စာအုပ်အမည် - #ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ
ဘာသာပြန်သူ - #စိုးသိဏ်း
စာအုပ်တိုက် - #စိတ်ကူးချိုချို
ပုံနှိပ်မှတ်တမ်း - ၂၀၁၈၊ ဧပြီ (ယခင်က ထုတ်ခဲ့ဖူးသည့် ဝတၳုတိုစာအုပ်နှစ်အုပ်ကို တစ်စုတစည်းတည်း ပြန်လည်ထုတ်ဝေခြင်း)
စာမျက်နှာ - ၃၄၅
တန်ဖိုး - ၄၀၀၀ ကျပ်
Jeffrey Archer စာအုပ်တွေကို ကျွန်တော် သဘောကျသည်။ လက်လှမ်းမီသမျှကိုလည်း ဖတ်ရှုခဲ့ဖူးသည်။ သူရေးသော လုံးချင်းများက ဆွဲဆောင်အား ကောင်းလှသလို ဝတၳုတိုကျပြန်တော့လည်း အလှည့်အပတ်ကလေးများဖြင့် အဆုံးသတ်တတ်သည်မို့ ဖတ်ရသည်မှာ နှစ်ထောင်းအားရရှိလှသည်။ ယခုညွှန်းမည့် စာအုပ်မှာ သူရေးခဲ့သော ဝတၳုတိုပေါင်းချုပ်စာအုပ်များမှ ဝတၳုတိုဆယ့်ကိုးပုဒ်ကို ကောက်နှုတ်ကာ ဘာသာပြန်ထားခြင်းဖြစ်သည်။
#အသက်ရှင်နေသမျှ_နောင်တရစရာမလို
ဒေးဗစ်နှင့်ပက်တို့သည် အတူနေချစ်သူများ ဖြစ်ပြီး တစ်ယောက်သေလျှင် ကျန်ရစ်သူကို အမွေပေးရန် ကတိထားကြသည်။ ကတိထားမှလည်း ဖြစ်တော့မည်။ ဒေးဗစ်ဘက်က အမှားတစ်ခု ကျူးလွန်ထားမိသည် မဟုတ်လား။ သို့ဖြင့် ပက် အလုပ်သွားနေသည့်အချိန်တွင် ဂျီနီဗာလိုက်ဖ် အာမခံလုပ်ငန်းမှ မာဗင်ရိုးဘတ်ခ်ကို အိမ်သို့ချိန်းဆိုပြီး အသက်အာမခံလုပ်သည်။ ယခုကဲ့သို့ အသက်အာမခံ လုပ်မိသည်ကို အသက်ရှင်နေသရွေ့ နောင်တရစရာမရှိကြောင်းဖြင့် မာဗင်က အာမခံသည်။ သူထားသည့် ငွေပမာဏမှာ ဒေါ်လာတစ်သန်းဖြစ်သည်မို့ အာမခံဌာနမှ ဆရာဝန်နှင့် ပြသပြီး လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် မာဗင်ရိုးဘတ်ခ်က ပြောသည်။ ပက်ပြန်လာတော့ ထိုအကြောင်းများကို ဒေးဗစ်က ဖောက်သည်ပြန်ချသည်။ သူသေလျှင် အာမခံငွေတစ်သန်းကို ပက်က ခံစားခွင့်ရမည်။ ထိုညက သူတို့ ကောင်းကောင်းအိပ်မပျော်။
နောက်တစ်နေ့မနက် ဆေးသွားစစ်ရမည့်အချိန်တွင် ဒေးဗစ်နှင့်အတူ ပက်လိုက်သွားပြီး ဆေးခန်းနှင့် တစ်လမ်းကျော်ခန့်တွင် သူတို့လမ်းခွဲသည်။ ကျန်းမာရေးကောင်းမွန်ကြောင်း အဖြေများ ရလာပြီးနောက် အသက်အာမခံစာချုပ်ကို အပြီးချုပ်ဖြစ်ကြသည်။ စာချုပ်အသက်ဝင်ပြီးသည်မှစ၍ ခုနစ်လအကြာတွင် ဒေးဗစ်တစ်ယောက် အေအိုင်ဒီအက်စ်ရောဂါဖြင့် ကွယ်လွန်သည်။ ထိုအခါ မာဗင်ရိုးဘတ်ခ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တော့သည်။ ကုမ္ပဏီအတွက် အရံှူးပေါ်စေမည့် အာမခံကို သူကိုယ်တိုင် ဆောင်ကြဉ်းလာခဲ့မိသည် မဟုတ်ပါလား။ သို့သော် ဒေးဗစ်သေဆုံးမှုနှင့် ပတ်သက်ပြီး သူ့စိတ်ထဲ ထင်နေတာ တစ်ခုရှိသည်။
