#အဖြူကိုမည်သူအနက်ဆိုးသနည်း
(၁၉၇၆ခုနှစ် ၊ အမျိုးသားစာပေဆုရ)
====================#မင်းကျော်
ကျွန်တော်ငယ်ငယ် ကလေးဘဝက လူကြောက်တတ်ပေမယ့် စိတ်ကတော့ ဆူပွက်လွယ်တယ်။ ဝမ်းနည်းလွယ်တယ်။ အလိုလိုက်တတ်တဲ့ လူကြီးမိဘတွေအားကိုးနဲ့ ခံစားလွယ်တတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ကိုယ်ကိုယ်တိုင်က အဟုတ်ကြီးထင်ခဲ့မိတာတွေရှိတယ်။ ဘယ်လောက်အထိ ဆူလွယ် ကောက်လွယ်သလဲဆို အဖေ အမေက အလိုမလိုက်လို့ စိတ်ဆိုးလာတဲ့အခါ အိမ်ပေါ်ကနေဆင်းသွားဖို့အထိ အတွေးတွေ ခေါင်းထဲဝင်လာဖူးတယ်။ အဲ့ဒီအချိန်တွေတုန်းက ကိုယ့်အသက်က ဆယ်နှစ်၊ ဆယ့်တစ်နှစ်။ ဘယ်ကိုသွားမှာလဲ၊ ဘာသွားလုပ်မှာလဲ မစဉ်းစားတတ်ဘူး၊ အိမ်ကထွက်သွားချင်တာပဲသိတယ်။ တစ်ခါတလေဆို လိုတာမရလို့ ကောက်ကွေးနေရတဲ့အထဲ အိမ်က အလိုမလိုက်တဲ့အပြင် ထပ်ပြီးသမတာခံလိုက်ရတဲ့အခါ ဝမ်းနည်းပက်လက်အဆင့်ကနေ ယူကြုံးမရအဆင့်အထိ ပြင်းထန်လာပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ဆုံးဖြတ်လိုက်တယ်။
ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုတာကို မတွေ့ဖူး မကြုံဖူးပေမယ့်လည်း ကြည့်ဖူး ကြားဖူးတဲ့ ရုပ်ရှင်တွေ၊ ပြဇာတ်တွေထဲက အသံတွေ အရုပ်တွေက အာရုံမှာ ပေါ်လာတယ်။ အဲ့ဒီအချိန်မှာ အဖေ့ဓားမကြီးကိုကြည့်လိုက်၊ အမေ့ကတ်ကြေးကြီးကိုကြည့်လိုက်နဲ့ပေါ့။ ပြီးတော့လည်း သတ္တိခဲကျွန်တော့်မှာ ပေါက်ကွဲရတာ၊ ကြေကွဲရတာမောလာတယ်။ အမေလည်း လာချော့မယ့်ပုံမပေါ်၊ အဖေလည်း လာဖျောင်းဖျမယ့်ပုံ မပေါ်တဲ့အခိုက်မှာ ကတ်ကြေးကြည့်လိုက်၊ ဓားမကြည့်လိုက်လုပ်နေရတဲ့ မျတ်လုံးတွေဟာလည်း ညောင်းညာလာတယ်။ ဒီလိုနဲ့ ဒေါသအမျက်ချောင်းချောင်းထွက်သမျှကို အပြီးသတ်ဖြေရှင်းဖို့အတွက် သင့်တော်ရာနေရာမှာ လိုအပ်သလို လျောင်းစက်ရင်း အိပ်မက်ထဲမှာသာ ဓားခုတ်တမ်းကစားနေလိုက်ရတယ်။ အချိန်တန်ရင် အမေလာနှိုးမည်။ စားစရာတစ်ခုခုကျွေးလိမ့်မည်။ ဒီလိုဆိုရင်ပဲ တင်းထားသမျှလည်း ပြေပျောက်ပြီ။
