အမိုက်စား စာအုပ်လေးတစ်အုပ်ဖတ်မိတယ်ဗျ။ စာအုပ်စီစဉ်ပုံလေး သဘောမကျစရာကောင်းတာကလွဲလို့ အတော်မိုက်တဲ့ စာအုပ်လို့ ဆိုပါရစေ။
ကြိုက်တဲ့အကြောင်းထက် မကြိုက်တာလေးတွေ အရင်စပြောပါရစေ။ အဖုံးက စာရေးသူနာမည်မှာ အဓိက စာရေးဆရာနှစ်ယောက်ဖြစ်တဲ့ နေသန်နဲ့ ရေအေးကို အရင်မရေးထားဘဲ မူရင်းစာရေးဆရာနှစ်ယောက်ရဲ့နာမည်ဖြစ်တဲ့ Sarah Hall နဲ့ Nathan Englander တို့ကို ရှေ့မှာရေးထားတယ်။ စာရေးဆရာနာမည်နဲ့ စာအုပ်ရှာတဲ့အခါ ဒါမျိုးက တကယ့်ကို အခက်တွေ့စေပါတယ်။
နောက်တစ်ခုက မာတိကာမှာ ဘယ်သူက ဘယ်အပုဒ်ဆိုတာ ထည့်မရေးထားတာပါပဲ။ ပထမဆုံးအပုဒ်ဆိုရင် အပုဒ်ဆုံးပြီးမှ ရေးသူနာမည် ပါတော့တာ။
အဲဒီအပုဒ်မစခင်မှာလည်း စာရေးဆရာပုံနဲ့ သူ့ကိုယ်ရေးလို့ခေါ်ရမလား အကျဉ်းလေး ရေးထားတယ်။ ခက်တာက နာမည်မပါလာတော့ ကျွန်တော်တို့က ရုပ်ကြည့်ပြီး ဘယ်သူဆိုတာ သိနေရမလိုလိုပေါ့။
နောက် မကြိုက်ဆုံးက သူ(မ) ဆိုပြီး သုံးထားတာတွေ။ မြန်မာစကားမှာ သူမ မရှိတာ လက်ခံပါတယ်။ သူသုံးတဲ့အခါ အထီးမှန်းအမမှန်း မကွဲတော့ (မ) ထည့်ရပါတယ်။ ကွင်းစကွင်းပိတ်နဲ့ (မ)တွေဟာ ဖတ်ရတဲ့တောက်လျှောက်မှာ တော်တော်စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ သတ္တိရှိရှိ သူမလို့ သုံးလိုက်သင့်ပါတယ်။
မကြိုက်တာတွေ ပြောပြီး ကြိုက်တာတွေ ပြောရရင် ငါးပုဒ်လုံးကိုကြိုက်ပါတယ်။
အမှာစာလိုမျိုး `အသွင်ပြောင်းလဲတတ်သော ၀တ္ထုများ´ ကို ဖယ်လိုက်ရင် စုစုပေါင်း ငါးပုဒ်ရှိပါတယ်။ အမှာစာမှာ ငါးပုဒ်လုံးဖတ်ပြီးမှ အမှာစာဖတ်ဖို့ တိုက်တွန်းပါတယ်တဲ့။ ဟုတ်ကဲ့။ ကျွန်တော်လည်း လိုက်နာပါတယ်။ ပန်ဒိုရာကဗျာစာအုပ်တုန်းက အမှာစာ စဖတ်မိလို့ ငါးပါးမှောက်ပြီးသွားပြီလေ။
အမှာစာကိုနေသန်က ရေးထားတာပါ။
ပထမအပုဒ်က ရေအေးရေးတဲ့ `မောင်မောင့်ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်´တဲ့။
၀တ္ထုမစခင် ခုနပြောတဲ့အတိုင်း နာမည်မပါတဲ့ သူ့ပုံနဲ့ သူ့အကြောင်းလေးပေါ့။ အစအဆုံး တစ်ထိုင်တည်း ဖတ်ဖြစ်အောင် ကောင်းပါတယ်။ အရေးအသားသွက်ပြီး ဆွဲခေါ်သွားတာ နောက်ဆုံးအထိပါပဲ။
ဒုတိယအပုဒ်က မမြေခွေးတဲ့။ မူရင်းစာရေးဆရာမ Sarah Hall ရဲ့ Mrs. Fox ကို နေသန်က မြန်မာပြန်ထားတာပါ။ စိတ်ပျက်စရာကောင်းတဲ့အခြေအနေကို ချစ်စရာကောင်းအောင် ရေးတတ်တာ စာရေးတဲ့ပညာပဲလား မသိဘူး။ ဒါပေမဲ့ ဖတ်ပြီးတဲ့အခါ ကြည်နူးပြီး ကျန်ခဲ့တာ အမှန်ပါ။
တတိယအပုဒ်က နေသန်ရဲ့ `အသွင်ပြောင်းလဲခြင်း´။ ကျွန်တော့်အတွက်တော့ ဒီအပုဒ်ဟာ အမိုက်ဆုံးလို့ ဆိုပါရစေ။