သို့ဖြင့် ပက်ထံသွားပြီး ဒေးဗစ်၏ အသက်အာမခံကြေး မထုတ်ခင် ပက်ကလည်း အလားတူ အသက်အာမခံမျိုး ထားပေးဖို့ နားချသည်။ ဒေးဗစ်ကြောင့် မာဗင် ဒုက္ခရောက်ရသည်ဟု အယူရှိပြီး အားနာမိသော ပက်က သူ့အကြံကို လက်ခံပြီး ဆေးစစ်သွေးစစ်လုပ်ကာ အာမခံအတွက် ပထမအရစ်ငွေကို သွင်းဖို့လုပ်သည်။ ငွေသွင်းပြီးချိန်တွင် အာမခံဌာနမှ ဆက်သွယ်လာ၏။ ဒေးဗစ်သွေးစစ်စဉ်က ဖောက်ယူထားသောသွေးနှင့် သူ့သွေးမှာ အတူတူ ဖြစ်နေပြီး သူတို့ လူစားလဲသည့်ကိစ္စ ပေါ်ပေါက်သွားပြီဖြစ်မှန်း ပက်သိလိုက်ရချိန်တွင် နဂိုက ရင်ကျပ်ရောဂါအခံရှိသောပက်မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားလေ၏။ ဒေးဗစ်လိမ်တာကို ဖော်ထုတ်ရန် ပက်ကို အသက်အာမခံ လုပ်ခိုင်းမိသော မာဗင်သည်ကား ပက်၏ အသက်အာမခံကြေးဒေါ်လာတစ်သန်းကို ညီမဖြစ်သူထံ လွှဲအပ်ပေးလိုက်ရသည့်အချိန်မှစပြီး နောင်တဖြင့်သာ ရှင်သန်နေထိုင်သွားရလေတော့၏။
#အဝေးပြေးလမ်းပေါ်မှာ
ဘဏ္႑ာရေးလုပ်ငန်းကုမ္ပဏီတစ်ခု၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒိုင်ယာနာသည် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ ဒင်နီယယ်တို့မိသားစု၏ စိုက်ပျိုးမွေးမြူရေးခြံသို့ မကြာမကြာ ညစာသွားစားလေ့ရှိသည်။ ယောကျ်ားနှင့်ကွဲပြီးနောက် အချစ်သစ်မရှာလိုသော သူမက အထီးကျန်အချိန်များကို ထိုသို့သာ ဖြုန်းပစ်တတ်သည်။ ယနေ့လည်း ဒင်နီယယ်တို့ထံ သွားဖို့လုပ်ထားကာမှ သူမထံမှာ အလုပ်တွေက ပုံနေသဖြင့် ရုံးဆင်းနောက်ကျသွားသည်။ သူမ ရုံးမှထွက်လာချိန်တွင် ညနေခြောက်နာရီ ထိုးလုပြီ။ ရုံးဆင်းချိန်မို့ ယာဉ်ကျောကြပ်နေသည်ဖြစ်ရာ မြို့ပြင်ရောက်အောင် တစ်နာရီခန့် သူမမောင်းလိုက်ရသည်။
အဝေးပြေးလမ်းမကြီးပေါ် အရောက်တွင် သူမစိတ်ပေါ့ပါးသွားပြီး ကားစက်ရှိန်ကို မြှင့်တင်လိုက်သည်။ ထိုစဉ် ဒုန်းခနဲ တိုက်မိသံကြားရသဖြင့် ကားရပ်ပြီး လမ်းဘေးသို့ ဆင်းကြည့်ရာ ကြောင်သေတစ်ကောင် ဖြစ်နေသောကြောင့် သူမဝမ်းနည်းသွားသည်။ ကြောင်သေကို မြောင်းထဲချပြီး ကားပေါ်ပြန်တက်ကာ ကားစက်နှိုးသည်။ ကားမောင်းလို့မှ မကြာသေးမီ နောက်မှ ကားတစ်စီးက ရှေ့မီးစူးနေအောင် ထိုးသဖြင့် သူမ မျက်စိတွေပြာသွားသည်။ နောက်ကိုလှည့်ကြည့်တော့ ယာဉ်မောင်းသူက လက်ဝှေ့ယမ်းပြနေ၏။ သူမ အရှိန်လျှော့ပေးသော်လည်း ထိုယာဉ်မောင်းက သူမကိုမကျော်။ သူမနှေးလျှင် လိုက်နှေးသလို သူမမြန်လျှင်လည်း မြန်မြန်လိုက်မောင်းသည်။