ဒီနေရာမှာ ပြောချင်တာက ကလေးသဘာဝဆိုတာ စိတ်ခံစားချက်ရဲ့ ခေါ်ဆောင်ရာကိုလိုက်ပြီး ထင်ရာလုပ်ပစ်ချင်တတ်တဲ့သဘောရှိတယ်ဆိုတာကိုပါ။ ကိုယ်ဖြစ်ချင်နေတာနဲ့ ကိုယ်ကြံစည်လိုက်တာဟာ အပ်စပ်သလား မအပ်စပ်သလား မတွေးတတ်ဘူး။ မဆင်ခြင် မသုံးသပ်တတ်ဘူး။
အခုချိန်ပြန်တွေးရင် ကလေးဘဝတုန်းက အာရုံတွေဟာ ရယ်စရာဖြစ်နေပေမယ့် အဲ့ဒီအရွယ်၊ အဲ့ဒီအချိန်တွေမှာ စိတ်ဟာ အလွန်ဆူပွက်လွယ်၊ အလွန်ထိခိုက်လွယ်နေခဲ့တာတော့ အမှန်တကယ်ပါပဲ။ ကလေးဘဝမှာ ဒီလို ဆူလွယ် နပ်လွယ် အဖြစ်မျိုးကို အတော်များများလည်း ကြုံဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဘာကြောင့် စိတ်က ဆူပွက်လွယ်တာလဲ။ ဘာကြောင့် စိတ်က ထိခိုက်လွယ်တတ်ကြသလဲ။ အဖြူထည်ဘဝမှာ သူတို့သိချင်နေတဲ့မေးခွန်းတွေအတွက် သူတို့ကိုယ်တိုင်က မေးခွန်းမထုတ်တတ်ကြသေးလို့ သူတို့စိတ်နဲ့သူတို့ပင်လျင် အဆင်မပြေချင်ဖြစ်နေတာသည်လည်း ကလေးသူငယ်ပြဿနာရဲ့ အခြေခံ အကြောင်းအရင်းထဲက တစ်ချက်ပဲလို့ ကျွန်တော်ကတော့ တွေးမိတယ်။ ဒီအခြေခံအချက်ကိုမှ ပတ်ဝန်းကျင်က အလေးထားရကောင်းမှန်း မသိတဲ့အခါမှာ ပြဿနာဟာ ပိုကြီးလာတယ်။
မိဘလက်ပေါ်ကနေဆင်းကာစမှာပဲ လူ့ပတ်ဝန်းကျင်ရဲ့ အာရုံမျိုးစုံဟာ အတွေ့အကြုံမရှိသေးတဲ့ အဖြူထည်တွေအပေါ်မှာ စတင်သက်ရောက်လာတယ်။ ဒီသက်ရောက်မှုတွေကြောင့် အဖြူထည်တွေအတွက် ခံစားချက်အသစ်အဆန်းတွေဟာ ဘဝမှာစတင်လာတယ်။ ဥပမာ - ရှက်ခြင်း၊ ကြောက်ခြင်း၊ သိမ်ငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း။ ဒီလိုခံစားရတဲ့အခြေအနေတွေကို အဆင်ပြေအောင် ဘယ်လိုတန်ပြန်ရမှန်းမသိခြင်းဟာ အဖြူထည်တွေရဲ့ ပြဿနာဖြစ်လာတယ်။
လူကြီးတွေအတွက် ကျင့်သားရပြီးသား လူ့လောကအဖြစ်အပျက် အသေးလေးတွေဟာ သူတို့အတွက်ကျတော့ မဖြေရှင်းတတ်တဲ့ ပြသနာတွေပဲ။ ဒီအချိန်မှာ မိဘ ဆရာ လုပ်သူတွေက နည်းပေး လမ်းပြအနေနဲ့ ထိန်းကြောင်းသွန်သင်မှုမရှိ/မတတ်တဲ့အခါ (သို့မဟုတ်) သူကျင်လည်ရာ ပတ်ဝန်းကျင်မှာ အမှားသရုပ်ပြတွေချည်း များလာတဲ့အခါ ထွန်းတောက်လာမယ့် စိန်ပွင့်တွေအစား ရှက်စိတ်၊ ကြောက်စိတ်၊ အရိုင်းစိတ်တွေသာများနေတဲ့ ကျောက်ရိုင်းတုံးတွေဖြစ်လာပါတော့တယ်။