စတုတ္တအပုဒ်ကတော့ နေသန်ရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်။ ဒါလည်း ကောင်းတာပဲ။ ဘာသာစကားကပေးတဲ့ ပြစ်ဒဏ်။ ဖတ်ကြည့်ရင်း အသည်းယားကျိကျိ။
ကျွန်တော့်အတွက် မြန်မာ၀တ္ထု သုံးပုဒ်က အကောင်းဆုံး။ ဘာသာပြန်၀တ္ထုကို ဘာလို့ ကြားထဲညှပ်ထားရတယ်မသိ။
နောက်ဆုံးအပုဒ်က `ကိုယ်တို့တွေ အန်းန်ဖရန့်ခ်အကြောင်း ပြောကြတဲ့အခါ ပြောဖြစ်တာတွေက´။ ဒီခေါင်းစဉ်မျိုး ကြားဖူးတယ်မဟုတ်လား။ မြင့်သန်းရဲ့ `တို့များအချစ်အကြောင်းပြောကြတဲ့အခါ . . . . ´
ရေမွန်ကာဗာရဲ့ `What we talk about When we Talk about Love´ လေ။ အဲဒီအပုဒ်ထက် ဒီအပုဒ်ကို ပိုကြိုက်တယ်လို့ ပြောချင်ပါတယ်။ `တို့များအချစ်အကြောင်း . . . . ´တုန်းက ဆရာမြင့်သန်း ဘာသာပြန်ကြောင့်ပဲလားမသိ၊ ဖတ်ရတာအဆင်မပြေပေမဲ့ ဒီအပုဒ်`ကိုယ်တို့တွေ အန်းန်ဖရန့်ခ်အကြောင်း ပြောကြတဲ့အခါ ပြောဖြစ်တာတွေက´က တော်တော်လေး အဆင်ပြေပါတယ်။ ဒီအပုဒ်ကလည်း ဘာသာပြန်ပါပဲ။ မူရင်းစာရေးဆရာ Nathan Englander ရဲ့ What we talk about When we Talk about Anne Frank ကို နေသန်က ပြန်ထားတာပါ။ ဂျူးစုံတွဲ နှစ်တွဲရဲ့ လက်ရှိခံစားချက်တွေကို ပေါ်အောင် ရေးထားပါတယ်။
ဒီအပုဒ်ကို ဖတ်ပြီးတော့ ကျွန်တော်စဉ်းစားမိတာတစ်ခုကတော့ ကျွန်တော့်သားအရွယ်ရောက်တဲ့အခါ ဒီစာအုပ်ထဲကလိုပဲ သူဖွက်ထားတဲ့ ဝိတွေခိုးပြီး သူငယ်ချင်းတွေနဲ့ ဟိုက်မယ်။ အဲဒီအချိန်မှာတော့ Anne Frank အကြောင်း မပြောကြေး၊ မတွေးကြေးပေါ့။
နောက်ဆုံးကတော့ အမေး နေသန်နဲ့ အဖြေရေအေးတို့ရဲ့ အင်တာဗျူး။ အမှန်အတိုင်းပြောရရင် အင်တာဗျူးတွေကို ကျွန်တော်စိတ်၀င်စားလေ့မရှိဘူး။ စာရေးတဲ့သူက ဘာကောင်ကြီးဖြစ်နေနေ သူတို့ပုဂ္ဂိုလ်ရေးတွေ၊ အမြင်တွေ၊ ခံယူချက်တွေအပေါ်မှာ ကျွန်တော်အာရုံမထားဘူး။ စာနဲ့ လူနဲ့ မတွဲချင်ဘူး။ ဒါပေမဲ့ ကျွန်တော်ဖတ်မိလိုက်ပါတယ်။ လက်ထဲရောက်နေမှတော့ တန်အောင်ပေါ့။ ဒါနဲ့ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။
အားလုံးပြီးမှ အမှာစာ ပြန်ဖတ်ပါတယ်။ ဟုတ်ပါတယ်။ သူပြောတဲ့အတိုင်း အမှာစာကို နောက်ဆုံးမှ ဖတ်တာ အကောင်းဆုံးပါ။
အမှာစာမဖတ်ခင်ကတည်းက ကျွန်တော်သတိထားမိလိုက်တာ ဒီ၀တ္ထုငါးပုဒ်လုံးမှာ ဘုံတူနေတဲ့အချက်တစ်ခုရှိနေပါတယ်။ ဘာလဲလို့မေးရင် ကျွန်တော်မဖြေတတ်ပါဘူး။
ဘာသာပြန်၀တ္ထုနှစ်ပုဒ်ဟာ သူ့နည်းသူ့ဟန်ကောင်းပေမဲ့ ဖတ်ရတာ အရှိန်ပျက်တာမို့ မြန်မာ၀တ္ထုတွေ အရင်ဖတ်ပြီးမှ ဘာသာပြန်ကို ဖတ်တာ ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်။
------------
#NMPK