နုနုရည်အင်းဝ၊ ဝင်းစည်သူ၊ ခင်ခင်ထူး
ထိုသုံးဦး ဤကိုးပုဒ်
စိတ်ကူးချိုချိုအနုပညာ
ပထမအကြိမ်၊ သြဂုတ် ၂၀၂၀။
မျက်နှာဖုံးပန်းချီ - ဧကစာချို။
၁၃ စင်တီမီတာ x ၁၉ စင်တီမီတာ။
စာမျက်နှာ - ၁၀၈၊ တန်ဖိုး - ကျပ် ၁၃၀၀။
စိတ်ကူးချိုချိုစာအုပ်တိုက်၏ ၂၁ နှစ်ပြည့် အမှတ်တရ ဝတ္ထုအစီအစဉ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
'' ဘဝရှုခင်း၊ ခေတ်ရှုခင်း'' ဟု ညွှန်းဆိုထားပြီး
'' ဝတ္ထုများကို တူရာလမ်းကြောင်းတစ်ခုမှ တွဲစပ် ခံစား ချဉ်းကပ်ကြည့်ခြင်း ဖြစ်ပါသည် '' ဟု စီစဉ်သူ ဆရာကြည်လင်အေးက ရေးသားထားသည်။
အချို့သော ဝတ္ထုတိုများ၏ ကနဦးဖော်ပြခဲ့ရာ ပုံနှိပ်မှတ်တမ်းတို့ကို ဖော်ပြထားခြင်းမရှိပေ။
၁။ နုနုရည်အင်းဝ
ရိုးပြာ မြေဝယ်မြေ့စေတော့( သဘင် မဂ္ဂဇင်း၊ ဇန်နဝါရီ ၁၉၈၅)၊ ရေပေါ်မှာလွှားပါလို့ (ဒဂုန်မဂ္ဂဇင်း၊မတ် ၁၉၈၅)၊
အစုန်လူသယ် ( ပေဖူးလွှာ မဂ္ဂဇင်း၊ ဇူလိုင် ၁၉၉၀ )
'' စျေးထောင့်မှာ ဖိုးလုံးနဲ့ ပိုက်ဆံခွဲကြတယ်။ နှစ်ရာ့ငါး ဆယ်စီ။ ဆန်အိတ်ကလေးတွေ ကိုယ်စီထမ်းပြီး မြစ်ထိပ်က လှေဆီကို အပြန်လမ်းမှာ ဖိုးလုံးက လေတချွန်ချွန်နဲ့၊ ပွဲမောင်ကတော့ ငိုင်တိငိုင်တွေ။ လှေကလေးနား ရောက်တာနဲ့ ပွဲမောင် ကျောထဲ စိမ့်ခနဲလိုပဲ။ ဆိုးဝါး စူးရှ လှတဲ့ ပုပ်အဲ့အဲ့အနံ့ကို ရှူရှိုက်လိုက်ရတယ်။ ''
( အစုန်လူသယ်၊ စာမျက်နှာ ၃၀ မှ )
၂။ ဝင်းစည်သူ
ရှစ်နှစ်သား ( ၁၉၉၁ )၊ ဖလား ( ၁၉၉၀ )၊
ရောဂါနံပါတ် ၉၇ ( ၁၉၉၀ )
'' ခက်တာက
သိပ်ကို ခက်တာက
ဘယ်ရုံပဲရောက်ရောက် .....၊
' ယနေ့ည ဖာတစ်လုံးခေါင်းကျား ပြဇာတ် တင်ဆက်ကပြပါမည် ' လို့များ မကြေညာလိုက်နဲ့။ အဲဒီနေ့ နေ့ခင်း သို့မဟုတ် ညနေခင်းမှာ ငတူးတစ်ယောက် ကျုပ်ရှေ့မှာ ရစ်သီရစ်သီနဲ့ ရောက်လာပြီ။ မယောင်မလည်နဲ့ ဝင်ထိုင်ပြီ။ သူ့ပြောတာလိုလို၊ ကိုယ့်ပြောတာလိုလိုနဲ့ မဟတဟ ပွင့်ပြီ။ နားငြီးအောင် လုပ်ပြီ။
' ကိုကျော်ဝင်းကြီးတစ်ယောက် နေမှကောင်းရဲ့လား မသိဘူးနော် ' တဲ့။
( ရောဂါနံပါတ် ၉၇၊ စာမျက်နှာ ၆၆ မှ )
၃။ ခင်ခင်ထူး
အညာဆန်လှေကြီး( မဟေသီ မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၇ )၊ အမေနှင့် စျေးသည်များ( မြန်မာ့ဓန မဂ္ဂဇင်း၊ မတ် ၂၀၀၃ )၊ ကျူး ( ရွှေအမြုတေ မဂ္ဂဇင်း၊ အမှတ် ၁၀၀၊ မတ် ၁၉၉၈ )
'' ဧရာဝတီကတော့ လှိုင်းကြက်ခွပ်ကလေးတွေ ထနေလေရဲ့။ သစ်ရွက်ကလေးတွေ လှုပ်နေကြလေရဲ့။
တသွေးသွေးတိုက်ခတ်လာတဲ့ မြစ်လေဟာ ရပ်ကွက်ကလေးထဲကို လွတ်လွတ်လပ်လပ် တန်းတန်းမတ်မတ်ကြီး ဝင်သွားတယ်။ ပြီးတော့ ဝါးလုံးထိပ်ဖျားက ကြွပ်ကြွပ်အိတ်ကလေးတွေကို တဖျပ်ဖျပ်မြည်အောင် ခါပစ်လိုက်သေးတယ်။ ကြွပ်ကြွပ်အိတ် လေတိုးသံဟာ ရပ်ကွက်ကလေးကို လွှမ်းမိုးသွားတယ်။ မြစ်လေက လည်း တသွေးသွေး။ ကြွပ်ကြွပ်အိတ်ကလေးတွေကလည်း တဖျန်းဖျန်းမြည်လို့။ ဒါပါပဲ။ အသံဆိုလို့ သေသေချာချာ နားထောင်မှ ဒါပဲရှိတော့တာလေ။
အခုတော့လည်း ရပ်ကွက်ကလေးဟာ တကယ့်ကိုပဲ ဆိတ်ငြိမ်သွားတယ်။ ငြိမ်လိုက်သမှ တုတ်တုတ်တောင် မလှုပ်ဘူး။ ''
( ကျူး၊ စာမျက်နှာ ၁၀၇ နှင့် ၁၀၈ မှ )
'' ထိုသုံးဦး ဤကိုးပုဒ် '' ဝတ္ထုအစီအစဉ်တွင်ပါရှိသော
ဆရာမ နုနုရည်အင်းဝ၊ ဆရာဝင်းစည်သူ နှင့်
ဆရာမ ခင်ခင်ထူးတို့၏ ဝတ္ထုတိုအရေးအသားတို့မှာ ခေတ်ပုံရိပ်တို့ကို တစ်နည်းတစ်ဖုံခြယ်မှုန်းထားကြသည့် ဝတ္ထုတိုလက်ရာများဖြစ်ပြီး '' ဘဝရှုခင်း၊ ခေတ်ရှုခင်း '' ဟူသော ရွေးချယ်စုစည်းမှုနှင့် လိုက်ဖက်ညီသော
အရေးအသားများဟု ခံစားမိပါသည်။
မိုးမင်းသိမ်း
၂၃ စက်တင်ဘာ ၂၀၂၀
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845