ဆရာမင်းကျော်ရဲ့ အဖြူကို မည်သူအနက်ဆိုးသနည်း ဆိုတဲ့စာအုပ်ဟာ အဲ့ဒီကျောက်ရိုင်းတုံးတွေရဲ့ အကြောင်းပါပဲ။ အဖြူထည်ဘဝကနေ ကျောက်ရိုင်းတုန်းဘဝကို ဘယ်လိုရောက်သွားသလဲဆိုတာကို စာရေးသူက ပြောပြထားတယ်။ ဘာကြောင့်ရောက်သွားတယ်၊ ဘယ်သူ့ကြောင့်ရောက်သွားတယ်ဆိုတာကိုတော့ စာဖတ်သူကပဲ ခေါင်းသုံးပြီး စဉ်းစားရမှာပါ။ ဒီစာအုပ်ဟာ စာဖတ်သူကို အဖြေထုတ်ပေးမှာမျိုးမဟုတ်ပဲ ဇာတ်လမ်းတစ်ပုဒ်ဆုံးတိုင်း မေးခွန်းတစ်မျိုးတည်းကိုပဲ ထပ်ကာ ထပ်ကာ မေးနေပါလိမ့်မယ်။ အဲ့ဒီမေးခွန်းကတော့ အဖြူကို မည်သူအနက်ဆိုးသနည်း .. ဆိုတဲ့ မေးခွန်းပါပဲ။
၁၉၇၅ခုနှစ်ဝန်းကျင်က သရက်မြို့ လူငယ်ပြုပြင်ရေးသင်တန်းကျောင်း၊ အရင်အခေါ် သရက် ကလေးထောင်က ရင်နာစရာ ဖြစ်ရပ်မှန်ဇာတ်လမ်း ၁၁ပုဒ်ကို ဒီစာအုပ်မှာ ဖတ်ရပါလိမ့်မယ်။ ကလေးတွေ လူသတ်၊ ခိုးဝှက်ပြီး ထောင်ကျသွားတဲ့ ဇာတ်လမ်းတွေပေါ့။ နှစ်လောင်းပြိုင်သတ်တာ၊ အဖေအရင်းကို ပြန်သတ်မိတာအပြင် ကလေးတစ်ယောက်အနေနဲ့ စစ်တန်းလျားက လက်နက်ကို ဝင်ခိုးတာအထိ ဇာတ်လမ်းတွေကတော့ စုံပါတယ်။ ကျွန်တော်ကတော့ ဇာတ်လမ်း ၁၁ပုဒ်ကိုဖတ်ပြီးတော့ နိဂုံးပိုင်းက ဆရာမင်းကျော်ရဲ့ သုံးသပ်ဆွေးနွေးချက်တွေကို တဆက်တည်းဖတ်ရတဲ့အချိန်မှာ ကြက်သီးတွေပါ ထမိပါတယ်။
ဇာတ်လမ်းထဲက ကလေးတွေအားလုံးကတော့ သူတို့အကြောင်းကို ဖတ်ပြီးသွားတိုင်း စာဖတ်သူကို မေးခွန်းတစ်မျိုးတည်းကိုပဲ ထပ်ကာ ထပ်ကာ မေးနေပါလိမ့်မယ်။ ၁၉၇၆ခုနှစ် စာအုပ်ပထမဦးဆုံး ထုတ်ဝေချိန်ကတည်းက သူတို့တွေ ဒီမေးခွန်းကို မေးနေခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်က ဒီကလေးတွေ ကျေနပ်လောက်တဲ့အဖြေကို ပေးနိုင်ကြရဲ့လားဆိုတာ ဒီကနေ့အချိန်ထိ ကျွန်တော်သေချာမသိပါဘူး။ ကျွန်တော်သေချာပြောနိုင်တာကတော့ ၁၉၇၆ခုနှစ်က ဆရာမင်းကျော် မိတ်ဆက်ပေးခဲ့တဲ့ ဒေါင်းညို၊ စံဦး၊ မြထွန်းဦး စတဲ့ သရက်ထောင်ထဲက ကလေးတစ်သိုက်ရဲ့ဘဝတွေဟာ ဒီကနေ့အချိန်ထိ အသက်ရှင်နေတုန်းဘဲ ဆိုတာကိုပါ..။
Nyein Zaw Oo
7april2019
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845