ဆရာဇော်ဇော်အောင်ဟာ မြန်မာမော်ဒန်ဝတ္ထုတိုများကို စတင် ဦးဆောင်ကာ ဖန်တီးရေးသားသူများထဲက တစ်ယောက်ဖြစ်ပါတယ်။ ယခုစာအုပ်ထဲမှာ သူရေးသားခဲ့ သမျှ ဝတ္ထုတိုနဲ့ ဝတ္ထုအက်ဆေးများ အားလုံး(နီးပါး) ပါဝင်ပြီး စုစုပေါင်း ၁၃၅ ပုဒ် တိတိ ထည့်သွင်းဖော်ပြ ထားပါတယ်။ ပထမဆုံး မြန်မာမော်ဒန်ဝတ္ထုတိုတွေ အဖြစ် ထင်ရှားသော "မိုးရေထဲက ကံ့ကော်ပင်လွမ်းချင်း'' နဲ့ ''နေယျဒေါသ'' အမည်ရှိ ရှားရှားပါးပါး ဝတ္ထုတိုများ လည်းပါဝင်ပါတယ်။
ယခုစာအုပ်မှာ ဆရာမောင်မိုးသူ၊ ဆရာသစ္စာနီ၊ ဆရာမြတ်သစ် တို့က အမှာစာများ ရေးသားပေးထားကြပါတယ်။ စာအုပ် အရွယ်အစားမှာ ၈ ချိုးဆိုဒ်ကြီး ဖြစ်ကာ စာမျက်နှာ ၅၀၀ ကျော် ပါ၀င်တယ်လို့ သိရပါတယ်။ မျက်နှာဖုံးဓါတ်ပုံမှာ ငြိမ်းအေးအိမ်ဖြစ်ပြီး မျက်နှာဖုံးဒီဇိုင်းကိုတော့ စိုးမင်းအောင် က ဖန်တီးပုံဖော် ပေးထားပါတယ်။
------------------------------------
တစ်ခါတုန်းက မခင်ပျို၏ထဘီအနားခတ်လိုက်ပုံသည် ကျွန်တော်၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာဖြစ်သည်။ တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်း နှလုံးပြန်လာပါသည်။ အခုတော့ မခင်ပျိုနေ၀င်တော့မည် ထင်ပါသည်။ သွားကြစို့ သွားကြစို့ မခင်ပျို။ တစ်ယောက်တစ်လမ်းစီ ဆိုပေမယ့် ဆုံရဦးမှာသေချာပါသည်။
(ယုဇနမခင်ပျို ဝတ္ထုမှ --)
------------------------------------
ကြာခဲ့ပြီ။
ကြာခဲ့ပြီအချစ်ရယ် . . .
အနှစ်နှစ်ဆယ်သည် လျင်မြန်စွာ ပျံသန်းလာခဲ့၏။ အသည်းနှလုံးသည် အပိုင်းအစပေါင်း နှစ်ဆယ်တိတိ ကွဲအက်ပြတ်ကြွေ ပြီးသောအခါ ပြီးသည့်နောက်တွင် မူကား ရယ်မောသံသည် သွေ့ခြောက် တွန့်လိမ်အက်ကွဲ၍ အဓိပတိလမ်း၏ဘေး ဖုန်မှုန့်များထဲတွင် လဲလျောင်းနေသည်။ ထိုနေရာတွင် ကမ္ဘာတည်သရွေ့ရှိနေလိမ့်မည်။ နောင် အနှစ်တစ်သန်း ကြာသောအခါ သိပ္ပံပညာရှင်များ၊ သုတေသီများသည် အမှတ်မထင် တူးဖော် ရရှိလိုက်ကြသော ရယ်မောသံ ကျောက်ဖြစ်ရုပ်ကြွင်းကို စားပွဲပေါ်တင်၍ စာတမ်းဖတ်ကြလိမ့်မည်။ ထိုအခါ မသေသောအချစ်သည် သူ့အကြောင်း တစ်စွန်းတစ်စ တစ်ပါဒမျှ မပါဝင်သော သုတေသနစာတမ်းကို နားထောင်၍ ပြုံးနေလိမ့်မည်။ ထိုအပြုံးသည် မိုက်မဲသော အရှက်မရှိသော သစ္စာမရှိသော သစ္စာတရားကို တိတ်ဆိတ်စွာ ငေါက်ငမ်းနေပေလိမ့်မည်။
(သစ္စာပျက်မှတ်တမ်း ဝတ္ထုမှ --)
---------------------------------------
ရန်ကုန်လမ်းမများ
Publisher Name: ရန်ကုန်လမ်းမများ
Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904
Publisher Phone Number: Ph-095077348,0931865904