လွန်ခဲ့သော လအနည်းငယ်က အဝေးပြေးလမ်းမပေါ် တစ်ယောက်တည်း ကားမောင်းလာသော အမျိုးသမီးများ အသတ်ခံရသည့်သတင်းကို သူမပြန်သတိရမိတော့ ကျောထဲမှစိမ့်သွား၏။ နောက်မှလိုက်လာသော ကားကို မျက်ခြေဖြတ်ဖို့ သူမ အမျိုးမျိုးကြိုးစားသည်။ မရ။ နောက်ဆုံးတွင် ဒင်နီယယ်တို့ခြံဘက်သွားလျှင် ကွေ့ရမည့် လမ်းခွဲအနီးသို့ ရောက်လာ၏။ ကားကိုအရှိန်တင်ပြီးမှ လမ်းခွဲတွင် နောက်မှလူ မထင်မှတ်အောင် သူမ ဆတ်ခနဲ ဆွဲကွေ့လိုက်ရာ ထိုလူက အရှိန်လွန်သွားသော်လည်း မြက်ခင်းပေါ်မှ ကျော်ဖြတ်ကာ သူမနောက်သို့ ဆက်လိုက်လာ၏။
ဒင်နီယယ်တို့ခြံကိုရောက်ဖို့ တောလမ်းအတိုင်း ဆက်သွားရဦးမည်။ သူမဘုရားတကာ အရဲစွန့်ပြီး ဆက်မောင်းလာရ၏။ ကားတွင် ဆီနည်းနေပြီမို့ နောက်တစ်မြို့ရောက်အောင်လည်း သူမစွန့်စားပြီး မမောင်းရဲပေ။ ထိုကားကလည်း တောလမ်းအထိ ဆက်ပြီးလိုက်လာသည်။ ပုံမှန်ဆို ဒင်နီယယ်တို့ခြံကို ဝင်းတံခါးပိတ်ထားတတ်သည်။ တံခါးဆင်းဖွင့်နေဖို့ သူမမှာ အချိန်မရှိ။ သို့သော် ကံကောင်းချင်တော့ သူမလာမည်မို့ ဒင်နီယယ်တို့က တံခါးကို ကြိုဖွင့်ထားပေးသည်။ သို့နှင့် အိမ်ရှေ့ရောက်သည်အထိ ကားကို သူမ တဟုန်ထိုး မောင်းလာခဲ့သည်။ ကားဟွန်းကို သူမ အဆက်မပြတ် တီးလာသည်မို့ ဒင်နီယယ် အိမ်ရှေ့ထွက်လာစဉ် အိမ်ရှေ့ပန်းချုံကိုတိုက်မိပြီး သူမကားရပ်သွားသည်။
ဒင်နီယယ်ကို သေနတ်ယူလာဖို့ ပြောပြီး သူသွားယူနေစဉ် သူမနောက် လိုက်လာသောကားက ထိုးရပ်လိုက်၏။ ကားထဲမှ လူငယ်တစ်ယောက် ထွက်လာသည်ကိုမြင်ရတော့ ဒင်နီယယ်က သေနတ်ဖြင့်ချိန်သည်။ လူငယ်က သူမဟုတ်ကြောင်း ကမန်းကတန်းရှင်းပြပြီး ဒိုင်ယာနာ့ကားနောက်ခန်းကို လက်ညှိုးထိုးပြသည်။ သေနတ်ကို အသင့်ပြင်ရင်း ကားနောက်ခန်းကို ဖွင့်လိုက်ရာ လက်တွင် ဓားမြှောင်ကိုင်ထားသော အမျိုးသားတစ်ယောက် ကားနောက်ခန်းထဲ ပုန်းနေသည်ကို တွေ့ရလေ၏။ သူမကားရပ်ကာ ကြောင်သေကိုဆင်းကြည့်စဉ် ထိုလူ ကားပေါ်တက်သွားသည်ကို လူငယ်က မြင်လိုက်သဖြင့် လိုက်သတိပေးခြင်းဖြစ်ကြောင်း ယခုမှပင် သိရလေတော့၏။
ဖော်ပြပါနှစ်ပုဒ်ကို အကြိုက်တွေ့လျှင် ကျန်ဆယ့်ခုနစ်ပုဒ်ကိုလည်း အကြိုက်တွေ့လိမ့်မည်ဟု ကျွန်တော်ယူဆပါ၏။
#ကျော်စွာ
၁၇:၃၀ နာရီ
၁၄.၃.၂၀၁၉
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845