောက်ကာ နေ့မူးညမူးဖြစ်နေ၏။ ညီမမြနုနှင့် ရွာတွင်ကျန်ရစ်သော ညီအစ်ကိုမောင်နှမများမှာ လှော်ကားယိမ်း၊ အကျွေးအမွေး၊ ဆူးထောင်လုပ် စသဖြင့် လုပ်အားဒါနပြု ကြသော်လည်း ဘုန်းကျော်ကား ရှောင်နေမိသည်။ နောက်ဆုံးတွင် ဦးဇင်းက လူလွှတ်ခေါ်၏။ ဦးဇင်းခေါ်သည်ဆိုတော့လည်း ဘုန်းကျော်မနေရဲ။ ဘုန်းကြီးပျံပြီးသည်ထိ ဘယ်နေရာကမှမပါသော ဘုန်းကျော်ကို ဦးဇင်းကောသလ္လက လောင်တိုက်ထဲမှ အရိုးပြာကောက်ခိုင်းသည်။ ကောက်ပြီး၍ သူအရိုးအိုးပေးရမည့်သူကို ကြည့်လိုက်တော့ ခင်ထား။ ရွာရောက်ကတည်းက သူ့ကိုရှောင်နေသော ဘုန်းကျော်ကို ခင်ထားစိတ်ခုနေသည်။ တကယ်ဆို ငယ်ကချစ်အနှစ်တစ်ရာမို့ ဘုန်းကျော်ကို ယခုတိုင် သူသတိရနေဆဲမဟုတ်လား။ ချင်းစိမ်းနှင့်မိတ်ဿ လင် သူကြင်မှကိုယ်ကြင်ဆိုသည့်စကားအတိုင်း ဘုန်းကျော်လက်မှ အရိုးပြာအိုးကို ယူပြီးသည်နှင့် စကားပင်မဆိုဘဲ ခင်ထားအပြေးထွက်လာသည်။ ဘုန်းကျော်ကား နေရာမှာ မလှုပ်မယှက်ကျန်ခဲ့၏။ ဦးဇင်းက သွားလို့ရပြီဘုန်းကျော်ဆိုသော်လည်း သူမလှုပ်။ ခင်ထားက လောလောနှင့် ထွက်သွားသည်တွင် သူ့ဖိနပ်တစ်ဖက်ကို မှားစီးသွားသည်မဟုတ်လား။ မှားသွားရင်လိုက်လဲပေါ့ကွဟု ဦးဇင်းပြောသည်မှ အမျိုးသမီးဖိနပ်တစ်ဖက် အမျိုးသားဖိနပ်တစ်ဖက်နှင့် ခင်ထားနောက်သို့ ဘုန်းကျော်လိုက်လေသတည်း။ ဝတ္ထုကားဤတွင်ဆုံးပြီဖြစ်၍ ခင်ထားနှင့်ဘုန်းကျော် မည်သို့ဆက်ဖြစ်သလဲဆိုသည်ကိုတော့ စာဖတ်သူတို့ ဆက်တွေးဖို့သာရှိလေ၏။
ဒုတိယတစ်ပုဒ်မှာ သဒ္ဒါရုံဖြစ်ပြီး တာရာ၊ ဦးအောင်၊ မေမေနွယ်၊ တိုင်းမေအောင် တို့၏ ထူးခြားသောမိသားစုအခြေအနေ အကြောင်းကို တင်ပြထားသည်။ တာရာနှင့်ဦးအောင်မှာ အသက်တော်တော်ကွာသည်။ ဦးအောင်၏ တတိယမြောက်ဇနီးအဖြစ်ကို တာရာခံယူမည်ဆိုတော့ မိဘများ ရင်ကွဲရတော့သည်။ မနူးမနပ်အရွယ်လည်း မဟုတ်သဖြင့် သမီးဖြစ်သူ၏ ဆုံးဖြတ်ချက်ကို ပယ်မချရက်ဘဲ ရင်နာနာနှင့်ပင် ခွင့်ပြုပေးလိုက်ရသည်။ မေမေနွယ်မှာ ဦးအောင်၏ဒုတိယဇနီးဖြစ်သည်။ တိုင်းမေအောင်၊ တိုင်းဝေအောင်တို့အမေ ကွယ်လွန်တော့ အိမ်နီးချင်းလည်းဖြစ် မစွမ်းရင်းကလည်းရှိသူ မေမေနွယ်နှင့် ဦးအောင် အကြောင်းပါခဲ့သည်။ အဓိကအကြောင်းမှာ သူ့သမီးနှစ်ယောက်ကို ရင်အုပ်မကွာ စောင့်ရှောက်ပေးစေချင်၍ ဖြစ်သည်။ သို့သော် ကျောင်းဆရာမဖြစ်သူ မေမေနွယ်ကလည်း သူ့အလုပ်ကိုမစွန့်။ အလုပ်တစ်ဖက်နှင့် ကလေးနှစ်ယောက်ကို မိခင်ရင်းနှင့်မခြား ချစ်ခင်ယုယသည်။ တစ်နေ့တွင် မေမေနွယ် ကျောင်းမှပြန်အလာ တိုင်းဝေအောင်က ပြေးကြိ်ုသည်။ သူ့ထံဦးတည်လာသောစက်ဘီးကို ရှောင်ရင်း ချော်လဲကာ အုတ်ပုံနှင့် တိုင်းဝေအောင် ခေါင်းဆောင့်မိသည်။ ဦးနှောက်ထဲသွေးခဲပြီး တိုင်းဝေအောင် အသက်ဆုံးသည်တွင် ဦးအောင်၏အမျက်ဒေါသတို့က မေမေနွယ်ပေါ်ပုံကျသည်။ မေမေနွယ်သာ ကျောင်းဆရာမ မလုပ်ခဲ့လျှင် သူ့သမီးကလည်း ထွက်ကြိုရမည်မဟုတ်။ ဒါဆို ဒီအဖြစ်ဆိုးနှင့် ကြုံစရာမရှိ။ ဒီအယူအဆကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသော ဦးအောင်နှင့် လင်၏လျစ်လျူရှုခြင်းခံရသော မေမေနွယ် ကာလတစ်ခုအကြာတွင် ကွဲလေ၏။ သို့သော် တိုင်းမေအောင်ကတော့ မေမေနွယ့်အပေါ် အချစ်မပြယ်။ ဖေဖေ့ထက်ပင် ချစ်သေးသည်ထင်၏။ သို့နှင့် ဦးအောင်နှင့်တာရာ မင်္ဂလာဆောင်ပြီးနောက် အထီးကျန်အဖော်မဲ့နေသော မေမေနွယ်နှင့် သွားနေခွင့်ပြုရန် တိုင်းမေအောင်ခွင့်ပန်သည်။ လင်ပါသမီးပေမဲ့ သမီးရင်းနှင့်မခြား ချစ်ခင်ရသူတိုင်းမေအောင်ကြောင့် မေမေနွယ့်ဘဝလေး ပြန်လည်စိုပြေလာသည်။ သည်လိုနှင့် တိုင်းမေအောင် နိုင်ငံရပ်ခြားမှာ ပညာသွားသင်လေသည်၌ မေမေနွယ် အဖော်မဲ့လွမ်းဆွတ်ရပြန်သည်။ တိုင်းမေအောင်ကလည်း သူ့မေမေနွယ်ကို မမေ့။ တာရာနှင့်သူ့ဖေဖေထံ ရေးသောစာ၌ မေမေနွယ့်အပေါ် စိတ်ပူကြောင်း၊ လွမ်းဆွတ်ကြောင်းတွေက တရံမလပ်ပါသည်။ တစ်နေ့တွင် ဧည့်သည်လာသည်ဆို၍ မေမေနွယ် ထွက်ကြည့်သည်။ သူ တစ်ခါမှ မမြင်ဖူးသောမိန်းကလေး၊ တိုင်းမေအောင်ထက် နည်းနည်းသာပိုကြီးမည်။ ထိုမိန်းကလေးက သူ့ကိုယ်သူ တာရာဟု မိတ်ဆက်၏။ တိုင်းမေအောင်ကိုယ်စား မေမေနွယ့်ကို အဖော်လာလုပ်ပေးသည်ဆို၏။ ဝတ္ထုက ဤတွင်ဆုံးသည်။ သို့သော် အတွေးတို့ကမဆုံး။ ဝတ္ထုထဲမှ မိန်းမသားဇာတ်ကောင်တို့၏ စိတ်ထားအလှမှာ ပိတ်ကားပြသည့်ပမာ အာရုံ၌ ထင်နေဆဲရယ်ပါ။
ကျန်ခုနစ်ပုဒ်မှာ
၃။ အရောင်များကိုလုယက်ခြင်း
၄။ ရောင်စုံပန်းခင်း
၅။ ဒိုင်ယာဇီဗင်ည
၆။ ဘဝကိုအရောင်ခြယ်ကြသူများ
၇။ ရင်ငွေ့ပန်း
၈။ ဆူးပန်းတစ်ပွင့်၏သိပ်သည်းဆ
၉။ ဘဝထဲကချင်းတွင်းဝိညာဉ် တို့ဖြစ်ကြပါသည်။
ဝတ္ထုတိုများထဲတွင် ကျွန်တော်သဘောကျမိသော စာသားတချို့ ထုတ်ပြချင်ပါသေးသည်။
ဆင်းရဲတဲ့လူတွေကို အသင်းတော်အရိပ်အောက် ခိုဝင်လာလျှင် နေရေး၊ စားရေး တာဝန်ယူပေးသည်။ အနာကြီးရောဂါသည် အဘိုးအိုတစ်ယောက်ကမူ သူ့မိသားစုတစ်ခုလုံး ဘာသာကူးပြောင်းကာ ဟန်ကျနေသည့်တိုင် သစ်ပင်အောက်တွင်သာ နေ၏။ သူပြောသည့်စကားမှာ...
"အဘက နူနေပြီ၊ အိုလည်းအိုပြီ၊ ပြီးရင် နာဖို့နဲ့သေဖို့ပဲ ကျန်တော့တယ်၊ သေခါနီးမှတော့ ဗုဒ္ဓဝါဒ အပျောက်မခံနိုင်တော့ဘူးကွဲ့"
မိမိယုံကြည်ရာကို ဘာနဲ့မှမလဲသည့်စိတ်ဓာတ်ကို သဘောကျမိသည်။ နောက်ထပ်အနည်းငယ် ထုတ်နှုတ်ပြပါဦးမည်။
"ကိုယ်ချင်းစာစိတ်ဆိုတာသာ လူတိုင်းမှာရှိမယ်ဆိုရင် လောကကြီးမှာ မတရားမှုတွေအားလုံး ဆိတ်သုဉ်းသွားလိမ့်မယ်"
"တကယ်လို့များ ဘဝဆိုတာ လိမ္မော်သီးတစ်လုံးဖြစ်ခဲ့ရင် အချစ်ဆိုတာဟာ အဲဒီထဲက အမြွာလေးတစ်မြွာသာဖြစ်တယ်။ ကျန်တဲ့အမြွာတွေက ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး စတဲ့ အကန့်တွေ အစိတ်အပိုင်းတွေဖြစ်တယ် ဆိုတာနဲ့ အတူ အဲဒီထဲက ချစ်တယ်ဆိုတဲ့ အမြွာလေးတစ်မြွာ၊ အကန့်ကလေးတစ်ကန့်၊ အစိတ်အပိုင်းလေး တစ်ခုကြောင့်နဲ့တော့ အခြားအားကောင်းပြီး ချိုမြိန်တဲ့အကန့်တွေကို ကူးစက်ပြီး မပျက်စီးပါစေနဲ့"
"ပရဟိတသမားဆိုတာ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် အမြတ်မထုတ်ရဘူး။ ငွေရေးကြေးရေး၊ လူမှုရေးကအစပေါ့။ ဖောက်ပြန်မှုကင်းရမယ်၊ လိုအပ်လာရင် ကိုယ့်ကိုယ်ကျိုးကိုပါ စွန့်ပြီး အနစ်နာခံနိုင်ရမယ်၊ အမှန်တရားကို လေးစားရမယ်၊ ကိုယ်ကျင့်တရား ကောင်းရမယ်"
စာညွှန်းလည်း ရှည်လှပြီမို့ ဒီနေရာမှာပဲ ရပ်ပါတော့မည်။ ဝတ္ထုတိုအဖွဲ့ကို နှစ်သက်လျှင် မဖြစ်မနေဖတ်ကြည့်ဖို့လိုသော စာအုပ်တစ်အုပ်ဖြစ်ပါသည်ဟု ညွှန်းလိုက်ရပါကြောင်း။
ကျော်စွာ
၀၇:၀၀ နာရီ
၁၄.၅.၂၀၁၇
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137